Lifestyle: ပထမဆုံးချိန်းဆိုချိန်မှာ မပြောသင့်တဲ့ အချက်တွေ

, updated
play

 

ပွင့်လင်းရိုးသားမှုဆိုတာ ဆက်ဆံရေးအားလုံးရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ကိုယ့်ရဲ့ရည်းစား၊ အိမ်ထောင်ဘက်တို့အပေါ်မှာသာ မကပါဘူး၊ အောင်မြင်သာယာတဲ့ အနာဂတ်တစ်ခုဖန်တီးဖို့အတွက် ဘယ်သူနဲ့မဆို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းဖြစ်ဖို့က အရေးကြီးပါတယ်။

ဒါပေမဲ့လည်း တစ်ခါတလေမှာ ရိုးသားတိုင်းမကောင်းဘူးဆိုသလိုပဲ သူ့အကြောင်း၊ ကိုယ့်အကြောင်း လုံးလုံးမသိသေးတဲ့ ပထမဆုံးချိန်းဆိုမှုမှ မပြောသင့်တဲ့အရာတွေ ရှိပါတယ်။ သူနဲ့ကိုယ် ရင်းနှီးမှုပိုလာတဲ့အခါမှ ပြောလို့ကောင်းတဲ့ အရာမျိုးတွေပေါ့။

၁။ ချစ်ရေးချစ်ရာအတွေ့အကြုံ

ပထမအကြိမ်ချိန်းဆိုချိန်မှာ ရှောင်ကြဉ်သင့်တဲ့အကြောင်းအရာအချို့ထဲမှာ (နိုင်ငံရေးနဲ့ ဘာသာရေးအပြင်) ကိုယ့်ရဲ့ ရင်းနှီးမှုလွန် ချစ်ဇာတ်လမ်းတွေအကြောင်း မပြောသင့်ပါဘူး။

ကိုယ်က ရည်းစားဘယ်နှယောက်နဲ့ အတူနေဖူးခဲ့တယ်ဆိုတာတွေ ဒါမှမဟုတ် ကိုယ်သဘောအကျဆုံး ချစ်ဇာတ်လမ်း အကြောင်းပြောတာတွေက ပွင့်လင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ တခြားကိုယ့်ရဲ့ ဝါသနာအကြောင်းတွေ၊ ကိုယ်ဘယ်လို အားကစားမျိုးတွေ လုပ်တယ်ဆိုတာတွေ အများကြီး ပြောလို့ရပါတယ်။ 

၂။ ကလေးအရမ်းလိုချင်တဲ့အကြောင်း

ကိုယ့်အနာဂတ်မှာ ကလေးတွေလိုချင်တဲ့အကြောင်းကို ကိုယ့်နဲ့တွဲမည့်သူကို ပြောပြလို့ရပါတယ်။ ဒါပေမဲ့လည်း အခုမှ စပြီး ကိုယ်နဲ့တွေ့တဲ့သူနဲ့ ကလေးတွေအကြောင်းပြောတာက သိပ်တော့ အဆင်မပြေလှပါဘူး။  ဘယ်လောက်အထိ မိသားစုဘဝကို တောင့်တလိုချင်နေတယ်ဆိုတာ အသေးစိတ်သွားပြောရင် သူလန့်ပြီးထွက်ပြေးသွားနိုင်ပါတယ်။ လူအများစုက ကလေးလိုချင်ကြတာမှန်ပေမယ့် ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာတော့ ပြောသင့်တဲ့အရာ မဟုတ်ပါဘူး။

၃။ ကိုယ့်ရဲ့အကြီးဆုံး စိန်ခေါ်မှုတွေ

ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးစိတ်ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေကို ပထမဆုံးချိန်းဆိုတဲ့နေ့မှာ ပေါက်ကွဲပစ်ဖို့ မလိုပါဘူး။ ချစ်သူရည်းစားစုံတွဲတွေက အပြန်အလည်ခံစားမှုတွေ ဖလှယ်သင့်တယ်ဆိုပေမယ့် ပထမအကြိမ်တွေ့ဆုံချိန်မှာ အဲဒီလောက်ထိ နက်နည်ရှိုင်းရှိုင်းသွားဖို့ မလိုပါဘူး။ ဒီအချိန်က ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွင်ဖြစ်သင့်တဲ့အချိန်ပါ။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြချင်တယ်ဆိုရင် ဒုတိယတစ်ကြိမ် ချိန်းဆိုဖြစ်တဲ့အထိ ခဏအောင့်ထားလိုက်ပါဦး။

၎။ အစွဲအလမ်းတွေ

ကိုယ်စုစည်းထားတဲ့ Star Wars အရုပ်လေးတွေ ဒါမှမဟုတ် ဖိနပ် အရံ ၁၀၀ လောက်နဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာ ဂုဏ်ယူကောင်းဂုဏ်ယူနေနိုင်ပေမယ့်လို့ သူက အဲဒါကို အထင်ကြီးစရာလို့ ထင်ချင်မှထင်မှာပါ။ သူက လူသတ်ကားတွေနဲ့ သရဲကားတွေလောက်သာ ကြည့်တဲ့သူလည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲလေ။ ကိုယ့်အစွဲအလမ်းတွေက ကိုယ့်ရဲ့ဝါသနာတွေလို ကိုယ့်အတွက် အရေးပါကောင်းပါနေနိုင်ပေမယ့် ပထမဆုံးချိန်းဆိုတဲ့နေ့မှာ ပြောသင့်တဲ့ အကြောင်းအရာ မဟုတ်သေးပါဘူး။

၅။ ရည်းစားဟောင်းတွေအကြောင်း

ကိုယ့်ရဲ့ရည်းစားဟောင်းတွေနဲ့ ဘယ်လိုပြတ်ခဲ့တယ်၊ သူတပါးရဲ့အသည်းကို ဘယ်လိုခွဲခဲ့တယ် ဒါမှမဟုတ် ကိုယ်ဘယ်လောက် တခြားတစ်ယောက်ကို အရူးအမူးဖြစ်ခဲ့တယ်ဆိုတာတွေက သူ့စိတ်ကို တစ်မျိုး ဖြစ်သွားစေနိုင်ပါတယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့တာ အကောင်းဆုံးပါပဲ။ အနည်းဆုံးတော့ တစ်ယောက်ကို တစ်ယောက် သတိထားအကဲခတ်နေကြတဲ့ ပထမဆုံးစတင်ချိန်းဆိုတဲ့နေ့မှာ မပြောသင့်ပါဘူး။ နှစ်ယောက်သား တွဲကြဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ အတိတ်အဖြစ်အပျက်တွေကို အပြန်အလှန်ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးဖို့ အချိန်တွေ အများကြီးရှိပါတယ်။

၆။ သူဝတ်လာတဲ့ ဝတ်စုံအကြောင်း

ပထမဆုံးချိန်းတွေ့ချိန်မှာ သူဝတ်လာတဲ့ ပေါ်ကာဒေါ့တ်နက်တိုင်အကြောင်း ဒါမှမဟုတ် သူမဝတ်လာတဲ့ မလိုက်မဖက်ဝတ်စုံအကြောင်း တစ်နေ့ကျရင် ရယ်စရာအဖြစ် နှစ်ယောက်သား ပြောဆိုဖြစ်ကြမှာပါ။ ဒါပေမဲ့ ဒီညမှာတော့ သူဘယ်လိုပဲဝတ်လာလာ ကြည့်ကောင်းတယ်လို့သာ ပြောလိုက်ပါ။

Ref: yourtango

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ