Lifestyle: စမတ်ဖုန်းတွေကို မုန်းမိတဲ့ အချိန် (၁၁) ချိန်

ယနေ့ခေတ်မှာ စမတ်ဖုန်းက အားလုံးအတွက် မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်နေပါပြီ။

play

 

တစ်ခါတလေမှာ စမတ်ဖုန်းတွေ လုံးဝမရှိခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတဲ့အချိန်တွေ လူတိုင်းမှာ ရှိဖူးပါတယ်။ အဲဒါကတော့ စမတ်ဖုန်းကြောင့် ဒေါသထွက်ရတဲ့ ဒီလို အချိန်တွေပါပဲ။

၁။ ကိုယ့်ရဲ့အဖော်က ဖုန်းကိုပဲ အာရုံစိုက်နေချိန်

ကိုယ်နဲ့အတူရှိနေတဲ့သူက ဖုန်းကိုပဲ ငုံ့ကြည့်နေတာလောက် စိတ်အနှောင့်အယှက်ဖြစ်ရတာ မရှိပါဘူး။ စကားပြောလို့ ကောင်းတုန်းရှိသေး ဖုန်း ဒါမှမဟုတ် မက်ဆေ့ဝင်လာတဲ့အတွက် စကားဖြတ်လိုက်ရတာမျိုး ကြုံရတယ်။ အရမ်းစိတ်ပျက်စရာ ကောင်းပါတယ်။

play

 

၂။ လူတွေက ဖုန်းနဲ့ သီချင်းဖွင့်တဲ့အချိန်

ဘတ်စ်ကားစီးချိန်မှာ လူကျပ်လို့၊ ကားကျပ်လို့ စိတ်ညစ်ရတဲ့အထဲ ဘေးနားကလူက နားကျပ်မတပ်ဘဲ သီချင်းနားထောင်နေတာကလည်း စိတ်ပျက်စရာပါ။ သူကြိုက်တာနဲ့ပဲ ဘေးနားကလူတွေလည်း နားထောင်ချင်မလားလို့များ ထင်နေသလားမသိဘူး။

၃။ ဘေးကလူက ဖုန်းအကြာကြီးပြောနေတာကို နားမထောင်ချင်ဘဲ နားထောင်ရချိန်

ကားပေါ်မှာ အိမ်ပြန်ချိန် နေရာလေးရလို့ မျက်လုံးလေးမှိတ်ပြီး အနားယူမယ်လို့ စဉ်းစားတုန်းရှိသေးတယ်။ ဘေးနားကလူက ဖုန်းကို အကျယ်ကြီးပြောဆို ငြင်းခုန်နေတာမျိုး ဒါမှမဟုတ် ရည်းစားနဲ့ ကြူနေတာမျိုး ကြုံရတဲ့အခါ နားမထောင်ချင်လည်း နားထောင်နေရပါတယ်။

၎။ ကိုယ်ဖုန်းခေါ်တဲ့သူက ဖုန်းမကိုင်ချိန်

အခုလေးတင် ဖုန်းခေါ်ထားတာကို မကိုင်မိလို့ ပြန်ခေါ်တယ်၊ အဲဒီလူက ဖုန်းမကိုင်တော့ဘူး။ ဖုန်းခေါ်ပြီးပြီးချင်း ပြန်ခေါ်တဲ့အတွက် ဖုန်းက သူ့နားမှာပဲ ရှိရမှာလေ။ ဖုန်းဆိုတာ ဆက်သွယ်ရ လွယ်ကူအောင် လုပ်ထားတဲ့ ပစ္စည်းမဟုတ်ဘူးလား။ အခုတော့ သူက ခေါ်၊ ကိုယ်ကမကိုင်၊ ကိုယ်က ခေါ်၊ သူကမကိုင်နဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရဖို့ကို အချိန်အကြာကြီး စောင့်နေရတဲ့အခါ တော်တော် ဒေါသထွက်စရာကောင်းပါတယ်။

play

 

၅။ စွဲလမ်းမှုတစ်ခု ဖြစ်သွားတယ်

ဖုန်းပျောက်သွားချိန် ဒါမှမဟုတ် အိမ်မှာ ဖုန်းမေ့ကျန်ခဲ့ချိန်တွေမှာ ဘယ်လိုမှ နေသာထိုင်သာမရှိဘူး။ ဖုန်းတွေက အသုံးဝင်တာ မှန်ပေမဲ့ ခဏလေး ဖုန်းနဲ့ ဝေးကွာရချိန်မှာ လိုအပ်တာထက်ပိုပြီး စိတ်က မနေတတ်တော့ဘူး။ ဒီစွဲလမ်းမှုပြဿနာက တစ်နေ့တခြား ပိုဆိုးလာမယ့်အရာဖြစ်တယ်။

၆။ ဖုန်းအားကုန်သွားချိန်

ချိန်းဆိုထားတာတွေရှိနေတယ်။ အဲဒီလူတွေနဲ့ တွေ့ဖို့က ဒီဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်မှ ရမယ့်အချိန်မျိုး။

၇။ ဖုန်းလိုင်းမမိချိန်

ဖုန်းလိုင်းမမိတဲ့ နေရာရောက်သွားရင် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ခံရတယ်လို့ ခံစားရတယ်။ ကိုယ်ပို့လိုက်တဲ့ မက်ဆေ့က ထွက်မသွားတာ၊ အင်တာနက်လိုင်း ပြတ်သွားတာတို့က စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ်။ ဖုန်းလေး တကိုင်ကိုင်နဲ့ ဘယ်အချိန် လိုင်းမိမလဲလို့ စောင့်ရတာလည်း ဒုက္ခတစ်မျိုးပါပဲ။

play

 

၈။ ပြဿနာမျိုးစုံ ဖန်တီးပေးတယ်

မက်ဆေ့မှားပို့မိလို့ ပြဿနာတက်သွားတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းဆီကို နောက်ပြောင်ပြီး စာပို့လိုက်တာ ဖုန်းမှားဝင်သွားလို့ အဖမ်းခံလိုက်ရတဲ့ သတင်းလည်း ကြားဖူးကြမှာပါ။  ဖုန်းကြောင့် ပြဿနာမတက်ဖူးတဲ့ စုံတွဲတွေဆိုတာလည်း မရှိသလောက်ပါပဲ။ ဖုန်းက ပြဿနာမျိုးစုံကို လက်ယက်ခေါ်နေတဲ့ ပစ္စည်းတစ်မျိုးလည်း ဖြစ်ပြန်ပါသေးတယ်။

၉။ စိတ်လွတ်လက်လွတ်နေလို့ မရတော့ခြင်း

အပြင်မှာ သူငယ်ချင်းတွေနဲ့ အေးဆေးတွေ့ချင်ချိန် အိမ်က ဖုန်းတဂွမ်ဂွမ်ဆက်တာ၊ ကိုယ့်ရဲ့နားချိန် မဟုတ်ဘဲ အလုပ်ရှင်က ဖုန်းဆက်ခေါ်တာ၊ ဖုန်းပိတ်ထားရင် ပိုပြီး ပြဿနာတက်နိုင်တဲ့ အဲဒီလို အချိန်မျိုးတွေမှာ ဖုန်းကို အမုန်းကြီးမုန်းမိကြပါတယ်။

၁၀။ ငွေကုန်ကြေးကျများတယ်

ဖုန်းအသစ်မြင်ရင် လိုချင်ရတာလည်း ရောဂါတစ်မျိုးပါပဲ။ အဲဒီစိတ်ကို ထိန်းချုပ်နိုင်ရင်တောင် ဖုန်းပျောက်သွားတာ၊ ကျကွဲသွားတာ၊ ပျက်သွားတာမျိုးဆိုရင် အသစ်တစ်လုံး အမြန်ဝယ်ရပြန်တယ်။ စမတ်ဖုန်းမရှိဘဲမှ မနေတတ်တော့ပဲကိုး။

၁၁။ မတော်တဆမှုတွေ ဖြစ်ပေါ်စေတယ်

လူတွေက ဖုန်းကို အာရုံစိုက်လွန်းတဲ့အတွက် ဘေးဘီကိုလည်း မကြည့်တော့သလို ရှေ့တည့်တည့်က လူလာရင်တောင် မမြင်တော့ပါဘူး။ လူလူချင်း တိုက်မိတာက တော်သေးတယ်၊ ဖုန်းကိုပဲ ကြည့်နေလို့ ကားနဲ့တိုက်မိတာ၊ ရထားအောက်ထဲ ဝင်သွားတာစတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ