Lifestyle: ဆီးချိုနဲ့ ပတ်သက်တဲ့ (၁၀) ချက်

, updated

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၁၀) ချက် ဖြစ်ပါတယ်။

play


၁။ ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၄၂၂ သန်းမှာ ဆီးချိုရောဂါရှိနေပါတယ်။ ဆယ်စုနှစ် သုံးခုအတွင်း ဆီးချိုဖြစ်ပွားသူ အရေအတွက် ပုံမှန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

၂။ ဆီးချိုဟာ ၂၀၃၀ ခုနှစ်အထိ အသေအပျောက်အများဆုံး ရောဂါစာရင်းမှာ ဆက်လက် ရှိနေနိုင်ပါတယ်။ လာမယ့် ၁၀ နှစ်အတွင်း ဆီးချိုရောဂါကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။

play


၃။ ပုံမှန်အားဖြင့် ဆီးချိုရောဂါ အမျိုးစားနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုး (Type 1) က ကိုယ်ခန္ဓာမှာ အင်ဆူလင် လျော့နည်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုး (Type 2) က ကိုယ်ခန္ဓာက အင်ဆူလင်ကို အကျိုးမဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။

၎။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် သကြားဓာတ်ပမာဏ မြင့်တက်တဲ့ ဆီးချိုရောဂါကိုတော့ တတိယအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေဟာ ဒုတိယအမျိုးအစား ဆီးချိုရောဂါ ခံစားရဖို့ အန္တရာယ်ရှိပါတယ်။

play


၅။ ကမ္ဘာတစ်ဝန်း ဖြစ်ပွားတဲ့ ဆီးချိုရောဂါတွေမှာ ကိုယ်ခန္ဓာက အင်ဆူလင်ကို အကျိုးမဲ့ အသုံးပြုတာဖြစ်တဲ့ ဒုတိယအမျိုးအစား (Type 2) ဆီးချိုရောဂါက အများဆုံး တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်း ဆီးချိုရောဂါရှိသူများအနက်မှ ၉၀ ရာခိုင်နှုန်းခန့်ဟာ ဒုတိယအမျိုးအစား (Type 2) ဆီးချိုရောဂါ ခံစားရသူများ ဖြစ်ပါတယ်။ စိုးရိမ်စရာကောင်းတာက ယခင်က တွေ့ရခဲလှပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒုတိယအမျိုးအစား (Type 2) ဆီးချိုရောဂါကို ကလေးငယ်တွေမှာပါ တွေ့ရှိလာရတာ ဖြစ်ပါတယ်။

play


၆။ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဆီးချိုရောဂါ နောက်ဆက်တွဲအဖြစ် ခံစားရလေ့ရှိပြီး ဒီရောဂါတွေကြောင့် ဆီးချိုရှိသူ ၅၀ မှ ၈၀ ရာခိုင်နှုန်း သေဆုံးရတယ်လို့ ဆိုပါတယ်။

၇။ ၂၀၁၂ ခုနှစ်မှာ ဆီးချိုရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူပေါင်း ၁.၅ သန်း သေဆုံးခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့ အရေအတွက်ပဲ ဖြစ်ပါတယ်။

၈။ ဆီးချိုဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းကျော်ကို ဝင်ငွေနည်းတဲ့ နိုင်ငံတွေနဲ့၊ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံတွေမှာ တွေ့ရှိရပါတယ်။

play


၉။ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ မရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းနဲ့ အဓိက လိုအပ်တဲ့ ဆေးဝါးများ မရှိခြင်းတို့ကြောင့် ဆီးချိုနောက်ဆက်တွဲ မျက်လုံးကွယ်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ရခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေ ဖြစ်စေပါတယ်။

play


၁၀။ အင်ဆူလင်ကို ကိုယ်ခန္ဓာက အကျိုးမဲ့ အသုံးပြုခြင်းဖြစ်တဲ့ ဒုတိယအမျိုးအစား (Type 2) ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။ အစားအသောက်ဆင်ခြင်ခြင်းနဲ့ မိနစ် ၃၀ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းတို့ဖြင့် ဒုတိယအမျိုးအစား (Type 2) ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာတွင်း အင်ဆူလင် လျော့ကျခြင်းဖြစ်တဲ့ ပထမအမျိုးအစား (Type 1) ဆီးချိုရောဂါကိုတော့ ကြိုတင်ကာကွယ်နိုင်ခြင်း မရှိပါဘူး။
Source & Photo: WHO, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ