Lifestyle: ပန်းပေါင်းသန်းနဲ့ချီရှိတဲ့ ပြင်ဦးလွင်ရုက္ခဗေဒ ပန်းဥယျာဉ်

, updated

ခရီးသွားမြို့အဖြစ်နာမည်ကြီးတဲ့ ပြင်ဦးလွင်မြို့က ပန်းပွဲတော်ဟာ နှစ်စဉ် ဆောင်းရာသီရောက်တိုင်း ပန်းပွဲတော်နဲ့အတူ ဧည့်သည်တွေကို စွဲဆောင်လျှက်ရှိပါတယ်။

ကန်တော်ကြီးသဘာဝအမျိုးဥယျာဉ်လို့ခေါ်ကြတဲ့ ပြင်ဦးလွင်ကရုက္ခဗေဒပန်းဥယျာဉ်ကြီးဟာ နှစ်စဉ်နှစ်တိုင်း စည်ကားတဲ့ ပန်းပွဲတော်ကြီးကို ကျင်းပလေ့ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး မန္တလေးနဲ့ မဝေးလှတဲ့ နေရာမှာရှိတဲ့အပြင် ပြင်ဦးလွင်မြို့ရဲ့ အပြင်အဆင်ကြောင့်လည်း နှစ်စဉ်ခရီးသွားတွေ အများအပြား လာရောက်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။

play

 

နှစ်စဉ် ဒီဇင်ဘာနဲ့ ဇန်နဝါရီလကြားထဲမှာ ကန်တော်ကြီးပန်းပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်ကို ဗြိတိန်လျှ လက်အောက်မှာရှိစဉ် သစ်တောဦးစီးဖြစ်ခဲ့တဲ့ အဲလက်စ်ရော်ဂျာက ဦးစီးပြီး ၁၉၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာပဲ နှစ်တစ်ရာပြည့်မြောက်ခဲ့ပါတယ်။

သာမန်နေ့ရက်တွေမှာလည်း သဘာဝပန်းဥယျာဉ်ကို ရောက်လာလည်ပတ်သူ အများအပြားရှိပေမယ့် ပန်းပွဲတော် နေ့ရက်တွေမှာ အထူးစည်ကားပါတယ်။ နိုင်ငံတဝှမ်းက ခရီးသွားဧည့်သည်တွေ လာရောက်ကြပါတယ်။ ၂၀၁၃ ဒီဇင်ဘာတစ်လတည်း မှာ ပြည်တွင်းဧည့်သည် တစ်သိန်းကျော်နဲ့ နိုင်ငံခြားသားဧည့်သည် နှစ်ထောင်ကျော် လာရောက်လည်ပတ်ခဲ့ပါတယ်။ ၂၀၁၄ နိုဝင်ဘာလမှာတော့ ပြည်တွင်းဧည့်သည် တစ်သိန်းခြောက်သောင်းနဲ့ နိုင်ငံခြားသား ၄၅၀၀ ကျော်ရောက်လာခဲ့ ပြန်ပါတယ်။

play

 

ပန်းပွဲတော်ရောက်တဲ့အခါ ပြည်တွင်းပြည် ပန်းမျိုးစိတ်ပေါင်းတစ်ရာနီးပါးကို ကြည့်ရှုရလေ့ရှိပါတယ်။ ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်အတွင်းမှာ လိပ်ပြာပြတိုက်၊ ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက် စတဲ့နေရာ တွေလည်း ရှိလို့ တစ်နေ့တည်းနဲ့တောင် နေရာစုံလည်ပတ်ဖို့ အချိန်လောက်မှာ မဟုတ်ပါဘူး။

နောက်ထပ်စွဲဆောင်နေတာက ပြင်ဦးလွင်မြို့ရဲ့ အပြင်အဆင်ပါပဲ။ ကိုလိုနီခေတ်ရဲ့ မြို့ပြအငွေ့အသက်တွေကို ပြင်ဦးလွင်မှာ တွေ့နေရဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦများစွာကို ပြင်ဦးလွင်မြို့မှာ အများအပြားတွေ့ရဆဲဖြစ်ပါတယ်။

အင်္ဂလိပ်အစိုးရ အရာရှိတွေအတွက် နွေရာသီစံမြန်းနန်းတော်ကိုလည်း ပြင်ဦးလွင်မှာ တွေ့နိုင်ပါသေးတယ်။ အခြားမြို့တွေလို ရှုပ်ထွေးမှု သိပ်မရှိပဲ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့မြို့ဖြစ်လို့ ခရီးသွားတွေကို စွဲဆောင်တဲ့နေရာဖြစ်ပါတယ်။

play

 

နောက်တစ်ခုက ဘယ်တော့မှ ရိုးမသွားတဲ့ ပြင်ဦးလွင်ရဲ့ တစ္ဆေဇာတ်လမ်းတွေဖြစ်ပါတယ်။ တစ္ဆေဇာတ်လမ်းတွေများစွာနဲ့ နာမည်ကျော်တဲ့ ပြင်ဦးလွင်က ဟိုတယ်နဲ့အဆောက်အဦတွေဟာ စွန့်စားခန်း ရှာလိုသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ နေရာတွေဖြစ်နေပြန်ပါတယ်။

play

 

ဒါကြောင့် ပန်းပွဲတော်၊ အေးမြပြီးနေလို့ကောင်းတဲ့ ရာသီဥတု၊ တစ္ဆေဇာတ်လမ်း စတာတွေအပြင် ကိုလိုနီခေတ်ရဲ့ မြို့ပြအငွေ့အသက်တွေကိုပါ တွေ့နိုင်တဲ့ ပြင်ဦးလွင်ဟာ သင်လက်မလွှတ်သင့်တဲ့ လည်ပတ်စရာ နေရာတစ်ခုဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ