Lifestyle: ဘဝရဲ့ နေရာလွတ်များ

အရေးမကြီးတာတွေကို ဦးစားပေးနေရင် အရေးကြီးတာတွေကို လက်လွတ်သွားရပါလိမ့်မယ်။

play

 

တစ်ခါတုန်းက ဆရာတစ်ဦးဟာ စာသင်ခန်းထဲကို ရေကရားအလွတ်တစ်လုံးကိုင်ပြီး ဝင်လာခဲ့ပါတယ်။ အတန်းသားတွေရှေ့မှာ ကရားထဲကို ဂေါက်သီးတွေ ထည့်လိုက်ပြီး မေးခွန်းတစ်ခု မေးပါတယ်။

ကရားထဲမှာ ပြည့်သွားပြီလားတဲ့။ အတန်းသားတွေအကုန်လုံးက ပြည့်သွားပြီလို့ ပြောပါတယ်။

ဆရာက ပြည့်နေတဲ့ ကရားထဲကို ကျောက်စရစ်တွေ ထပ်ဖြည့်လိုက်ပါတယ်။

အခုရော.. ပြည့်သွားပြီလား? သူ့မေးခွန်းကို ကျောင်းသားတစ်ချို့က ပြည့်သွားပြီလို့ ဖြေပြီး တစ်ချို့ကတော့ ခပ်ပြုံးပြုံးကြည့်နေပြီး ဆရာ့အမေးကို မဖြေကြပါဘူး။

ဆရာက ကရားထဲကို သဲတွေ ထပ်ဖြည့်လိုက်တော့ သဲတွေဟာ လွတ်နေတဲ့နေရာတွေထဲကို ဝင်ရောက်နေရာယူသွားပြန်ပါတယ်။

ဆရာက ထပ်မေးတယ်။ ကရားထဲမှာ ပြည့်သွားပြီလားတဲ့။ ကျောင်းသားတွေက ပြည့်သွားပါပြီလို့ တညီတစ်ညွတ်တည်း ဖြေကြပါတယ်။

ဒီတစ်ခါတော့ ဆရာက ပြုံးတဲ့အလှည့်ပါ။ အိတ်ကပ်ထဲကို ထည့်လာတဲ့ အချိုရည်ဘူးကို ဖောက်ပြီး ဂေါက်သီးနဲ့ကျောက်စရစ်တွေ၊ သဲတွေ ပြည့်နေတဲ့ ကရားထဲကို လောင်းချလိုက်တဲ့အခါ ကရားတစ်ခုလုံးမှာ နေရာလပ် မကျန်အောင် တကယ်ပဲ ပြည့်သွားပါတော့တယ်။ ကျောင်းသားတွေဆီကတော့ ဘာမှတ်ချက်မှ မကြားရတော့ပါဘူး။

တကယ်တော့ ဘဝဆိုတာ ကရားတစ်လုံးပါပဲ။ အရာဝတ္ထုတွေကိုသာ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်အောင် ထည့်ထားတတ်ဖို့ လိုပါတယ်။

ဂေါက်သီးတွေက ပထမဦးစားပေးရမယ့်အရာတွေပါ။ ဘာတွေလဲဆိုတော့ မိဘ၊ မိသားစု၊ ကျန်းမာရေးနဲ့ သူငယ်ချင်းတွေပါပဲ။ ကျောက်စရစ်ခဲတွေက ဒုတိယဦးစားပေးပေါ့။ ဥပမာ အလုပ်အကိုင်၊ ဝါသနာ စသည်ဖြင့်။ နောက်ဆုံးဖြစ်တဲ့ သဲနဲ့အရည်တွေကတော့ ကိစ္စအသေးအမွှားလေးတွေဖြစ်ပါတယ်။

ဂေါက်သီးတွေကို အရင်မထည့်ဘဲ သဲတွေကိုသာ အရင်ထည့်လိုက်ရင် ဂေါက်သီးအပါအဝင် အခြားအရာတွေအတွက် နေရာကျန်တော့မှာမဟုတ်ပါဘူး။ ဘဝရဲ့ အရေးပါတဲ့အရာတွေကို နေရာပေးပါ။ ဂရုစိုက်ပါ။ အရေးမပါတဲ့အရာတွေကို အချိန်ပေးနေရင်းနဲ့ အရေးအကြီးအရာတွေအတွက် နေရာမကျန်တော့တာမျိုး မဖြစ်ရအောင် ဘဝထဲက နေရာလွတ်တွေကို သူ့နေရာနဲ့သူ ထားတတ်ဖို့ပဲ လိုပါတယ်။

Photo : Viralomania

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ