Lifestyle: တန်ဆောင်မုန်းလရဲ့ ပွဲတော်တွေအကြောင်း

မြန်မာနိုင်ငံရဲ့ ဆယ့်နှစ်လရာသီတွေထဲမှာတော့ တန်ဆောင်မုန်းလက ပျော်စရာအကောင်းဆုံး လတစ်လ ဖြစ်ပါလိမ့်မယ်။ ပျော်ရွှင်စရာ ကောင်းလှတဲ့ တန်ဆောင်တိုင်ပွဲတွေရှိလို့ မြန်မာတိုင်း နှစ်သက်ကြပါတယ်။ တန်ဆောင်မုန်းလမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ ထုံလွှမ်းထားတဲ့ ပွဲတော်တွေလည်း ရှိနေပါသေးတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားက အဇာတသတ်မင်းကို သာမညဖလသုတ်ကို ဟောကြားတော်မူခဲ့လို့ သာမညဖလအခါတော်နေ့လို့ ခေါ်ကြပါတယ်။ သာမညဖလသုတ်ကို နာယူပြီးချိန်ကစလို့ အဇာတသတ်မင်းဟာ ဗုဒ္ဓဘုရားရဲ့တရားတွေကို သက်ဝင်ပြီး ဥပသကာ ဖြစ်လာခဲ့ပါတယ်။

play

 

Photo : www.earthsky.org

လစဉ် လတိုင်း လပြည့်ရက်ရှိပေမယ့် တန်ဆောင်မုန်းလရဲ့ လပြည့်ညဟာ အလှဆုံးပါပဲ။ ကောင်းကင်က ကြည်လင်နေပြီး ဝိုင်းစက်တဲ့လမင်းကို အခြားအချိန်တွေထက် ပိုပြီးမြင်ရမှာပါ။

play

 

ကထိန်ခင်းတဲ့လရာသီဖြစ်တာကြောင့် ရဟန်းသံဃာတွေအတွက် ကထိန်သင်္ကန်းနဲ့ အသုံးအဆောင်တွေကို ပဒေသာပင်သီးလို့ ဘုန်းတော်ကြီးကျောင်းတွေကို ကပ်လှူကြပါတယ်။ ပဒေသာပင်သယ်သွားတဲ့ လမ်းတစ်လျှောက် တီးမှုတ်ကခုန်ကြတဲ့အခါ ဦးရွှေရိုးနဲ့ဒေါ်မိုးက ပင်တိုင်ဇာတ်ကောင်တွေပေါ့။

play

 

Photo : Mizzima

လပြည့်နေ့မတိုင်မီ တစ်ညအလိုမှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲကို ဆင်နွှဲကြပါတယ်။ အဖွဲ့လိုက် တက်ညီလက်ညီနဲ့ သင်္ကန်းရက်လုပ်ကြပြီး အရင်ဆုံးပြီးတဲ့အဖွဲ့က အနိုင်ရကာ လပြည့်နေ့အရုဏ်မတက်မီမှာ ဘုရားကို ဆက်ကပ်လှူဒါန်းကြပါတယ်။

play

 

Photo : Cmsmdy Blog

တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားကို ရည်စူးပြီး ဆီမီးတန်ဆောင် ထွန်းညှိကြလို့ မီးထွန်းပွဲကိုလည်း ကျင်းပကြပါတယ်။ တန်ဆောင်တိုင်မီးထွန်းပွဲကို မြန်မာနိုင်ငံသားတွေအားလုံး ပါဝင်ဆင်နွှဲကြလို့ လပြည့်နေ့ညမှာ မြန်မာနိုင်ငံအနှံ့ ဆီမီးတွေကို မြင်ရပါလိမ့်မယ်။

နောက်တစ်မျိုးကတော့ လူငယ်တွေ အရမ်းတက်ကြွတဲ့ပွဲပါ။ လပြည့်ကျော်တစ်ရက်နေ့ဟာ သူခိုးကြီးညဖြစ်ပါတယ်။ ကိုယ့်ရပ်ကွက်ထဲက ခင်မင်တဲ့လူတွေရဲ့အိမ်က အဖိုးမတန်တဲ့ပစ္စည်းတွေကို စနောက်တဲ့အနေနဲ့ နေရာရွှေ့ပြောင်းတာမျိုး၊ တိတ်တဆိတ် ဝှက်ထားကြတာမျိုး ပြုလုပ်ကြပါတယ်။ အိမ်ရှင်တွေကလည်း အဲ့ဒီအပေါ် စိတ်မဆိုးကြပါဘူး။

 

play

 

နောက်ဆုံး ပွဲတော်ကတော့ ကမ္ဘာထိတိုင် နာမည်ကျော်တဲ့ မီးပုံးပွဲတော်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မီးပုံးလွှတ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြီး ကြီးမားတဲ့ မီးပုံးကြီးတွေကို နေ့ဘက်ရော ညဘက်မှာပါ လွှတ်တင်ကြပါတယ်။ အရုပ်အမျိုးမျိုး၊ ပုံသဏ္ဍန်အမျိုးမျိုး ချိုးထားတဲ့ မီးပုံးပျံကြီးတွေဟာ တောင်ကြီးမြို့ရဲ့ ကောင်းကင်မှာ ထည်ဝါနေပါတော့တယ်။ တောင်ကြီးတန်ဆောင်တိုင်ဆိုရင် အမြဲတမ်း လူတွေစည်ကားနေပြီး မြန်မာနိုင်ငံကိုရောက်ပြီး တောင်ကြီးတန်ဆောင်တိုင်ကိုမရောက်ဖြစ်ရင် လာရကျိုးနပ်မှာမဟုတ်လို့ သွားဖြစ်အောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ