သီတင်းကျွတ်ရုံးပိတ်ရက်တွေကလည်း နီးလာပြီ။ ရုံးပိတ်ရက်လို အားလပ်ရက်တွေမှာ ဘာလုပ်တတ်ကြလဲ။ ခရီးသွားကြလား။ အိမ်ထဲမှာပဲအောင်းပြီး ရုပ်ရှင်ကြည့်၊ facebook သုံး လုပ်လား။ ဒါမှမဟုတ် ပွဲဈေးလေးလည်လိုက်၊ ဘုရားပေါ်သွားလိုက် လုပ်လား။ ဘာပဲဖြစ်ဖြစ် ရုံးပိတ်ရက်ဆိုတာ ရုံးဖွင့်ရက်တွေတုံးက ကြုံခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေနဲ့ စိတ်ညစ်ညူးမှုတွေကို ဖြေလျှော့ဖို့ပဲ မဟုတ်ပါလား။ အောင်မြင်သူတွေကတော့ သူတို့ရဲ့အားလပ်ချိန်တွေကို အောက်ပါအတိုင်း အသုံးချပါသတဲ့။

၁။ ဝါသနာပါရာကိုလုပ်မယ်

play
 

ရုံးပိတ်ရက်တွေဆိုတာ ရုံးဖွင့်ရက်တွေနဲ့တော့ တူနေလို့မဖြစ်ဘူးလေ။ အထူးသဖြင့် ရုံးဖွင့်ရက်တွေမှာ အလုပ်တာဝန်တွေနဲ့ ရှုပ်နေလို့ မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာတွေကို ရုံးပိတ်ရက်ကျမှ ပေါင်းလုပ်ရမှာ။ အောင်မြင်သူတွေကတော့ ရုံးပိတ်ရက်တွေမှာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်နဲ့ မသက်ဆိုင်တဲ့ ဝါသနာတွေနောက်ကို လိုက်လေ့ရှိကြပါတယ်။

ဥပမာ ဆယ်လီ စားဖိုမှူး Marcus Samuelsson ဆိုရင် အားလပ်ချိန်မှာ ဘောလုံးကစားတတ်တဲ့ ဝါသနာရှိတယ်။ ရုပ်သံကြေညာသူ Bill McGowan ဆိုရင် ထင်းခွဲတတ်တဲ့ ဝါသနာရှိတယ်။ ဗိသုကာ Rafael Vinoly ဆိုရင် စန္ဒရားတီးတတ်တဲ့ ဝါသနာရှိတယ်။ အဲဒီလို မိမိဝါသနာနောက်ကို လိုက်ခြင်းက လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ညစ်ညူးမှုတွေကို သက်သာပျောက်ကင်းစေပါတယ်။

၂။ ကြိုတင်ပလန်ချမယ်

play

ဒီနေ့ခေတ်လို အာရုံများလွန်းတဲ့ ခေတ်ကြီးထဲမှာ အားလပ်ရက်ပလန်မရှိရင် အိမ်မှာပဲ ငုတ်တုတ်ထိုင်ပြီး တီဗီလေးကြည့်လိုက်၊ ဖုန်းလေးပွတ်လိုက်လုပ်နေရတဲ့ ဘဝကို ရောက်ရပါလိမ့်မယ်။ အသေးစိတ်အစီအစဉ်မဟုတ်ရင်တောင် အကြမ်းဖျင်းပလန်တစ်ခု ဆွဲထားမယ်ဆိုရင် ရုံးပိတ်ရက်မှာ အိမ်ထဲမှာ ငေါင်မနေရတော့ဘူးပေါ့။

နောက်တစ်ခုက ပလန်ချထားခြင်းက ကြိုတင်မှန်းဆပျော်ရွှင်ခြင်းကိုလည်း ရရှိစေနိုင်ပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရတော့ ကျွန်တော်တို့ဟာ ပျော်ရွှင်ဖွယ်ဖြစ်ရပ်တစ်ခုကို မကြုံတွေ့ရခင်ကတည်းက ကြိုတင်မှန်းဆပျော်ရွှင်တတ်ပါတယ်။ တကယ့်တကယ်တမ်း ကြုံတွေ့ရချိန်မှာ ရရှိတဲ့ ပျော်ရွှင်မှုထက် ကြိုတင်မှန်းဆပြီး ပျော်ရွှင်နေရတာက ပိုပါတယ်။ ဒါကြောင့် နောက်တစ်ပတ်အတွက် လုပ်မယ့် ပလန်ကို ဒီတစ်ပတ်တည်းက ကြိုချထားတာ ကောင်းပါတယ်။

၃။ တန င်္ဂနွေညမှာ ပျော်စရာတစ်ခုခု ဖန်တီးပါ

play
 

တချို့တွေက တနင်္လာနေ့မှာ ကြုံတွေ့ရမယ့် တနင်္လာ အာရုံနောက်ခြင်း (Monday Blues) ကို တနင်္ဂနွေညကတည်းက ကြိုတင်မှန်းဆပြီး စိတ်ညစ်တတ်ပါတယ်။ အမှန်တော့ တနင်္ဂနွေညမှာ ကိုယ့်ကိုယ်ကိုယ် အာရုံနောက်မခံသင့်ပါဘူး။ တနင်္ဂနွေနေ့မှာ ပျော်စရာတစ်ခုခုဖန်တီးပြီး တနင်္လာနေ့ကို ကြိုဆိုသင့်ပါတယ်။ မိသားစုနဲ့ ညစာတူတူထွက်စားတာပဲဖြစ်ဖြစ်၊ TGIS လုပ်တာပဲဖြစ်ဖြစ်၊ တစ်ခုခုပေါ့။

၎။ မိသားစုတွင်း ရိုးရာဓလေ့လေးတွေကို ဖန်တီးပါ

play
 

ရုံးပိတ်ရက်ဆိုတာ တစ်ပတ်လုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတဲ့ မိသားစုဝင်တွေ မျက်နှာစုံညီတွေ့ကြရတဲ့ အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ မိသားစုတွင်း ရိုးရာဓလေ့လေးတွေကို ဖန်တီးသင့်ပါတယ်။ ဥပမာ သောကြာနေ့လိုညမျိုးမှာ မိသားစုဝင်အားလုံး ရုပ်ရှင်တူတူကြည့်ရင်း ပီဇာမှာစားကြတာတို့၊ တနင်္ဂနွေမနက်ခင်းမှာ ပန်ကိတ်လုပ်စားကြတာတို့ စသဖြင့်ပေါ့။ ဒီရိုးရာဓလေ့လေးတွေက နောက်ပိုင်းကျရင် ပြန်ပြောင်းပြောစရာ အမှတ်တရလေးတွေ ဖြစ်လာမှာပါ။

၅။ နည်းပညာနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေမယ်

play
 

တကယ်တော့ နည်းပညာခေတ်ကြီးထဲမှာ ကျွန်တော်တို့ရဲ့အလုပ်မှန်သမျှက နည်းပညာနဲ့ ချိတ်ဆက်လုပ်ကိုင်နေရတာပါ။ အနည်းဆုံးတော့ ကွန်ပျူတာတို့၊ ဖုန်းတို့ကို မဖြစ်မနေ ကိုင်တွယ်အသုံးပြုနေရတာပါ။ ရုံးပိတ်ရက်လိုနေ့မျိုးမှာတော့ တတ်နိုင်သမျှ နည်းပညာနဲ့ ခပ်ဝေးဝေးနေသင့်ပါတယ်။

ဖတ်ချင်နေတဲ့ စာအုပ်လေးတစ်အုပ်ကိုင်ပြီး ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ ထိုင်ဖတ်တာတို့ ဘာတို့ လုပ်လို့အကောင်းဆုံးအချိန်က ရုံးပိတ်ရက်ပါ။ ဒါမှမဟုတ် မိသားစုဝင်တွေကို ဖုန်းမကိုင်ဖို့ စည်းရုံးပြီး အိမ်ရှေ့ဧည့်ခန်းထဲမှာ မိုနိုပိုလီ ဝိုင်းဆော့ကြတာပဲဖြစ်ဖြစ်ပေါ့။ ဒါတွေဟာ ပျော်ရွှင်မှုကို ရရှိစေနိုင်ပြီး မိသားစုတွင်းချစ်ခင်မှုကိုလည်း တိုးပွားစေပါတယ်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video