Lifestyle: ဖေ့စ်ဘွတ်ကြောင့် ဒုက္ခရောက်ကြသူများ

, updated

 

ကမ္ဘာအနှံ့အသုံးပြုကြတဲ့ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်မှာ နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတာ တစ်ခုခုကို အမှတ်တမဲ့ ဒါမှမဟုတ် တမင်တကာကျူးလွန်မိခဲ့ကြမိလို့ ဒုက္ခရောက်ခဲ့ကြသူတွေရဲ့ အကြောင်းလေးတွေပါ။ ဒါတွေကို နမူနာကိုကြည့်ပြီး ဖေ့စ်ဘွတ်ကို ကိုယ့်အတွက် ဘေးမဖြစ်စေအောင် အသုံးပြုတတ်ကြပါစေ။

Friend request မပို့သင့်သူကို ပို့မိလို့ ထောင်ကျခဲ့ရသူ

ဒိုင်လန်အော့စ်ဘွန်း (Dylan Osborn) ၊ အသက် ၃၇ နှစ်၊ ဘက်ကင်းဟမ်ရှား၊ အင်္ဂလန်။

၂၀၀၇ ခုနှစ်၊ ဖေ့စ်ဘွတ်ကို အော့စ်ဘွန်း စတင်အသုံးပြုချိန်မှာ ကွန်ပျူတာစခရင်မ် ပေါ်မှာပေါ်လာတဲ့ သူ့အီးမေးလ်ထဲမှာ ရှိတဲ့ လိပ်စာအားလုံးဆီကို friend request ပို့ချင်လား ဆိုတဲ့မေးခွန်းမှာ Yes ကို ကလစ်နှိပ်လိုက်မိပါတယ်။ ရလဒ်ကတော့ သူနဲ့ကွဲနေတဲ့ ဇနီးဟောင်းဆီကို friend request ပို့မိတာပါပဲ။ တကယ်တော့ ဇနီးဟောင်းနဲ့ အဆက်အသွယ်မလုပ်ရလို့ သူ့ကို တရားရုံးက အမိန့်ထုတ်ထားတာပါ။

ဇနီးဟောင်း တားဘောက်စ်က ရဲကို တိုင်လိုက်တဲ့အတွက် အော့စ်ဘွန်းမှာ ဖေ့စ်ဘွတ်ကနေ friend request ပို့ပြီး ဆက်သွယ်ဖို့ ကြိုးစားမှုနဲ့ ၁၀ ရက် ထောင်ကျခဲ့ပါတယ်။

တွားသွားသတ္တဝါဟင်းစားတဲ့စုံတွဲ

ဗန်နက်စ်ဆာစတားပမ်း (Vanessa Starr Palm)၊ ၂၃ နှစ်၊ အီလီနိုက်စ် နှင့်

အလက်ဇန္ဒားဒန်နီရယ်ရက်ရှ် (Alexander Daniel Rust)၊ ၂၄ နှစ်၊ အင်ဒီယားနား။

ပမ်းနဲ့ ရက်ရှ်တို့ စုံတွဲက ၂၀၀၉ ခုနှစ်မှာ ဘာဟားမားစ်ကို အပန်းဖြေခရီးထွက်ချိန်မှာ အီးဂွားနားလို့ခေါ်တဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို သတ်ပြီး ချက်ပြုတ်စားသောက်လိုက်ကြကာ သူတို့လုပ်သမျှအားလုံးကို ဓာတ်ပုံတွေ ရိုက်ထားပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်ပါတယ်။

အီးဂွားနားတွားသွားသတ္တဝါတွေက ဘာဟားမားမှာ ရှားပါးတိရစ္ဆာန်ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး လူတစ်ယောက်က အာဏာပိုင်တွေကို တိုင်လိုက်တဲ့အတွက် ဘာဟားမားစ်ရဲတပ်ဖွဲ့က သူတို့စုံတွဲကို ရှာဖွေဖမ်းဆီးခဲ့ပါ တယ်။ သူတို့နှစ်ယောက်ဟာ ဒေါ်လာ ၅၀၀ အာမခံနဲ့ လွတ်မြောက်ခဲ့ပြီး နောက်ဆုံးမှာ တားမြစ်ထားတဲ့အသားကို စားမှုနဲ့ ဒဏ်ကြေးလည်း ဆောင်လိုက်ရပါတယ်။

လူသေပုံတင်မိလို့ အလုပ်ပြုတ်ခဲ့ရသူ

မာ့ခ်မူဆာရယ်လာ (Mark Musarella)၊ အသက် ၄၆ နှစ်၊ စတိတ်တန်အိုင်လန်၊ နယူးယော့ခ်

မူဆာရယ်လာက ရစ်မွန်တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနမှာ အရေးပေါ်ဆေးဘက်ဆိုင်ရာ ပညာရှင်ပါ။ အသတ်ခံခဲ့ရတဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတစ်ဦးရဲ့အလောင်းကို ဆဲလ်ဖုန်းနဲ့ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါတယ်။

မူဆာရယ်လာရဲ့ သူငယ်ချင်းတစ်ယောက်က အဲဒီပုံကို မြင်သွားပြီး ရဲကိုအကြောင်းကြားလိုက်တဲ့အတွက် မူဆာရယ်လာ အလုပ်ကချက်ချင်း အဖြုတ်ခံလိုက်ရပြီး လုပ်ငန်းဆိုင်ရာကျင့်ဝတ်ဖောက်ပြန်မှုနဲ့လည်း အဖမ်းခံလိုက်ရပါတယ်။ ပြစ်ဒဏ် အဖြစ် လူမှုရေးလုပ်ငန်းကို နာရီ ၂၀၀ ပြုလုပ်ခဲ့ရတဲ့အပြင် သူ့ရဲ့အရေးပေါ်ဆေးဘက်ဆိုင်ရာ နည်းပညာရှင် (EMT) လိုင်စင်လည်း အသိမ်းခံခဲ့ရပါတယ်။

ရည်းစားလိုချင်လို့ တော်ဝင်မင်းသားရဲ့နာမည်ယူသုံးခဲ့သူ

ဖူးရက်ဒ်မော်တက်ဒါ (Fouad Mourtada) ၊ အသက် ၂၆ နှစ်၊ ကာဆာဘလန်ကာ၊ မော်ရိုကို

မော်တက်ဒါက ၂၀၀၇ ခုနှစ်မှာ ဖေ့စ်ဘွတ်ကို စတင်အသုံးပြုခဲ့သူဖြစ်ပြီး နာမည်တုကို သုံးခဲ့ပါတယ်။ သူသုံးတဲ့နာမည်တုက မော်ရိုကို ဆဌမမြောက်ဘုရင်ရဲ့ညီ မူလေးရစ်ချစ်ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ မော်တက်ဒါ အဖမ်းခံခဲ့ရပါတယ်။ ဖေ့စ်ဘွတ်မှာ နာမည်တုသုံးခဲ့မိတာကို  သူက ဝန်ခံခဲ့ပြီး ရည်းစားလိုချင်လို့ လုပ်မိတာပါတဲ့။ ရည်းစားသိပ်လိုချင်တဲ့ မော်တက်ဒါတစ်ယောက် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချ ခံခဲ့ရပါတယ်။ ဒါပေမမဲ့ ထောင်တစ်လကျပြီးနောက်မှာတော့ ဘုရင်မင်းမြတ်ရဲ့ သနားညှာတာပေးမှုနဲ့ သူပြန်လွတ်လာခဲ့ပါတယ်။

ဖေ့စ်ဘွတ်ကိုအသုံးချပြီး ငွေညှစ်တဲ့သူ

ပေါလ်ဖရန်ကို (Paul Franco) ၊ အသက် ၃၈ နှစ်၊ ကွင်းစ်၊ နယူးယော့ခ်

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဖရန်ကိုက သူ့ရည်းစားဟောင်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်ခ်ခဲ့ပြီး သူမရဲ့ လိင်အမျိုးအစားကို အခြောက်လို့ ပြောင်းလဲလိုက်ပါတယ်။ ဒါ့အပြင် Password ကိုပါ ပြောင်းလိုက်ပြီး ပြန်လိုချင်ရင် ဒေါ်လာ ရာနဲ့ချီပေးရမယ်လို့ တောင်းပါတယ်။ ရည်းစားဟောင်း အန်ဒါဆန်က အတော်ဒေါသထွက်သွားတဲ့အတွက် ရဲကိုအကြောင်းကြားလိုက်ရာ ဖရန်ကို အဖမ်းခံခဲ့ရပြီး အန်ဒါဆန်က သူ့ရဲ့အကောင့်ကို ပြန်ရခဲ့ပါတယ်။

Ref: Reader Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ