Lifestyle: လမ်းခွဲတာများပြီး ပေါင်းဖက်တာနည်းသွားတဲ့ စင်ကာပူ

ကွာရှင်းပြတ်စဲမှု အများဆုံး စုံတွဲများမှာ ၅ နှစ်မှ ၉ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့သူများ ဖြစ်ပါတယ်။


စင်ကာပူမှာ ကွာရှင်းပြတ်စဲတဲ့ စုံတွဲတွေများလာပြီး လက်ထပ်ထိမ်းမြားတဲ့ စုံတွဲအရေအတွက် နည်းလာကြောင်း စာရင်းအင်းအချက်အလက်ဌာန (Singstat) က ဇူလိုင် ၁၃ ရက် (ဗုဒ္ဓဟူးနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။


ယမန်နှစ်အတွင်း ကွာရှင်းပြတ်စဲတဲ့ စုံတွဲအရေအတွက်ဟာ ၇,၅၂၂ တွဲရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် ၂.၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က ကွာရှင်းတဲ့ စုံတွဲအရေအတွက်မှာ ၇,၃၀၇ ဦးဖြစ်ကြောင်း သိရပါတယ်။ လက်ထပ်ထိမ်းမြားတဲ့ စုံတွဲကတော့ ၂၀၁၄ ခုနှစ်က ၂၈,၃၂၂ ရှိခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်မှာ ၂၈,၄၀၇ တွဲသို့ လျော့ကျသွားပါတယ်။


၂၀၀၅ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားမှာ ကွာရှင်းပြတ်စဲတဲ့ စုံတွဲများအရဲ့ အသက်အရွယ်ဟာလည်း သိသာစွာ ပြောင်းလဲသွားတယ်လို့ Singstat စာရင်းများက ဖော်ပြပါတယ်။ ၂၀၀၅ ခုနှစ်က အသက် ၄၅ နှစ်နဲ့အထက် အမျိုးသားများ ကွာရှင်းပြတ်စဲမှုမှာ ၃၀ ရာခိုင်နှုန်းရှိခဲ့ရာက ယမန်နှစ်မှာ ၄၂.၄ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပါတယ်။


အဆိုပါ အသက်အရွယ် အမျိုးသမီးများ ကွာရှင်းမှုမှာလည်း ၂၀.၁ ရာခိုင်နှုန်းမှ ၂၇.၅ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ထပ်ပေါင်းသင်းမှု ပျမ်းမျှကြာမြင့်တဲ့ ကာလမှာလည်း ၂၀၁၄ ခုနှစ်မှာ ၁၀.၄ နှစ်မှ ၂၀၁၅ ခုနှစ်မှာ ၁၀ နှစ်သို့ အနည်းငယ် လျော့ကျသွားကြောင်း Singstat က ထုတ်ပြန်တဲ့ စာရင်းများက ဆိုပါတယ်။

ကွာရှင်းပြတ်စဲမှု အများဆုံး စုံတွဲများမှာ ၅ နှစ်မှ ၉ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့သူများဖြစ်ပြီး ၃၁.၅ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံးမှာမူ နှစ် ၂၀ နဲ့အထက် လက်ထပ်ပေါင်းသင်းခဲ့တဲ့ စုံတွဲများဖြစ်ကြပြီး ၂၁.၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။
Source & Photo: CNA, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ