Lifestyle: အမြဲတမ်း ခေတ်မီနေမယ့် အိတ်များ

အမျိုးသမီးတစ်ဦးအတွက်တော့ ဖက်ရှင်နဲ့ အလှအပဆိုတာ မရှိမဖြစ် လိုအပ်တဲ့အရာပါ။ လှပနေရုံနဲ့ မပြီးပါဘူး။ ဖက်ရှင်ကျကျလေး ဆင်ယင်တတ်ခြင်းကလည်း အမျိုးသမီးတစ်ဦးရဲ့ အရည်အချင်းပါပဲ။ တကယ်လို့များ အိတ်တစ်လုံးကို ဝယ်တော့မယ်ဆိုရင် အမြဲတမ်းအတွက် လှပနေစေမယ့် ဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဖော်ပြပါ အိတ်တွေကတော့ စတင်ထုတ်လုပ်ရောင်းချစဉ်ကတည်းကနေ ခုချိန်ထိကို နာမည်ကျဆင်းသွားခြင်းမရှိဘဲ အမြဲတမ်း ဆန်းသစ်နေတဲ့အတွက် နာမည်ကျော်အမျိုးသမီးတွေရဲ့ လက်ထဲမှာ အမြဲတမ်းတွေ့ရလေ့ရှိတဲ့ အိတ်တွေပဲ ဖြစ်ပါတယ်။

၁။ Chanel Flap Bag

အနုပညာရှင်တွေနဲ့ အမြဲတမ်းလိုလို တွေ့နေရတာက Chanel Flap Bag ဖြစ်ပါတယ်။ Chanel ရဲ့ မိခင်ဖြစ်သူ ကိုကိုးချန်နယ်လ်က သူမကိုယ်တိုင် ကိုင်ဆောင်ဖို့အတွက် ဒီအိတ်ကို ၁၉၅၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာပါ။ ချန်နယ်လ်ရဲ့ ဒီဇိုင်နာဖြစ်သူ ကားလ်လေဂါဖဲလ်က ၁၉၈၃ ခုနှစ်မှာတော့ Flap Bag ရဲ့ ဒီဇိုင်းကို ပြင်ဆင်မွမ်းမံလိုက်ပြီးတဲ့နောက်မှာ ခုချိန်ထိ ရေပန်းအစားဆုံး အိတ်တစ်လုံး ဖြစ်လာတော့တာပါပဲ။ ဒီအိတ်ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၅၀၀၀ ဝန်းကျင် ပေးရပါလိမ့်မယ်။

၂။ Hermès Kelly Bag

 

ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Hermès ရဲ့ ရောင်းအားအကောင်းဆုံး အိတ်တစ်လုံး ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်တည်းက စတင်ရောင်းချလာခဲ့လိုက်တာ ယခုလက်ရှိ ၂၀၁၅ ခုနှစ်အထိတိုင်အောင် ရောင်းအားကောင်းနေတုန်းပါပဲ။ အဲ့ဒီတုန်းက နာမည်ကျော်သရုပ်ဆောင် ဂရေ့စ် ကယ်လီအတွက် Hermès က သီးသန့် ဖန်တီးပေးခဲ့တာပါ။ သူ့ရဲ့ဒီဇိုင်းက ထည်ဝါမှုကိုလည်း ပေးစွမ်းနိုင်သလို ဖက်ရှင်ကျကျ ဝတ်ဆင်ဖို့အတွက်လည်း သင့်လျော်ပါတယ်။ အကောင်းစား သားရေနဲ့ ပြုလုပ်ထားတာဖြစ်လို့ ကြေးရတက်အသိုင်းအဝိုင်းကတော့ Kelly Bag တစ်လုံးလောက်ကို မရှိမဖြစ် ဝယ်ကြရတဲ့အထိ ကျော်ကြားပါတယ်။ အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော် ပေးရတဲ့အတွက်လည်း နှမျောစရာမလိုဘူးလို့ Kelly Bag ကိုင်သူတွေက ဆိုပါတယ်။

၃။ Christian Dior Lady Bag

ဒီအိတ်ကတော့ သမိုင်းကြောင်းအစဉ်အလာကောင်းလေး ရှိပါတယ်။ ပြင်သစ် သမ္မတ နပိုလီယံ - ၃ ရဲ့ ကြင်ယာတော်က ချားလ်စ်မင်းသားရဲ့ ကြင်ယာတော် ဒိုင်ယာနာကို ဆက်သခဲ့တဲ့ အိတ် ဖြစ်ပါတယ်။ Christian Dior က အထူးထုတ်လုပ်ပေးခဲ့ရတာဖြစ်ပြီး ဘယ်အချိန်ပဲကြည့်ကြည့် ရိုးမသွားတာက ဒီအိတ်ရဲ့ အားသာချက်ပါ။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၅၀၀ ကျော်ပါတယ်။

မတူညီတဲ့ အမှတ်တံဆိပ်တွေကနေ မတူညီတဲ့ ဒီဇိုင်းတွေထဲက အကောင်းဆုံးတွေကို ရွေးချယ်ဖော်ပြထားတာဖြစ်ပြီး တကယ်လို့ ဖော်ပြထားတဲ့အိတ်တွေကို ပိုင်ဆိုင်ထားသူကတော့ မိမိရဲ့ အိတ်လေးအကြောင်းကို သိလိုက်ရလို့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။                            

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ