Lifestyle: ခရီးသွားတုန်း နိုင်ငံကူးလက်မှတ်ပျောက်ရင် ဒါတွေသိဖို့လို

, updated

ပြည်ပနိုင်ငံတစ်ခုခုကို သင်ခရီးသွားနေတုန်း နိုင်ငံကူးလက်မှတ်ပျောက်သွားခဲ့ရင် ဒါတွေကို ဦးစားပေးပြီး လုပ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားအများစုအတွက် ဒီဘက်နောက်ပိုင်းနှစ်တွေ အားလပ်ရက်ခရီးထွက်တဲ့အခါ အိမ်နီးချင်းပြည်ပ နိုင်ငံတွေကို အသွားများလာတာတွေ့ရပါတယ်။ သက်သာလာတဲ့ လေယာဉ်လက်မှတ် ဈေးနှုန်းတွေ၊ များပြားလာတဲ့ လေကြောင်းလိုင်းတွေ၊ သွားရေးလာရေး ပိုမိုလွယ်ကူလာတာတွေကြောင့် နေ့စဉ်၊ လစဉ် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပခရီးထွက်ခွာသူတွေများလှပါတယ်။

play

 

ပြည်ပနိုင်ငံတစ်ခုခုကို ရောက်နေတဲ့အခါ ကြုံရလေ့ရှိတာက နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ပျောက်ဆုံးတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားတဲ့အခါ ပြည်ပနိုင်ငံမှာ ပြည်ပဧည့်သည်တစ်ဦးအနေနဲ့ အတော်ဒုက္ခများတက်ပါတယ်။ အစုအဖွဲ့များစွာနဲ့ သို့မဟုတ် ခရီးသွားကုမ္ပဏီတွေရဲ့ ဦးဆောင်မှုနဲ့သွားတဲ့အခါ ဒါမျိုးပြဿနာကို လွယ်လွယ်ဖြေရှင်းလို့ရပေမယ့် တစ်ကိုယ်တော်ခရီးသွားတွေ၊ သို့မဟုတ် မိမိအစီအစဉ်နဲ့ သွားလာသူတွေအတွက်တော့ အတော်အလုပ်ရှုပ်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပကို ခရီးထွက်နေတုန်း နိုင်ငံကူးလက်မှတ် ပျောက်သွားခဲ့ရင် အဆင်ပြေစေဖို့ ဘာတွေလုပ်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ မိတ္တူကူးထားခြင်း

play

 

သင့်ရဲ့ နိုင်ငံကူးလက်မှတ်ကို မိတ္တူကူးထားဖို့ အရေးကြီးပါတယ်။ ကူးထားတဲ့မိတ္တူကိုလည်း နိုင်ငံကူးလက်မှတ် နဲ့အတူမထားပဲ အခြားနေရာတစ်ခုမှာ သိမ်းထားလိုက်ရင် ပိုအစဉ်ပြေမှာပါ။ အရေးကြီးကတော့ နိုင်ငံကူးလက်မှတ် ပျောက်နေချိန်မှာ မိတ္တူရှိရင် အစဉ်ပြေမယ်ဆိုတာပါပဲ။ ဒါမှမဟုတ်လည်း နိုင်ငံကူးလက်မှတ်ကို ဓါတ်ပုံရိုက် ဖုန်းထဲမှာသိမ်းထားလိုက်ပါ။ အွန်လိုင်းပေါ်မှာ သိမ်းထားလို့လည်းရပါတယ်။ Dropbox ၊ Google Drive တို့လို အင်တာနက်မှာဖိုင်တွေသိမ်းလို့ရတဲ့ ဝန်ဆောင်မှုတွေရှိပါတယ်။ ဒါဆိုရင် ဘယ်နေရာရောက်ရောက်သင့်ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်လည်ရရှိနိုင်ပါပြီ။ တစ်ခု သတိထားဖို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ နေ့စွဲနဲ့ နိုင်လက်ကူးလက်မှတ် အမှတ်ကိုလည်း သိမ်းထားဖို့ လိုပါတယ်။

၂။ ရဲစခန်ကို ချက်ခြင်းအကြောင်းကြား

play

 

 ပြည်ပမှာ ရောက်နေတုန်း နိုင်ငံကူးလက်မှတ်ပျောက်သွားပြီဆိုတာ သိတာနဲ့ ရဲစခန်းကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ရဲစခန်းတိုင်ပြီးလို့ ချက်ခြင်းပြန်ရဖို့တော့ မသေချာပါဘူး။ ဒါပေမယ့် သင့်ရဲ့နိုင်ငံကူးလက်မှတ်ပျောက်သွားပြီ ဆိုတဲ့မှတ်တမ်းတော့ ဝင်သွားပြီဖြစ်ပါတယ်။ အဲဒီအခါ ရဲစခန်းကို တိုင်တဲ့ တိုင်ကြားစာကို သင်နဲ့သက်ဆိုင်တဲ့ မြန်မာသံရုံးဆီယူသွားရပါမယ်။ ဒီအချက်အလက်တွေ ပြည့်ပြည့်စုံစုံနဲ့ သက်ဆိုင်ရာနိုင်ငံကမြန်မာသံရုံးကို ရောက်သွားပြီဆိုရင်တော့ သင်တစ်ဝက်လောက် အဆင်ပြေသွားပြီလို့ ဆိုနိုင်ပါတယ်။

၃။ လိုင်စင်ဓါတ်ပုံတွေ ဆောင်ထား

play

 

 ရိုက်ကူးထားတဲ့ လိုင်စင်ဓါတ်ပုံတွေကို သင်နဲ့အမြဲဆောင်ထားလိုက်ပါ။ ဒါမှမဟုတ်လည်း ဓါတ်ပုံဆိုင်တစ်ဆိုင်မှာ လိုင်စင်ဓါတ်ပုံရိုက်ပြီး မြန်မာသံရုံးကိုပေးရမှာ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာတောင် ဒီလိုအရေးကြီးကိစ္စမျိုးအတွက် သံရုံးတွေကို အကူအညီ တောင်းခံနိုင်ပါတယ်။ သင်သွားမယ့်နိုင်ငံရဲ့ မြန်မာသံရုံးရှိတဲ့နေရာနဲ့ ဖုန်းနံပတ်တော့ သင်မဖြစ်မနေ လိုမှာပါ။

၎။ သွားမယ့်နိုင်ငံရဲ့ သံရုံးလိပ်စာနဲ့ ဖုန်းနံပတ်တွေ ကြိုစုံစမ်းထား

play

 

 ဒါလည်းအရေးကြီးပါတယ်။ သင်ဘယ်နိုင်ငံပဲသွားသွား သွားမယ့်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးဖုန်းနံပတ်နဲ့ လိပ်စာကို ကြိုစုံစမ်းထားဖို့ လိုပါတယ်။ ခရီးသွားအေဂျင်စီနဲ့ သွားမယ်ဆိုလည်း အေဂျင်စီကတဆင့် တောင်းထားလို့ရပါတယ်။ ဒီလိပ်စာကို ဖြစ်နိုင်ရင် အလွတ်ကျက်ထားပါ။ ဒါမှမဟုတ် မပျောက်နိုင်တဲ့ နေရာမှာ ကိုယ်နဲ့မကွာ ဆောင်ထားပါ။ နောက်တစ်နည်းကတော့ နိုင်ငံအနှံ့ မြန်မာသံရုံးတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပတ်တွေကို သင့်ရဲ့ Google အကောင့်ထဲမှာ သိမ်းထားလို့ရပါသေးတယ်။ နိုင်ငံအလိုက် မြန်မာသံရုံးတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပတ်တွေကို http://embassy.goabroad.com/embassies-of/myanmar မှာ ကြည့်ရှုသိမ်းဆည်းထားနိုင်ပါတယ်။

အကောင်းဆုံးကတော့ ပြည်ပနိုင်ငံရောက်နေချိန်မှာ အရေးကြီးတဲ့ နိုင်ငံကူးလက်မှတ်ကို အစတည်းက မပျောက်အောင် လုံလုံခြုံခြုံ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ