Lifestyle: ပွဲဈေးတန်းက မြန်မာ့ရိုးရာ သွားရည်စာများ

play

 

ယခုကာလဟာ ဆိုရင်ဖြင့် မိုးရာသီကုန်ဆုံးလို့ ဆောင်းရာသီကို ချဉ်းကပ်လို့လာပါပြီ။ ဒီလိုအချိန်မျိုးမှာဆို နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြတဲ့ ဘုရားပွဲရာသီကိုလည်း ရောက်ရှိလို့လာပါပြီ။ ဘုရားပွဲတွေနဲ့အတူ တွဲလျက်မြင်ရမှာကတော့ ပွဲဈေးတန်းတွေမှာ ရောင်းချနေတဲ့ မြန်မာ့ရိုးရာမုန့်မျိုးဆုံးဖြစ်ပါတယ်။ မုန့်တွေကတော့ အများအားဖြင့် ကောက်ညှင်းနဲ့ ဆန်ကို အခြေခံလုပ်ထားတာဖြစ်လို့ သွားရေစာဆိုပေမယ့် အာဟာရပြည့်ဝပြီး ဈေးလည်းသက်သာပါတယ်။ ဒါကြောင့် ပွဲဈေးတွေကိုရောက်မယ်ဆို မြန်မာ့ရိုးရာမုန့်တွေကို မြည်းစမ်းကြည့်သင့်ပါတယ်။

၁။ ကောက်ညှင်းကျည်တောက်

play

ပွဲဈေးတိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့ သွားရေစာဖြစ်ပါတယ်။ ဝါးကို ခွဲလိုက်ရင် ကောက်ညှင်းအတောင့်လိုက်ကို မြင်ရတာ ကောက်ညှင်းကျည်တောက်ပါပဲ။ ကောက်ညှင်းကို ဝါးကျည်တောက်ထဲထည့်ပြီး မီးနဲ့ ကင်ထားတဲ့အရာပါ။ ဝါးရဲ့အမြှေးပါးလေးနဲ့အတူ ကောက်ညှင်းရဲ့အနံ့လေးက သင်းသင်းလေးဖြစ်နေပါလိမ့်မယ်။ ကောက်ညှင်းကျည်တောက်ကို သကြားနဲ့အုန်းသီးဖြူးပြီးစားရတာဟာ ချိုဆိမ့်တဲ့အရသာရှိလို့ မြန်မာတိုင်း နှစ်သက်ကြပါတယ်။

၂။ မုန့်လင်မယား

play

 

အမည်က နည်းနည်းဆန်းနေမယ်လို့ထင်ရပေမယ့်၊ မုန့်အချပ်လေးနှစ်ခုကို ထပ်ထားလို့ မုန့်လင်မယားလို့ ခေါ်ကြတာပါ။ ကောက်ညှင်းနဲ့ဆန်ကို အချိုးကျ ရောစပ်ကြိတ်ထားတဲ့အရည်ကို ပုံစံခွက်ထဲထည့်ပြီး ပဲပြုတ်၊ ကြက်သွန်မြိတ်တွေနဲ့ ကင်လိုက်ပါတယ်။ မွှေးပျံ့ ကြွပ်ရွတဲ့ မုန့်လင်မယားတွေကို နှမ်းထောင်းနဲ့ဖြူးပြီး စားရတာပါ။ နှမ်းထောင်းကိုတော့ လှော်ထားတဲ့နှမ်းနှင့် ဆားကို ရောစပ်ပြီး ထောင်းထားရတာဖြစ်ပါတယ်။ မြန်မာတွေအတွက်တော့ မုန့်လင်မယားဆိုတာ pie မုန့်နဲ့ မလဲနိုင်တဲ့အရာ ဖြစ်ပါတယ်။

၃။ ရေမုန့်

play

 

သူ့ရဲ့ ပြုလုပ်ပုံက မုန့်လင်မယားနဲ့ တော်တော်ကြီး ဆင်ပါတယ်။ မုန့်လင်မယားကို ပြုလုပ်တဲ့အတိုင်း ဆန်နဲ့ကောက်ညှင်းကို ရောစပ် ရေဖျော်ပြီးတော့ ဆီသုတ်ထားတဲ့ ဒယ်အိုးပြားပေါ်မှာ မီးအပူပေးပြီး ပြုလုပ်ရတာပါ။ သူလည်း ပဲပြုတ်နဲ့ ကြက်သွန်မြိတ် ပါဝင်ပါတယ်။ ဒယ်အိုးပြားပေါ်မှာ ပြုလုပ်ရပေမယ့် တစ်ဖက်ကို ထွင်းဖောက်မြင်နိုင်လောက်အောင် ပါးလှပ်တဲ့ အချပ်ကြီးတစ်ခုဖြစ်ပါတယ်။ ပါးလှပ်ပေမယ့် အရသာရှိလွန်းလို့ စားပြီးရင်း စားချင်တာ ရေမုန့်ပါပဲ။

၎။ မုန့်ဆီကြော်

play

 

မြန်မာဆို ရိုးစကားပုံတစ်ခု ရှိပါတယ်။ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်မတည့် တွေးနေတယ်တဲ့။ ဒီစကားပုံဟာ ကိစ္စတစ်ခုခုအနေနဲ့ ဖြစ်လာဖို့ မသေချာသေးပေမယ့် ကိုယ်က ကြိုကြိုတင်တင်တွေးတောပြီး ပူပန်နေတတ်တာမျိုးကို ခိုင်းနှိုင်းတဲ့အခါ ပြောကြတာပါ။ မုန့်ဆီကြော်က ဘယ်မှာနေသလဲဆိုရင် များသောအားဖြင့်တော့ ပွဲဈေးတွေမှာ နေတယ်လို့ ဆိုရပါမယ်။ ကောက်ညှင်းကိုကြိတ်ပြီး ဆီထဲမှာ အဝိုင်းပုံသဏ္ဍန်ဖြစ်အောင် နှမ်းနဲ့ရောကြော်ထားတဲ့အရာကို မုန့်ဆီကြော်လို့ ခေါ်ပါတယ်။ ချိုမြိန်တဲ့အရသာကြောင့် တခြားတွဲဖက်စရာမလိုဘဲ ဒီအတိုင်းစားရုံနဲ့ အဆင်ပြေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ