Lifestyle: လုံခြုံမှုမရှိတဲ့ ဗင်နီဇွဲလားလမ်းမပေါ်မှာ ပိုကီမွန်ဖမ်းရတဲ့ အဖြစ်

စမတ်ဖုန်းတွေကို ထင်သာမြင်သာကိုင်ပြီး ဗင်နီဇွဲလားလမ်းမတွေမှာ ပိုကီမွန်လိုက်ဖမ်းခြင်းက အန္တရာယ်များကြောင်း သတိပေးထားပါတယ်။

play


ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေ ရှိနေပြီး လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်နေတဲ့ ဗင်နီဇွဲလားမှာ စမတ်ဖုန်းတွေက အလစ်သုတ်သူတွေ လုယက်သူတွေအတွက် ပစ်မှတ်ထားစရာ ပစ္စည်းတွေ ဖြစ်နေပါတယ်။

play


ဒါပေမဲ့ ကမ္ဘာတစ်ဝန်း ရေပန်းစားနေတဲ့ Pokemon Go စမတ်ဖုန်းဂိမ်းကိုတော့ ဗင်နီဇွဲလား လူငယ်တွေလည်း ဆော့ချင်ကြတာပါပဲ။ ပိုကီမွန်ဂိမ်းရဲ့ သဘောအရ စမတ်ဖုန်းကိုင်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်သွားလာရပါတယ်။

play

 

ဗင်နီဇွဲလား လမ်းမတွေပေါ်မှာ စမတ်ဖုန်းကို ထင်သာမြင်သာကိုင်ပြီး လျှောက်သွားနေဖို့ကလည်း အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ ဖြစ်ပါတယ်။

play


ဒီပြဿနာကို ဖြေရှင်းလိုက်တဲ့ ဗင်နီဇွဲလားက အသက် ၂၂ နှစ်အရွယ် လူငယ်လေးတစ်ဦးရဲ့ စိတ်ကူးက ကောင်းမွန်လှပါတယ်။ ကားလို့စ်ရေနာ အမည်ရှိတဲ့ ဂိမ်းကစားတဲ့ လူငယ်လေးက ၁၉ ရာစုနှစ်ထုတ် ပြင်သစ်ဝတ္တုစာအုပ် တစ်အုပ်အတွင်း စမတ်ဖုန်းဝင်ဆံ့အောင် စာရွက်တွေကိုထွင်းပြီး နေရာဖန်တီးထားပါတယ်။

play


စာအုပ်မှာထွင်းထားတဲ့ အံခွက်အတွင်း စမတ်ဖုန်းကို မြှုပ်နှံထည့်သွင်းကာ Pokemon Go ဂိမ်းမှ ပိုကီမွန်တွေကို ဗင်နီဇွဲလားမှာ လိုက်ဖမ်းပါတော့တယ်။ အဆိုပါ လူငယ်လေးရဲ့ ဖန်တီးထားမှုအရ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် လမ်းသွားရင်း စာအုပ်ဖတ်နေသလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play


ဗင်နီဇွဲလားမှာ Pokemon Go ပရိသတ်အဖွဲ့ကို စည်းရုံးတည်ထောင်ထားတဲ့ အသက် ၃၀ အရွယ် လူးဝစ် ဗားဂက်စ်ကလည်း စမတ်ဖုန်းတွေကို ထင်သာမြင်သာကိုင်ပြီး ဗင်နီဇွဲလားလမ်းမတွေမှာ ပိုကီမွန်လိုက်ဖမ်းခြင်းက အန္တရာယ်များကြောင်း သတိပေးထားပါတယ်။ စမတ်ဖုန်းနဲ့ သင့်ရဲ့အသက်က ပိုကီမွန်တစ်ကောင်ထက် ပိုပြီးတန်ဖိုးရှိကြောင်း ဗားဂက်စ်က ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ