Lifestyle: လမ်းခွဲခြင်းအတွက် လုပ်ဆောင်ချက်သစ်များ ဖေ့စ်ဘွတ် စမ်းသပ်နေ

, updated

လမ်းခွဲဖို့ဆိုတာ ခက်ခဲတဲ့အရာပါ - အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်မှာပေါ့။

 

ကိုယ်နဲ့ ရည်းစားဟောင်းရဲ့ ပျော်ရွှင်ခဲ့စဉ်က တင်ခဲ့တဲ့ ပို့စ်အဟောင်းတွေကို အမှတ်မထင် ပြန်တွေ့ရတဲ့အခါ စိတ်ထဲမှာ ဖြစ်သွားတဲ့ ကသိကအောက် ခံစားချက်က ဘယ်လိုခံစားချက်မျိုးနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။

ကမ္ဘာ့အကြီးဆုံး ဆိုရှယ်ကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘွတ်က ပျက်ပြားသွားခဲ့တဲ့ ဆက်ဆံရေးတွေကို ကိုင်တွယ်ရာမှာ နာကျင်မှု နည်းပါးစေဖို့အတွက် လုပ်ဆောင်ချက်သစ်တွေကို စမ်းသပ်နေပါပြီ။

 

အခုအချိန်မှာ လူတစ်ယောက်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ ပြန်အမှတ်မရချင်၊ မသိချင်တော့ဘူးဆိုရင် သူ့ကို Unfriend ဒါမှမဟုတ် Block လုပ်လို့ရတာပဲ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီလို လုပ်ထားရင် သူတို့တွေ သိရှိသွားတတ်ကြတာပဲ။

ဖေ့စ်ဘွတ်ရဲ့ လမ်းခွဲခြင်း လုပ်ဆောင်ချက်သစ်က ကိုယ့်ရဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီး ရည်းစားဟောင်းက ဘာကိုမြင်ခွင့်ရမလဲ ဆိုတာကို ပြောင်းလဲပေးအောင် လုပ်ပေးမှာပါ။ ဒါပေမဲ့ ကိုယ်အဲဒီလိုလုပ်လိုက်တာကို သူလည်း သိမှာမဟုတ်ပါဘူး။

 

အဲဒီလုပ်ဆောင်ချက်အသစ်နဲ့ လုပ်လို့ရတာတွေကတော့

Unfriend ဒါမှမဟုတ် Block လုပ်စရာမလိုဘဲ ရည်းစားဟောင်းရဲ့ နာမည်နဲ့ ပရိုဖိုင်ဓာတ်ပုံကို မြင်ရတာ နည်းလာအောင်၊ သူတို့ရဲ့ပို့စ်တွေက ကိုယ့်ရဲ့ New Feed မှာ တက်မလာတော့သလို တခြားသူတစ်ယောက်ကို message ပို့ချင်တဲ့အခါ ဒါမှမဟုတ် Tag လုပ်ချင်တဲ့အခါ Suggest Names မှာ သူ့နာမည် ပါမလာအောင် လုပ်နိုင်ပါမယ်။

ရည်းစားဟောင်း မြင်ခွင့်ရမယ့် ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ ပို့စ်အသစ်တွေကို ကန့်သတ်နိုင်ပါမယ်။

ရည်းစားဟောင်းနဲ့ အရင်က ပို့စ်အဟောင်းတွေကို မြင်ခွင့်ရမယ့် လူစာရင်းကို ပြင်နိုင်ပြီး အဲဒီလူနဲ့ တွဲတင်ထားတဲ့ ပို့စ်တွေကနေ ကိုယ့်ကိုကိုယ် Untag  လုပ်နိုင်ပါမယ်။

 

မကြာခင်မှာ အဲဒီလုပ်ဆောင်ချက်သစ်တွေ ထွက်ပေါ်လာတော့မယ်လို့ ဖေ့စ်ဘွတ်အဖွဲ့က ပြောပါတယ်။

 “ဒီလုပ်ဆောင်ချက်သစ်တွေက အဆုံးသတ်သွားတဲ့ ဆက်ဆံရေးတွေ ရှိသူတွေအတွက် ဖေ့စ်ဘွတ်မှာ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ နည်းပါးအောင် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ဖေ့စ်ဘွတ်ရဲ့ ထုတ်လုပ်ရေး မန်နေဂျာတစ်ဦးဖြစ်တဲ့ ကေလီဝိုက်တာစ်က ရေးသားထားခဲ့ပါတယ်။

Source : www.bbc.com

Photos : www.bbc.com, facebook, knowingneurons.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ