Lifestyle: ဆေးလိပ် ဘယ်လိုဖြတ်မလဲ

, updated

သင်ဟာဆေးလိပ်ကို ဖြတ်ဖို့ ကြိုးစားနေပြီဆိုရင် ဒါတွေနဲ့ အရင်စမ်းသပ် လုပ်ဆောင်ကြည့်လိုက်ပါ။

သင်ဆေးလိပ်သောက်နေတဲ့ သက်တမ်းအတွင်းမှာ ဆေးလိပ်ဖြတ်ဖို့ ဘယ်နှကြိမ်လောက် ကြိုးစားဖူးပါသလဲ။ ဆေးလိပ်သောက်တဲ့ကာလ နှစ်နဲ့ချီပြီးကြာမြင့်နေသူတွေအတွက် ဆေးလိပ်ဖြတ်ဖို့ အနည်းဆုံးတစ်ကြိမ်တော့ ကြိုးပမ်းဖူးကြပါလိမ့်မယ်။ ကဲ ဟုတ်ပါပြီ။ ဆေးလိပ်ဖြတ်တဲ့အလုပ်ဟာ တကယ်တော့လူအများစုအတွက် မလွယ်လှပါဘူး။ ဘာကြောင့်ပါလဲ။

play

 

ဆေးလိပ်ကပေးတဲ့ နီကိုတင်းဓါတ်ဟာ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်း စွဲလမ်းမှု ဖြစ်စေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ လိုချင်တောင့်တမှုသာ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေကပါ နီကိုတင်းဓါတ်ကို တောင်းဆိုနေတာကြောင့် ဖြတ်ဖို့ ခဲယဉ်းလှတာဖြစ်ပါတယ်။ တကယ်ဆေးလိပ်ဖြတ်ဖို့ စဉ်းစားနေရင်တော့ အောက်မှာပြောပြမယ့် နည်းလမ်းလေးတွေ လိုက်လုပ်ကြည့်ပါ။ ဒီနည်းလမ်းနဲ့ အောင်မြင်ခဲ့သူတွေလည်း များစွာရှိပါတယ်။

အရင်ဆုံးကိုယ့်ကိုကိုယ် မေးခွန်းတွေပြန်မေးကြည့်လိုက်ပါ။

  • ဆေးလိပ်ဟာ ကိုယ့်အတွက် ဘာကောင်းကျိုးပြုလဲ။
  • ဆေးလိပ်ဟာ နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ အရာမျိုးလား။
  • ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်လို့ အကျိုးခံစားရတဲ့သူ ဘယ်နှယောက်ရှိသလဲ။
  • ဆေးလိပ်သောက်တာ ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူပြုပါသလား။

စသဖြင့် မေးခွန်းတွေမေးနိုင်ပြီး အကယ်လို့များ မေးခွန်းတွေအားလုံးကို No လို့သင်ဖြေခဲ့မယ်ဆိုရင်တော့ ဒါဟာ ဆေးလိပ်ဖြတ်ဖို့ အချိန်ရောက်ပြီဆိုတာ သေချာစေတဲ့ အချက်ပါပဲ။ ကဲဘယ်လို ဖြတ်မလဲ ကြည့်ကြရအောင်ပါ။ စတင်ခြင်းဆိုတော့ အင်္ဂလိပ်လိုဆို START လို့ဆိုနိုင်ပါတယ်။ START နဲ့စလိုက်ရအောင်ပါ။

START

S – ပထမဆုံး S စာလုံးကို Set လို့သဘောထားလိုက်ပါ။ ဆေးလိပ်ဖြတ်ဖို့ ပြင်ဆင်ရပြီပေါ့။ သင့်အတွက် အကောင်းဆုံး ရက်ကို ရွေးပါ။ နောက်နှစ်ပတ်လောက်အထိ အေးအေးဆေးဆေးဖြစ်မယ် ရက်ကိုရွေးပါ။ စိတ်ကယောင်ချောက်ခြားမဖြစ်ဖို့ အလုပ်သိပ်မရှုပ်တဲ့နေ့ကိုစပြီး ရွေးထားပါ။

T – T ကတော Tell ပေါ့။ Tell ဆိုတော့ ဆေးလိပ်ဖြတ်တဲ့အကြောင်း သင့်မိသားစု သူငယ်ချင်းတွေကို ပြောပြလိုက်ပါ။ ဒါသင့်အတွက် တွန်းအားတစ်ခုလည်း ဖြစ်စေပါတယ်။ အနည်းဆုံးတော့ သူတို့ရှိနေချိန်မှာ သင်ဆေးလိပ်ပြန်သောက်မယ့် အစီအစဉ် ပျက်သွားနိုင်တယ်လေ။ ဒါမှ သူတို့ကလည်း သင့်ကို အားပေးကူညီလို့ ရမှာပေါ့။

A – A ကတော့ Anticipate လို့မှတ်ထားလိုက်ပါ။ ကြိုမျှော်လင့်ထားပေါ့။ ဘာကိုမျှော်လင့်ရမလဲ ဆိုတော့ စိန်ခေါ်မှုတွေပါ။ ဆေးလိပ်ဖြတ်နေတဲ့ အချိန် စိန်ခေါ်မှုတွေ မလွဲမသွေရှိလာမှာပါ။ ဆေးလိပ်ပြန်သောက်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ တွန်းပို့မှုတွေ ရှိလာပါလိမ့်မယ်။ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားနိုင်မလဲပေါ့။ သင့်အသွေးအသားထဲက နီကိုတင်းဓါတ် ပြင်းပြင်းထန်ထန်တောင့်တမှုကို ကျော်လွှားဖို့လည်း စဉ်းစားထားပါ။

R – R ကတော့ Remove လို့မှတ်ထားလိုက်ပါ။ သင် Remove လုပ်ရပါမယ်။ ဘာတွေကို Remove လုပ်ရမလဲဆိုတော့ သင့်အိမ်၊ ကား၊ အလုပ်မှာရှိတဲ့ ဆေးလိပ်နဲ့ပတ်သတ်တဲ့အရာမှန်သမျှကို Remove လုပ်ရပါမယ်။ မီးခြစ်၊ ဆေးလိပ်ဘူး၊ ဆေးလိပ်နံ့စွဲနေ(တယ်လို့ ထင်ရ) တဲ့အဝတ်အစားတွေဆိုရင်လည်း အနံ့ပျောက်သွားအောင် လျှော်ပစ်လိုက်ပါ။ အိမ်မှာလုံးဝမထားတော့ရင်လည်းရပါတယ်။ ဆေးလိပ်ပြာခွက်လည်း လွှင့်ပစ်ဖို့ မမေ့ပါနဲ့ဦး။

T - နောက်ထပ် T တစ်လုံးလာပြန်ပါပြီ။ ဒီ T ကတော့ Talk ဖြစ်ပါတယ်။ သင့်ဆရာဝန်ဆီသွားပြီး သင့်ရဲ့အခြေအနေကို ပြောပြပါ။ အကူအညီ လိုအပ်ရင် ရယူပါ။ nicotine patch လို့ခေါ်တဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လက်မှာကပ်ရတဲ့ ပလာစတာရှိပါတယ်။ သာမန်ဆေးဆိုင်တွေမှာလည်း ဝယ်ယူရနိုင်ပါတယ်။

ဒါတွေက ဆေးလိပ်ဖြတ်တဲ့အခါ လိုအပ်တဲ့ အခြေခံအဆင့်တွေပါ။ နောက်ထပ် လိုက်နာသင့်တာတွေကတော့ ဆေးလိပ်ဖြတ်နေတဲ့ ကာလအတွင်း(ခန့်မှန်းခြေ တစ်လမှ နှစ်လ) လောက်အထိ အရက်ဘီယာ၊ လုံးဝမသောက် ရင်ကောင်းပါတယ်။ လဘက်ရည်ဆိုင်ထိုင်တာလည်း တက်နိုင်သမျှ ရှောင်ပါ။

play

 

 ဒါတွေဟာနီကိုတင်းဓါတ်ကို တောင်းဆိုတဲ့ အရာတွေဖြစ်ပြီး အရက်ဆိုင်၊ လဘက်ရည်ဆိုင်မှာလည်း သင့်အနေနဲ့ ဆေးလိပ်ကို အလွယ်တကူ ပြန်သောက်နိုင်တဲ့ ပတ်ဝန်းကျင်ရှိနေလို့ ဖြစ်ပါတယ်။ ထမင်းစားပြီးတဲ့အခါလည်း ဆေးလိပ်ကို တောင့်တနေပါလိမ့်မယ်။ တခုခုနဲ့ အစားထိုးလိုက်ပါ။ ထမင်းစားပြီး အသီးစားတာတို့ သကြားလုံးစားတာမျိုးတို့နဲ့ အစားထိုးကြည့်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ