play


တစ်ပတ်တာလုံး အလုပ်လုပ်နေရသူတွေအတွက် သောကြာညနေဟာ စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်ထက်တောင် တန်ဖိုးရှိပါတယ်။ အလုပ်တွေကိုချည်း တကုပ်ကုပ်လုပ်နေရင်း အလုပ်ရဲ့စိဖိစီးမှုတွေက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ယိုယွင်းလာစေပါတယ်။ စိတ်ကို အပန်းဖြေပေးနိုင်ဖို့တော့ လိုတယ်မဟုတ်လား။

ဒီလိုနဲ့ပဲ လူရောစိတ်ရော ပင်ပန်းလာတဲ့အခါ အလုပ်တွေလည်း ကောင်းကောင်းမလုပ်နိုင်တော့ဘူးလေ။ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကို ပြန်လည်အားပြည့်စေဖို့ရာ သောကြာညလေးတွေမှာ အပန်းဖြေပေးသင့်ပါတယ်။ ဘော်ဒါတွေနဲ့ သွားလာစားသောက်တာက စိတ်ကိုလွတ်လပ်ပေါ့ပါးသွားစေသလို မိသားစုနဲ့ အချိန်တွေကုန်ဆုံးလိုက်ရတာကလည်း ကိုယ့်စိတ်ကို ခွန်အားဖြစ်စေပါတယ်။

play
Thai 47 ဆိုင်ရဲ့အစားအသောက်ဈေးနှုန်းများ

 

အပေါင်းအသင်းတွေနဲ့ ဖြတ်သန်းမယ့် သောကြာည

၁။ ဆုံမယ်

သောက်တတ်စားတတ်သူဆိုရင်တော့ ဘားလေးတစ်ခုမှာ သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့ ချိန်းလို့ ရပါတယ်။ ရန်ကုန်မှာ ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်ဘားတွေပေါများသလို ဈေးနှုန်းမြင့်တဲ့ ဇိမ်ခံဘားတွေလည်း ရှိပါတယ်။ ဒါပေမယ့် သောကြာညနေတွေမှာဆို အထူးပရိုမိုးရှင်းတွေ အပြိုင်အဆိုင် လုပ်လေ့ရှိတာကြောင့်ဒီပရိုမိုးရှင်းတွေကိုကြည့်ပြီး ရွေးချယ်လို့ရပါတယ်။ ထိုင်နေကြဆိုင်ရှိတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဆိုင်သစ်တစ်ဆိုင် ထိုင်မယ်ဆိုရင်တော့ ဂီတပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

ဘားတွေဟာ သောကြာညတွေမှာ ဂီတပိုင်းကိုလည်း ပုံမှန်နေ့တွေနဲ့ မတူဘဲ အထူးအစီစဉ်တွေ လုပ်လေ့ရှိပါတယ်။ ငွေကြေး တတ်နိုင်သူတွေဆိုရင်တော့ ရှုခင်းကောင်းတဲ့ ဘားတွေ၊ သက်သောင့်သက်သာဖြစ်တဲ့ဆိုင်တွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဘားတွေ၊ ဆိုင်တွေမှာ မဆုံချင်ဘူးဆိုရင်လည်း ငွေကြေးသက်သာမယ့် နည်းလမ်းတစ်ခုကတော့ အိမ်မှာ ဆုံကြတာ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်အိမ်မှာ စုပြီး သောက်ကြစားကြတာမျိုး ဖြစ်ပါတယ်။

ဒီလို ဆုံဖို့အတွက် အိမ်ပိုင်ရှင် သူငယ်ချင်းဖြစ်သူက အကုန်အကျခံစရာမလိုပါဘူး။ လာတဲ့ သူငယ်ချင်းတွေက တစ်ယောက် တစ်မျိုးစီ ဟင်းပွဲတွေ ယူလာပေးရင်ကို တော်တော်လေးအဆင်ပြေမှာပါ။ ဒါမှမဟုတ် ရုံးဆင်းတာနဲ့ သူငယ်ချင်းတွေနဲ့ ဈေးအတူသွား၊ ဝယ်စရာရှိတာဝယ်ပြီး အိမ်တစ်အိမ်မှာ အတူချက်စားကြတာကလည်း တကယ်ပျော်စရာကောင်းတဲ့ သောကြာညနေတွေ ဖြစ်လာမှာပါ။

play

 

၂။ သွားမယ်

ဆုံကြ၊ စားကြ၊ သောက်ကြပြီးရင်တော့ တချို့တွေက ခရီးဆက်တတ်ပါတယ်။ သူငယ်ချင်းတွေ စုစုစည်းစည်း ဆုံမိတယ်ဆိုရင်တော့ ခရီးဆက်ဖို့က ပိုသေချာသလောက်ပါပဲ။ ပုံမှန်အားဖြင့်တော့ သောကြာညတွေမှာ ရှိုးပွဲတွေ၊ ဂီတပွဲတွေ ရှိတတ်ပါတယ်။ ပွဲကြီးမဟုတ်တောင် ဆိုင်တွေ ဘားတွေ ကလပ်တွေက စီစဉ်တဲ့ပွဲတွေ ရှိတတ်ပါတယ်။ ဝါသနာတူတဲ့ သူငယ်ချင်းရှိရင်တော့ အဆိုပါနေရာတွေကို ဆက်သွားရုံပါပဲ။

ကိုယ့်ဘော်ဒါတွေထဲ မိုက်ခဲတွေ များတယ်ဆိုရင်တော့ KTV ကို သွားရုံပါပဲ။ ရန်ကုန်မှာ ယောကျာ်းလေး၊မိန်းကလေး မခွဲခြားတဲ့ Family Type  KTV တွေလည်း အမြောက်အများ ရှိနေပါပြီ။ ဒါမှမဟုတ် ရန်ကုန်လိုနေရာတွေမှာဆို လှိုင်မြစ်ကမ်းနားသွားပြီး မြစ်ကိုဖြတ်လာတဲ့လေအေးလေးတွေကို ခံစားရတာကလည်း အရသာတစ်မျိုးပါပဲ။

ငွေကုန်ကြေးကျသက်သာတဲ့ နည်းတစ်နည်းကတော့ ရုပ်ရှင်ကြည့်တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ကောင်းကောင်းလေးတစ်ခုမှာ စား၊ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားကောင်းကောင်းလေးတစ်ကားကြည့်ပြီး သောကြာညကို ဖြတ်သန်းလိုက်တာကလည်း ပိုက်ဆံသိပ်မကုန်သလို အေးအေးချမ်းချမ်း ရှိပါတယ်။

၃။ ပြန်မယ်

အလည်လွန်သူတွေအတွက်တော့ အပြန်နောက်ကျမယ်ဆိုရင် စိတ်ချရတဲ့ အဖော်လိုပါတယ်။ မိန်းကလေးတွေဆိုရင် ပိုဂရုစိုက်ရပါမယ်။ ကားနဲ့ လိုက်ပို့မယ်သူငယ်ချင်းရှိတယ်ဆိုရင် ကားမောင်းတဲ့လူက စိတ်ချရဖို့ လိုပါတယ်။ အရမ်းမူးနေလို့ မဖြစ်ပါဘူး။ ကိုယ့်ကို ချောချောမွေ့မွေ့လိုက်ပို့ပြီးရင်တောင် ဒီသူငယ်ချင်းက အိမ်ကို တန်းတန်းမတ်မတ်ပြန်သွားဖို့ တိုက်တွန်းသင့်ပါတယ်။ အငှားကားနဲ့ ပြန်မယ်ဆိုရင်လည်း စိတ်ချရတဲ့ အငှားကားကို အစောကြီးကတည်းက ကြိုချိတ်ထားသင့်ပါတယ်။

သူငယ်ချင်းတွေနဲ့ ဆုံမယ့်နေရာဟာ အိမ်နဲ့ ဝေးလွန်းတယ်ဆိုရင်တော့ အပြန်လမ်းခရီးတွက် ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်လည်းစိတ်ချရတယ်၊ အေးအေးဆေးဆေးလည်း ရှိတယ်ဆိုရင်တော့ သောကြာညမှာ လမ်းလျှောက်ရတာကလည်း အရသာပါ။ လူပျိုပေါက်အရွယ်မှာ သူငယ်ချင်းတွေနဲ့ ရပ်ကွက်ထဲ လမ်းလျှောက်ပြန်လာရတဲ့  အရသာမျိုးကို ပြန်ရယူနိုင်ပါတယ်။

သောကြာညတိုင်း စိတ်လွတ်ကိုယ်လွတ်ပျော်တာတွေ များနေတယ်ဆိုရင်လည်း ဂရုစိုက်ပါဦး။ အထူးသဖြင့် သောက်တတ်သူတွေဆိုရင်တော့ သောကြာညတိုင်း စိတ်လွတ်လက်လွတ်သောက်ရာကနေ နေ့စဉ်နေ့တိုင်း မဖြစ်သွားဖို့ အရေးကြီးပါတယ်။

 

မိသားစုနဲ့ ဖြတ်သန်းကြမယ့် သောကြာည

သောကြာနေ့ဆို နားရတော့မယ်ဆိုတဲ့ အသိနဲ့ သိပ်ပျော်တာပဲ။ တနင်္လာနေ့ကနေ စပြီး တောက်လျှောက်အလုပ်လုပ်လာလိုက်ရတာ။ စနေနေ့ နေ့တစ်ဝက် တက်ရဦးမယ်ဆိုရင်လည်း ပျော်နေသေးတယ်။ ကြားရက်တွေဆို သူငယ်ချင်းတွေက တွေ့မယ်ချိန်းရင်တောင် လိုက်မသွားဖြစ်တာက များပါတယ်။ အပြင်ထွက်လိုက်ရင် ပင်ပန်းမှာနဲ့ နောက်နေ့ ရုံးတက်ရဦးမှာနဲ့ဆိုရင် အပန်းမပြေတဲ့အပြင် ပိုတောင် ပင်ပန်းလို့ ဘယ်မှကို မသွားဖြစ်ပါဘူး။ အလုပ်ရယ်၊ အိမ်ရယ်နဲ့ပဲ သွားဖြစ်တဲ့သူတွေလည်း ရှိပါတယ်။

play


အပြင်ပဲသွားသွား၊ အိမ်မှာပဲ အနားယူယူ သောကြာနေ့ဆိုရင်တော့ တစ်ခုမဟုတ်တစ်ခုတော့ အစီအစဉ်က ပေါ်တတ်တာပါပဲ။ ဟိုလူကခေါ် ဒီလူကခေါ်နဲ့ သောက်စားသွားလာခဲ့ပေမဲ့ ဒီတစ်ပတ်တော့ အိမ်မှာပဲ နှပ်နေချင်စိတ်ပေါက်နေလို့ မိသားစုနဲ့ပဲ နေမယ် စိတ်ကူးထားပါတယ်။ မိသားစုဆုံချိန်က ညဘက်တွေပါပဲ။

၁။ အိမ်မှာဘာလုပ်ကြမလဲ

မိသားစုတွေက ကျောင်းသွား၊ အလုပ်သွားနဲ့ နေ့ဘက်ဆို ဘယ်လိုမှ လူမစုံနိုင်ဘူးလေ။ ပြန်ရောက်တော့လည်း အလုပ်တွေပါလာတာနဲ့ အလုပ်ပင်ပန်းလာတာနဲ့ဆိုတော့ ထမင်းဝိုင်းမှာတောင် သိပ်မဆုံဖြစ်ကြပြန်ဘူး။ တီဗီကြည့်မယ်ဆိုတော့လည်း အဖေက ဒရာမာကား၊ အမေက Myanmar Idol နဲ့ဆိုတော့ လုရပြန်ရော။ ဒါပေမဲ့ ဇာတ်လမ်းကောင်းတဲ့အခါကျတော့ အတူတူစုပြီး ကြည့်ဖြစ်ကြပါတယ်။

သောကြာညနေပိုင်းကတော့ နောက်နေ့ အလုပ်မလုပ်ရဘူးဆိုတော့ အေးအေးလူလူ တီဗီရှေ့စုကြည့်ကြတာပေါ့။ မုန့်လေးဘာလေးလည်း လုပ်စားပြီး ကြည့်ရတာ ကောင်းပါတယ်။ ဟော့ပေါ့လေး လုပ်စားရင်း တီဗီကြည့်လို့လည်းရတယ်။ ဒီလိုမှမဟုတ်ဘူးဆိုလည်း စားချင်တာတွေကို အနားမှာယူထားပြီး စကားလေးပြောလိုက် ငြင်းခုံလိုက်နဲ့ တီဗီကြည့်ရတာ မိသားစုရဲ့တန်ဖိုးကို အပြည့်အဝ ခံစားမိစေပါတယ်။

play
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲမှာ ပြုလုပ်ထားတဲ့ Myanmar International Lighting Festival

 

၂။ အပြင်သွားကြမလား

အိမ်မှာ မုန့်လုပ်စားတာမျိုးက ပင်ပန်းတယ်ဆိုလည်း အပြင်မှာ ညစာထွက်စားလို့ရတာပဲ။ စားကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်မှာ မိသားစုလိုက် လက်ဆုံစားကြတာပေါ့။ ကိုယ်တွေလို အကြံတူတဲ့ မိသားစုတွေလည်း ရှိတတ်တာမို့ ဘွတ်ကင်ကြိုလုပ်ထားမှ စိတ်ချရပါလိမ့်မယ်။ Myanmar Culture Village ဘက်ကို သွားကြည့်ပါ။ ရွှေတိဂုံဘုရားလည်းဖူးရတာပေါ့။ စားပြီးသောက်ပြီးရင် ပြည်သူ့ရင်ပြင်ထဲက Myanmar International Lighting Festival 2017 ကိုလည်း ဝင်ကြည့်လို့ရပါတယ်။ ဝင်ကြေးက ၃၀၀၀ ကျပ်ပါပဲ။

မိသားစုလိုက် အလှဓာတ်ပုံလည်း ရိုက်ရတာပေါ့။ အပြန်ကျမှ ရုပ်ရှင်ကြည့်လိုက်လို့လည်း ရတာပဲ။ နောက်ထပ် ရွေးချယ်စရာကတော့ Shwe Daung ဆပ်ကပ်ပါဖြစ်ပါတယ်။ ဝင်ကြေးက ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိသာ ပေးရပါတယ်။ လုံးဝကို စိတ်တွေ ပေါ့ပါး အပန်းပြေသွားမှာပါ။ သားသမီးတွေနဲ့ သူငယ်ချင်းလို တရင်းတနှီးပေါင်းတတ်တဲ့ မိဘတွေဆိုရင် မိသားစုလိုက်သွားလို့ရမယ့် Family KTV မျိုးမှာ တစ်ယောက်တစ်လှည့် သွားဟဲလို့ရသေးတယ်။

သူငယ်ချင်းတွေနဲ့က လူငယ်သဘာဝပျော်ဖို့ကောင်းသလို မိသားစုနဲ့ဆိုရင်လည်း လွတ်လပ်ပေါ့ပါးမှုက ဘာနဲ့မှ မတူပါဘူး။ ဘော်ဒါတွေနဲ့ TGIF တာ များနေပြီဆိုရင် မိသားစုကိုလည်း အချိန်ပေးကြည့်ပါ။ မိသားဆိုတာ နွေးထွေးလုံခြုံတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ပါတယ်။ လူစုံတက်စုံ ရှိနေတုန်းလေး တစ်ယောက်ကိုတစ်ယောက် အချိန်ပေးရင်းနဲ့ သောကြာညတွေဟာ ပျော်ရွှင်တဲ့ မေတ္တာဓာတ်တွေ လွှမ်းခြုံထားရတာ သိပ်ကိုကြည်နူးစရာကောင်းနေမှာ သေချာပါတယ်။

ဘာကိုရွေးမလဲ?

Duwun ပရိသတ်ကြီးရော ...
သောကြောညမှာ မိသားစုနဲ့ အိမ်မှာပဲနေမလား? အပေါင်းအသင်းတွေနဲ့ နိုက်အောက်ထွက်ကြမလား?

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video