Lifestyle: ဧရာဝတီမြစ်ထဲ သင်္ဘောစီးပြီးအပျော်ခရီးထွက်ကြမယ်

အားလပ်ရက်မှာ သူများနဲ့မတူအောင် ဧရာဝတီမြစ်ထဲ အပျော်သင်္ဘောစီးပြီး အထက်မြန်မာပြည်ကို ခရီးထွက်လို့ရမယ့် နည်းလမ်းတွေ လမ်းညွှန်ပေးထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုရှိပြီး စတုရန်ကီလိုမီတာပေါင်း ၆၇၈,၅၀၀ ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံမှ အပန်းဖြေဖြစ်ဖြစ် လေ့လာရေးဖြစ်ဖြစ် ခရီးသွားချင်စရာ နေရာများစွာရှိပါတယ်။ ဒီတစ်ခေါက် အားလပ်ရပ်မှာ သင့်အနေနဲ့ အများနဲ့ မတူညီတဲ့ ခရီးသွားနေရာတစ်ခု သွားဖို့စဉ်းစားနေမယ်ဆိုရင်တော့ သိပ်စဉ်းစားစရာ မလိုတော့ဘူးလို့ အကြံပေးပါရစေ။

play

 

ဒီတစ်ခေါက် ခရီးသွား လမ်းညွှန်ချက်ထဲမှာတော့ သင့်ကိုတောင်တွေလည်းတက်ခိုင်းမှာ မဟုတ်ပါဘူး။ လေယာဉ်တွေလည်းစီးခိုင်းမှာမဟုတ်ပါဘူး။  မိုင်ပေါင်း ၁၃၄၈ မိုင်ရှည်လျားတဲ့ ဧရာဝတီမြစ်ပေါ်ကနေ ဖြတ်ပြီး သင်္ဘောစီးဖို့ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီတစ်ခေါက် အားလပ်ရက်ခရီးစဉ်က သင်္ဘောစီးရတာ ကြိုက်သူတွေအတွက်တော့ အကြိုက်ဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့အလှဆုံးမြစ်တွေထဲမှာ မြန်မာက ဧရာဝတီက ထိပ်ဆုံးက ပါဝင်ထားပါတယ်။ ဟိမဝန္တာရေခဲတောင်စွယ်တန်းတွေက တဆင့် စီးဆင်းလာပြီး အိန္ဒိယသမုဒ္ဒရာထဲ စီးဝင်သွားတဲ့ ဧရာဝတီဟာ အားလုံးသိကြတဲ့အတိုင်း မြန်မာ့သမိုင်းမှာ အရေးပါခဲ့ပြီး အသက်သွေးကြောတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဧရာဝတီကို မှီတင်းပြီး အသက်ရှင်သန်ခဲ့ကြတဲ့ မြို့ရွာပေါင်း၊ လူပေါင်း၊ တိရိစ္ဆာန်ပေါင်းလည်း မနည်းလှပါဘူး။ ဒီတစ်ခါတော့ ဧရာဝတီမြစ်ပေါ်မှာ သင်ဘယ်လိုခရီးသွားရမလဲဆိုတာလမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

ဘယ်ကစီးရမလဲ

play

 

ဧရာဝတီမြစ်ရဲ့အလှကို ခံစားဖို့ အပျော်စီးဇိမ်ခံသင်္ဘောအများစုကတော့ မန္တလေးကစတင်ထွက်ခွာကြတာ များပါတယ်။ အဲဒါကြောင့် သင်မန္တလေးက စထွက်မယ်ဆိုရင်တော့ ပိုအဆင်ပြေမှာဖြစ်ပါတယ်။ မန္တလေး-ပုဂံ၊ မန္တလေး-ကသာ စတဲ့လမ်းကြောင်းတွေကို သင်ရွေးချယ်စီးနင်းနိုင်ပါတယ်။

ဒါမှမဟုတ် ရက်ရှည်စီးနင်းချင်တယ်ဆိုရင်လည်း ပုဂံ-ရန်ကုန်အထိသွားတဲ့ ဇိမ်ခံသင်္ဘောတွေရှိပါသေးတယ်။ ဒီခရီးစဉ်တွေကိုရွေးချယ်လိုက်ရင်တော့ ရန်ကုန်နဲ့ သိပ်မဝေးလှတဲ့ ပြည်မြို့ကိုလည်း သင်ရောက်ရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ထဲ ဇိမ်ခံသင်္ဘောနဲ့ ခရီးထွက်တဲ့အခါ ရတဲ့အရသာက စာနဲ့ရေးသားလို့တင် မလုံလောက်ပါဘူး။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်မြို့တွေဖြစ်တဲ့ ပုဂံ၊ မန္တလေးစတဲ့မြို့တွေရဲ့ ရှုခင်းအလှကို မြစ်ကမ်းနံဘေးက ကြည့်ရတဲ့အရသာဟာ ဘာနဲ့မှ မလည်းနိုင်ပါဘူး။ သင့်အနေနဲ့ ပုဂံဘုရားပေါင်းများစွာကို ရောက်ဖူးချင်ရောက်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ဧရာဝတီမြစ်ထဲမှာရှိတဲ့ သင်္ဘောပေါ်ကနေ ပုဂံဘုရားတွေရှိတဲ့ မြစ်ကမ်းရှုခင်းကို လှမ်းကြည့်ရတဲ့အရသာက အရမ်းထူးခြားပါတယ်။ ဒီလိုရှုခင်းအလှတွေရှိလို့လည်း ဧရာဝတီ မြစ်အလှက ကမ္ဘာ့အလှဆုံး မြစ်တွေထဲမှာ တစ်စင်းအဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။

ဘယ်အချိန်သွားရမလဲ

play

 

မုတ်သုန်ရာသီမြန်မာနိုင်ငံက ဆုတ်ခွာသွားပြီးနောက်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလလောက်အထိ သင်အဆင်ပြေတဲ့ရက်မှာ ခရီးထွက်ဖို့ရွေးချယ်နိုင်ပါတယ်။ မြစ်ရေကျနေတဲ့အခါ သဘာအလှတွေက ပိုပြီးပိုလွင် စေတာကြောင့် ဒီကာလဟာ မြစ်ကြောင်းခရီးထွက်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ မြစ်ကြောင်းတစ်လျှောက် နေရောင်အောက်မှာ ခပ်ဝေးဝေးက တံငါလှေတွေကို တွေ့နေရတာက စက္ကူလှေတွေလို့တောင် အထင်မှားမိစေတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ဧရာဝတီမြစ်ကြောင်းခရီးသွား ဇိမ်ခံသင်္ဘောလုပ်ငန်းတွေက နိုင်ငံခြားသားတွေကို ဦးတည်ပြီးဝန်ဆောင်မှုပေးတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေစေမယ့် ဝန်ဆောင်မှုမျိုးကို သင်သေသေချာချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။

ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားချင်တယ်ဆိုရင်

play

 

ခရီးသွားဝန်ဆောင်မှုတွေက စီစဉ်ပေးထားတဲ့ package တွေကို သင်မလိုချင်ဘူးဆိုရင်လည်း တစ်ရက်တာသာ သင်္ဘောစီးတဲ့အရသာကို ယူဖို့နည်းလမ်းရှိပါသေးတယ်။ မန္တလေးကနေ ပုဂံကို ဆယ်နာရီကြာ ခရီးစဉ်ကို ရွေးချယ်နိုင်ပါသေးတယ်။ ဒီအတွက် ကန်ဒေါ်လာ ၄၀ လောက်ကျသင့်နိုင်ပါတယ်။ ဒီပြီးရင်တော့ သင်သွားချင်တဲ့ နေရာကို ဆက်သွားလို့ရနိုင်ပါပြီ။

play

 

စီအင်န်အင်န်၊ တယ်လီဂရက်ဖ် စတဲ့သတင်းဌာနတွေကလည်း ဧရာဝတီမြစ်ရဲ့ ရှုခင်းအလှဟာ လှလွန်းတဲ့အတွက် ကမ္ဘာ့အလှဆုံးရှုခင်းကို ပိုင်ဆိုင်ထားတဲ့ မြစ်တွေထဲက တစ်စင်းအပါအဝင်ဖြစ်ကြောင်း သုံသပ်ချက် ရေးထားသေးတာဖြစ်လို့ သင့်အနေနဲ့ ဒီတစ်ခေါက်အားလပ်ရက်မှာ ဧရာဝတီကို ရွေးချယ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ