Lifestyle: မကောင်းတဲ့အလေ့အထတွေကို ဘယ်လိုရပ်တန့်ကြမလဲ

အလေ့အထတစ်ခုဆိုတာ စွဲမြဲသွားပြီဆိုရင် ရပ်တန့်ရခက်ခဲပါတယ်။

play


ခင်ဗျားမှာသာ မကောင်းတဲ့အလေ့အထတစ်ခုရှိပြီး အဲဒီအလေ့အထကိုဖြတ်တောက်ဖို့လည်း ကြိုးပမ်းခဲ့ဖူးမယ်ဆိုရင် အဲဒီလိုလုပ်ရတာဘယ်လောက်ခက်ခဲတယ်ဆိုတာကိုလည်း သိနေမှာပါ။ ကိုယ့်ကို ထိခိုက်စေနိုင်မှန်းသိသိရက်နဲ့ မသိစိတ်ရဲ့စေ့ဆော်မှုကြောင့် စိတ်ကိုအလိုလိုက်နေရတာဟာ ဆိုးရွားလှပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရတော့ အလေ့အထတွေဆိုတာ ကျွန်တော်တို့ရဲ့ ဦးနှောက်က ကျွန်တော်တို့တွေနေ့စဉ်လုပ်နေမိကြတဲ့လုပ်ရိုးလုပ်စဉ်အရာတွေကို မှတ်သားထားပြီး အချိန်တွေကြာလာတဲ့အခါ မသိစိတ်ထဲက အဲဒီလုပ်ရိုးလုပ်စဉ်အရာတွေကို ပြုလုပ်ဖို့အတွက် တောင့်တလာတာမျိုးပါ။ မကောင်းတဲ့အလေ့အထတွေကို ဖြတ်တောက်ဖို့အတွက် စိတ်ကိုပဲစေခိုင်းနိုင်ပါတယ်။

play

၁။ ကိုယ့်ကိုယ်ကိုယ်သိအောင် အရင်လုပ်ပါ
 

မကောင်းတဲ့အလေ့အထတွေက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ သူများအတွက်အလုပ်ဖြစ်တာတွေက ခင်ဗျားအတွက်အလုပ်ဖြစ်ချင်မှဖြစ်မှာပါ။ ဒါကြောင့် ခင်ဗျားရဲ့အလေ့အကျင့်တွေကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ပါ။ ဥပမာ... ခင်ဗျားရဲ့မကောင်းတဲ့အလေ့အထက ဆေးလိပ်သောက်တာဆိုရင် ခင်ဗျားတစ်နေ့ကို ဆေးလိပ်ဘယ်နကြိမ်သောက်မိလဲ။ တစ်ခါသောက်ရင် ဘယ်နလိပ်သောက်တတ်လဲ။ ဆေးလိပ်တစ်ဘူးကို ဘနရက်ခံလဲ.. အစရှိတာတွေကို ဒိုင်ယာရီနဲ့ရေးမှတ်ထားသင့်ပါတယ်။ ကိုယ့်ရဲ့မကောင်းတဲ့အလေ့အထအကြောင်းကို သိစိတ်ကပါ နားလည်လာမှ ရပ်တန့်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကိုတွေ့ရှိလာမှာပါ။

၂။ အပြောင်းအလဲလေးလုပ်ကြည့်ပါ

အလေ့အထတွေဆိုတာ ပတ်ဝန်းကျင်အခြေအနေနဲ့လည်းဆိုင်ပါတယ်။ ဥပမာ... ခင်ဗျားက နေ့စဉ်ရုံးသွားဖို့ကားဂိတ်မှာ ကားစောင့်ချိန်တိုင်း ဆေးလိပ်တစ်လိပ်ဖွာတတ်တယ်ဆိုရင် ကားစီးမယ့်အစား မြို့ပတ်ရထား ပြောင်းစီးကြည့်လိုက်ပါ။ လူတွေရဲ့အလေ့အထဆိုတာ မသိစိတ်နဲ့လည်းဆိုင်တော့ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်နေတဲ့ပတ်ဝန်းကျင်တစ်ခုမှာ ရင်းနှီးကျွမ်းဝင်နေတဲ့အရာတစ်ခုကို လက်ကအလွယ်တကူ လုပ်မိတတ်ပါတယ်။ အပြောင်းအလဲလေးဖြစ်သွားမယ်ဆိုရင် မသိစိတ်က မကောင်းတဲ့အလေ့အထတွေကိုလုပ်ဖို့ စေ့ဆော်နိုင်ခြေလည်းနည်းသွားပြီး သိစိတ်ကလည်း စောင့်ကြည့်ထိန်းချုပ်နိုင်ပါတယ်။

play

၃။ ကောင်းတဲ့အလေ့အထတွေနဲ့ပြောင်းလဲအစားထိုးပါ
 

မကောင်းတဲ့အလေ့အထတွေကို ကောင်းတဲ့အလေ့အထတွေနဲ့ပြောင်းလဲအစားထိုးကြည့်လိုက်ပါ။ ဆေးလိပ်နဲ့ပဲဥပမာဆက်ပေးရမယ်ဆိုရင် ခင်ဗျားက မနက်မနက် လက်ဖက်ရည်ဆိုင်ထိုင်တိုင်း လက်ဖက်ရည် တစ်ခွက်သောက်ရင်း ဆေးလိပ်ဖွာတတ်တဲ့အလေ့အထရှိတယ်ဆိုရင် အိမ်မှာ (သို့) ရုံးမှာ လက်ဖက်ရည်ကို ကိုယ့်ဖာသာဖျော်သောက်ကြည့်တာတို့၊ ဒါမှမဟုတ် လက်ဖက်စိမ်းရေနွေးကြမ်းကို အစားထိုးပြောင်းလဲ သောက်ကြည့်တာတို့ လုပ်ပေးသင့်ပါတယ်။

၎။ ကိုယ့်ကိုယ်ကိုယ်ဆုချပါ

မကောင်းတဲ့အလေ့အထကို ဆက်မလုပ်မိအောင်စောင့်ကြည့်နေတဲ့အချိန်မှာ တကယ်မလုပ်ဘဲနေနိုင်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုနဲ့ဆုချလိုက်ပါ။ ဥပမာ... ဆေးလိပ်မသောက်တဲ့နေနိုင်သွားတဲ့နေ့မှာ ကိုယ့်ကိုယ်ကိုယ် ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုမှာ ကော်ဖီကောင်းကောင်းတစ်ခွက် လိုက်တိုက်တာမျိုးပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် မကောင်းတဲ့အလေ့အထသံသရာကြီးထဲက ရုန်းထွက်နိုင်ပြီး ကောင်းတဲ့ အလေ့အထတွေဖြစ်လာစေဖို့ တွန်းအားတစ်ခုဖြစ်လာစေမှာပါ။

play

၅။ တကယ်ဖြစ်လာနိုင်တဲ့ပန်းတိုင်တွေကိုပဲ ချပါ

စစချင်းမှာ ကိုယ့်ကိုယ်ကိုယ်အရမ်းမောင်းလွန်းတာက ပင်ပန်းဆင်းရဲတဲ့အပြင် အောင်မြင်နိုင်ခြေလည်းနည်းပါတယ်။ မကောင်းတဲ့အလေ့အထတွေကို ဖြည်းဖြည်းမှန်မှန်လျှော့ချသွားတာက အောင်မြင်နိုင်ခြေ ပိုများပါတယ်။ ဥပမာ... ဆေးလိပ်ကိုတိခနဲမဖြတ်ဘဲ တစ်နေ့နည်းနည်း နည်းနည်းလျှော့သောက်သွားတာမျိုးပေါ့။
Source: DailyInfographics

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ