Lifestyle: ဘေဂျင်းမြို့အောက်က မြေအောက်မြို့တော်

မြေအောက်မြို့တော်ဆိုတာကို မဖြစ်နိုင်ဘူးလို့ထင်ပါသလား။ တရုပ်နိုင်ငံ ဘေဂျင်းမြို့မှာတော့ တကယ်ဖြစ်နေပါပြီ။

play


ငှားရမ်းခအလွန်မြင့်မားတဲ့ဘေဂျင်းမြို့တော်က တိုက်ခန်းတွဲတစ်ခုရဲ့အောက်မှာ လူ (၄၀၀) လောက်ပြွတ်သိပ်နေထိုင်နေတာကိုတွေ့ရှိခဲ့ရမှုဟာ တရုပ်နိုင်ငံရဲ့မြို့တော်မှာ အိမ်ခြံမြေငှားရမ်းခတွေခေါင်ခိုက်နေတာကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။  စနေနေ့တုံးက ပြည်နယ်ရေဒီယိုမှာ ပြတင်းပေါက်မပါတဲ့အခန်းကျဉ်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့၊ ထွက်စရာအပေါက်ဆိုလို့ အရေးပေါက်ထွက်ပေါက်တစ်ခုပဲရှိတဲ့ မြေအောက်မြို့တော်အကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

အဲဒီမြေအောက်မြို့တော်လို့တင်စားထားတဲ့ အခန်းကျဉ်းလေးတွေဟာ ဘေဂျင်းမြို့တော်ရဲ့အရှေ့မြောက်အရပ်မှာရှိတဲ့ ဂျူလောင်းဥယျာဉ် (Julong Gardens) ထဲမှာတည်ရှိပါတယ်။ ဂျူလောင်းဥယျာဉ်ရပ်ကွက်ဟာ ငွေကြေးချမ်းသာတဲ့နိုင်ငံခြားသားတွေနေထိုင်တဲ့ရပ်ကွက်ဖြစ်ပါတယ်။

အိမ်ငှားတွေဟာ shuzu ခေါ် ကြွက်မျိုးနွယ်စုလို့ လူသိများတဲ့ လူပေါင်းတစ်သန်းကြားမှာနေထိုင်ရပါတယ်။ ကြွက်မျိုးနွယ်စု (shuzu) ဝင်တွေဟာလည်း ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေတုံးက ဘေဂျင်းမြို့တော် အောက်က ဗုံးခိုကျင်းတွေအောက်မှာနေထိုင်ခဲ့ကြပါတယ်။

China National Radio ကပြောတာတော့ ဂျူလောင်းဥယျာဉ်အရပ်မှာနေတဲ့အိမ်ပိုင်ရှင်တွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာမရင်းနှီးတဲ့မျက်နှာတွေကို ပိုမိုမြင်တွေ့လာခဲ့ရတဲ့အတွက် သံသယဝင်လာခဲ့ကြပါတယ်တဲ့။ ဒီိလိုနဲ့ရှာကြဖွေကြရင်း နောက်ပိုင်းမှာတော့ တိုက်ခန်းတွဲတစ်ခုက မြေအောက်ခန်းရဲ့တံခါးတစ်ချပ်နောက်မှာ ဖုံးကွယ်ထားတဲ့မြေအောက်မြို့တော်ကို တွေ့ရှိခဲ့ပါတယ်တဲ့။ မြေအောက်မြို့တော်ကို အလုပ်သမားတွေ နေထိုင်တဲ့အခန်းတွဲလေးတွေအဖြစ်ဖွဲ့စည်းထားပြီး မီးဖိုချောင်လေးတွေ၊ ဆေးလိပ်သောက်ခန်းလေးတွေတောင်ပါရှိပါသေးသတဲ့။

မြေအောက်မြို့တော်မှာနေထိုင်တဲ့ အိမ်ငှားတွေကတော့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး တိုက်ခန်းကျယ်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ ကျယ်ဝန်းတဲ့ဂျူလောင်းဥယျာဉ်မြေထဲမှာနေထိုင်သူတွေနဲ့နှိုင်းစာရင်တော့ သူတို့နေထိုင်ရတဲ့အခြေအနေဟာ သနားစရာတောင်ကောင်းနေပါတယ်။ မြေအောက်မြို့တော်လို့တင်စားထားတဲ့ အဲဒီမြေအောက်အိမ်တွေဟာ တရားဝင် မဝင်ဆိုတာကိုတော့ ကွဲကွဲပြားပြားမသိရသေးပါဘူး။ ဒီကိစ္စကို အာဏာပိုင်တွေကလည်း စုံစမ်းစစ်ဆေး နေပါတယ်။

China National Radio ကလည်း မြေအောက်ခန်းကို ပြည်နယ်အစိုးရကပိုင်ဆိုင်ပြီး ပြန်အငှားချထားဟန်တူပါတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက အဲဒီလိုမြေအောက်ခန်းတွေကို နေထိုင်ရန်နဲ့ အခြားရည်ရွယ်ချက်တွေအလို့ငှာ အသုံးပြုဖို့ကို တိုက်တွန်းအားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေတုံးက လူဦးရေအလွန်များပြားလာတာနဲ့ လုံခြုံရေးအန္တရာယ်တွေကြောင့် ခွင့်ပြုချက်တွေကိုရပ်တန့်လိုက်ပါတယ်။ နောက်ပြီး ၂၀၁၅ ခုနှစ်မှာ အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြချက်တွေကြောင့် shuzu အယောက် (၁၂၀၀၀၀) ကို နှင်ထုတ်ခဲ့ကြပါတယ်။

play

အိမ်ခြံမြေဈေးအဆမတန်မြင့်တက်မှု
 

ရွှေ့ပြောင်းလုပ်သားတွေနဲ့ကျောင်းသားတွေဟာ မြေအောက်ခန်းတွေမှာနေထိုင်ခဲ့ရတဲ့အကြောင်းပြချက်တစ်ခုကတော့ အိမ်ခြံမြေငှားရမ်းခ ဈေးချိုလွန်းတာကြောင့်ပါပဲ။ အိပ်ခန်းကျယ်တစ်ခုထဲမှာ နေရာတစ်နေရာစာရဖို့ တစ်လကို ဒေါ်လာ (၂၀)လောက်ပဲ ကုန်ကျတယ်လို့ခန့်မှန်းထားကြပါတယ်။

ဒီလိုနေထိုင်ကြခြင်းဟာ ဘေဂျင်းမြို့ရဲ့အိမ်ခြံမြေငှားရမ်းခအဆမတန်မြင့်မားလာမှုနဲ့အတူ လိုက်ပါခေတ်စားလာပါတယ်။ မနှစ်ကစစ်တမ်းအရဆိုရင် ဘေဂျင်းမြို့ကအိမ်ခြံမြေငှားရမ်းခဟာ ကမ္ဘာပေါ်မှာဈေးအကြီးဆုံးထဲမှာ ပါ ပါသတဲ့။ သိပ်မကြာသေးခင်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရဆိုရင် ဘေဂျင်းမြို့ရဲ့အိမ်ခြံမြေငှားရမ်းခဟာ တစ်လကို (၄၅၅၀ RMB)၊ (၆၆၆) ဒေါ်လာလောက်ရှိပါသတဲ့။ ဒီနှုန်းဟာ (၂၀၁၀) ခုနှစ်တုံးကထက် (၆၀) ရာခိုင်နှုန်းပိုများပါသတဲ့။ ဒါပေမယ့် ဒါဟာ တရုပ်နိုင်ငံရဲ့ hukou လို့ခေါ်တဲ့ အိမ်ခြံမြေမှတ်ပုံတင်စနစ်ကြောင့်လည်း ပါပါသတဲ့။ Hukou စနစ်ဟာ သူတို့ရဲ့မွေးရပ်မြေမှာနေထိုင်သူတွေကို သက်သာတဲ့အိမ်ငှားခလိုမျိုး အစိုးရသက်သာခွင့်တွေ ပေးထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ သူတို့ရဲ့ hukou ကို နောက်တစ်မြို့ကိုရွှေ့ပြောင်းရတာ ခက်ခဲပြီးအကုန်အကျများလွန်းတာကြောင့် အခက်ကြုံနေရပါတယ်။ တရုပ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Sina Weibo ပေါ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ "ဒီလိုမျိုး ကျပ်ကျပ်သပ်သပ်နဲ့ ဆင်းတောင့်ဆင်းရဲနေရဖို့အတွက်များ ဘာလို့ဘေဂျင်းကိုလာနေသေးလဲ" လို့ သုံးစွဲသူတစ်ယောက်ကဆိုပါတယ်။ နောက်တစ်ယောက်ကလည်း "ဘေဂျင်းမြို့မှ ကြိုဆိုပါတယ်။ (ပိုက်ဆံမရှိရင်တော့ထွက်သွားပါ) " လို့နောက်ပြောင်ခဲ့ပါတယ်။
Source: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ