Lifestyle: အမှတ်တမဲ့ တီထွင်ဖြစ်သွားတဲ့ အသုံးဝင်ပစ္စည်း (၅) မျိုး

အခုတော့ အဲဒါတွေမရှိရင်တောင် မနေတတ်ကြတော့ပါဘူး။

 

ရည်ရွယ်တီထွင်ခဲ့ကြတဲ့ အရာတွေ မဟုတ်ဘဲ အမှားယွင်းတစ်ခုကနေ ဒါမှမဟုတ် အမှတ်တမဲ့ တီထွင်ဖြစ်သွားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

၁။ လက်ဖက်အိတ်

 

၁၉၀၄ ခုနှစ်က အမေရိကန် လက်ဖက်ကုန်သည် သောမတ်စ်ဆယ်လီဗန်ဟာ ဖောက်သည်တွေဆီကို လက်ဖက်နမူနာပို့ဖို့ သံဘူးတွေကို သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်လျောစေဖို့ လက်ရက် ပိုးအိတ်ထဲထည့်ပြီး ပို့ခဲ့တယ်။ အဲဒီအချိန်မှာ အမှာစာတွေက လက်ဖက်တွေတင်မဟုတ်ဘဲ နမူနာအဖြစ် ပို့လိုက်တဲ့ လက်ဖက်အိတ်တွေအတွက်ပါ ရောက်လာခဲ့ပါတယ်။

၂။ ကပ်ခွာစာရွက်လေးတွေ (Post-It Notes)

 

၁၉၇၀ ပြည့်နှစ်မှာ စမ်းသပ်ခန်းတစ်ခုက ကပ်အားကောင်းတဲ့ ကော်တစ်မျိုးကို တီထွင်ဖို့ ကြိုးစားခဲ့ပေမဲ့ သိပ်မကပ်တဲ့ ကော်တွေသာ ထွက်လာခဲ့တယ်။ နှစ်အနည်းငယ် အကြာမှာ သိပ္ပံပညာရှင်တစ်ဦးဟာ သူ့ရဲ့ဓမ္မတေးစာအုပ်မှာ အမှတ်အသားအဖြစ် ညှပ်တဲ့ စာရွက်လေးတွေက ပြုတ်ပြုတ်ကျနေတဲ့အတွက် မကပ်တဲ့ကော်တွေကို သတိရမိတယ်။ အဲဒီကော်က အမှတ်အသားစာရွက်လေးတွေကို ပြုတ်မကျစေတဲ့အပြင် ပြန်ဖြုတ်ချိန်မှာလည်း စာရွက်သားက ပြဲသွားမှာ မဟုတ်ဘူးလေ။ ဒီနေ့ခေတ်မှာတော့ ရုံးတိုင်းမှာ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

၃။ ရေခဲမုန့်ခွက်

 

၁၉၀၄ ခုနှစ်က မစ္စူရီပြည်နယ်၊ စိန့်လူးဝစ်မှာ ပြုလုပ်တဲ့ ကုန်စည်ပြပွဲမှာ ဈေးသည်နှစ်ဦး ဘေးချင်းယှဉ် ဈေးရောင်းကြတယ်။ တစ်ဦးက ဝေဖာတွေ ရောင်းပြီး နောက်တစ်ဦးက ရေခဲမုန့်ရောင်းတယ်။ ရေခဲမုန့်သည်က ရေခဲမုန့်ထည့်စရာခွက် ကုန်သွားတဲ့အခါမှာတော့ ဘေးဆိုင်က ဝေဖာသည်က သူ့ရဲ့ ဝေဖာတွေကို ကတော့ပုံလုပ်ပြီး ရေခဲမုန့်ထည့်ဖို့ ပေးလိုက်တယ်။ အဲဒီကစပြီး ဝေဖာရေခဲမုန့်ခွက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

၎။ မိုက်ခရိုဝေ့မီးဖို

 

၁၉၄၀ ပြည့်နှစ်တွေအတွင်းမှာ ရေတပ် ရေဒါကျွမ်းကျင်သူ ပေါ်စီစပန်ဆာဟာ သူ့ရဲ့အိတ်ထဲက ချောကလက်ချောင်း အရည်ပျော်တိုင်း မိုက်ခရိုဝေ့စက်ကြီးနားမှာ ထားလေ့ရှိတယ်။ ပထမဆုံး စမ်းသပ်လိုက်တဲ့ မိုက်ခရိုဝေ့ဟာ ၅ ပေခွဲရှည်ပြီး ပေါင် ၇၅၀ လေးကာ ဒေါ်လာ ၅,၀၀၀ ကျသင့်ပါတယ်။ အခုခေတ်မှာ ပိုသေး၊ ပိုဈေးချိုပြီး အသုံးဝင်တဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်လာတာ ဝမ်းသာစရာပါပဲ။

၅။ ကပ်ခွာ (Velcro)

 

ဆွစ်အင်ဂျင်နီယာတစ်ဦးဟာ ၁၉၄၀ ပြည့်နှစ်တွေအတွင်းမှာ အမဲလိုက်ထွက်တော့ သူ့ရဲ့ဘောင်းဘီနဲ့ ခွေးမွေးတွေမှာ ကပ်စေးနှဲသီးတွေ ကပ်ပါလာတာကို သတိထားမိတယ်။ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်လိုက်တော့ ကပ်စေးနှဲသီးမှာရှိတဲ့ သေးငယ်လှတဲ့ ချိတ်ကောက်လေးတွေက အဝတ်စတွေမှာ မြဲမြံစွာ ကပ်နေနိုင်တာကို မြင်တွေ့လိုက်ရပါတယ်။ သူ့ရဲ့တီထွင်မှု ပြည့်စုံကောင်းမွန်လာဖို့ နှစ်နဲ့ချီ ပြုလုပ်ခဲ့ပြီးတဲ့နောက် အဲဒီပစ္စည်းကို ပြင်သစ်စကား Velour (ကတ္တီပါ) နဲ့ Crochet (ချိတ်) ကို ပေါင်းစပ်ပြီး Velcro လို့ နံမည်ပေးခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ