မြန်မာတို့ရဲ့ ၁၂ လ ရာသီ ပွဲတွေထဲမှာ တန်ဆောင်မုန်းလကို ကထိန်နဲ့တွဲပြီး မှတ်သားကြပါတယ်။ တကယ်တော့ တန်ဆောင်မုန်းလဟာ ကထိန်တစ်ခုတည်း မဟုတ်ဘဲ တခြား မွန်မြတ်တဲ့ပွဲတွေလည်း ကျင်းပကြတဲ့လတစ်လ ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့အနေနဲ့ တန်ဆောင်မုန်းလရောက်တိုင်း ပွဲလမ်းသဘင်တွေ ကျင်းပကြတာမို့ ၁၂ လ ရာသီမှာ ပျော်စရာအကောင်းဆုံးလလို့တောင် ပြောလို့ရနိုင်ပါတယ်။

၁။ ကထိန်

play
 

ကထိန်ခင်းခြင်းဟာ တန်ဆောင်မုန်းလရဲ့ အဓိကပွဲတော် ဖြစ်ပါတယ်။ ဝါဆိုပြီးကြတဲ့ ရဟန်းသံဃာတော်တွေကို ကထိန်သင်္ကန်း လှူတန်းကြတဲ့ပွဲပါ။ ပစ္စည်းမျိုးစုံကို ချိတ်ဆွဲထားတဲ့ ပဒေသာပင်ကိုလည်း ဘုန်းတော်ကြီးကျောင်းတွေထံ သွားရောက်လှူဒါန်းကြတယ်။

ပဒေသာပင်တွေကို ဘုန်းတော်ကြီးကျောင်းဆီအပို့မှာ အတီးအမှုတ် အကအခုန် အဆိုတွေနဲ့ မြိုင်ဆိုင်လှတာမို့ ပျော်စရာပါပဲ။ ဦးရွှေရိုးနဲ့ဒေါ်မိုးအကဆိုရင် ကထိန်အကအဖြစ်နဲ့ သိကြပါတယ်။ ကထိန်သင်္ကန်းနဲ့ ပဒေသာပင်တွေကိုတော့ တန်ဆောင်မုန်းလပြည့်နေ့ နောက်ဆုံးထားကာ ဘုန်းတော်ကြီးတွေထံ ဆက်ကပ်လှူဒါန်းကြရပါတယ်။

၂။ မသိုးသင်္ကန်းရက်ပြိုင်ပွဲ

မသိုးသင်္ကန်း ရက်လုပ်ကြတဲ့ ပြိုင်ပွဲတွေကလည်း တကယ့်စိတ်ဝင်စားစရာကောင်းတယ်။ လပြည့်နေ့မတိုင်မီ တစ်ရက်အလိုကစပြီး ဘုရားတွေမှာ မသိုးသင်္ကန်းရက်ဖို့ စတင်ပြင်ဆင်ကာ လပြည့်နေ့ အရုဏ်မတက်မီအချိန် အပြီးရက်လုပ် ဆက်ကပ်နိုင်ဖို့ အပြိုင်အဆိုင် ရက်လုပ်ကြတာတွေဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။

၃။ ဆေးပေါင်းခတဲ့ည

play
 

တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညရယ်လို့ မှတ်ယူကြပြီး မယ်ဇလီဖူးသုပ် လုပ်စားကြပါတယ်။ တန်ဆောင်မုန်းလပြည့်ညရဲ့ကောင်းကင်မှာ နက္ခတ်တွေစုံညီနေကြသလို နတ်ဒေဝါတွေက မယ်ဇလီပင်စောင့်နတ်မင်းဆီ လာကြတယ်လို့ ယုံကြည်ကြတာကြောင့် မယ်ဇလီပင်ရဲ့အဖူးကို သုပ်စားရင် ဆေးဘက်ဝင်တယ်၊ ကျန်းမာတယ်လို့ ယူဆကြတယ်လေ။

 

၎။ မီးထွန်းပွဲ

တန်ဆောင်မုန်းလပြည့်ညကို သာမညဖလ အခါတော်နေ့လို့လည်း ခေါ်ပါတယ်။ အဇာတသတ်မင်းဟာ တန်ဆောင်မုန်းလပြည့်ညမှာ ဆီမီးတွေထွန်းပြီး မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားက အဇာတသတ်မင်းကို သာမညဖလသုတ် တရားတော်ကို ဟောကြားခဲ့လို့ သာမညဖလအခါတော်နေ့ရယ်လို့ ခေါ်တွင်ခဲ့ကာ မြတ်စွာဘုရားကို ရည်စူးပြီး ဆီမီးတွေထွန်းညှိပူဇော်ကြတာ ဖြစ်ပါတယ်။

၅။ မီးပုံးပျံပွဲ

play
Photo - Nang Thiri Aung Facebook
 

တောင်ကြီးမီးပုံးပျံပွဲဟာ အနယ်နယ်အရပ်ရပ်ကလူတွေနဲ့ စည်ကားလှတဲ့ပွဲပါ။ တန်ဆောင်တိုင် မရောက်မီတည်းက မီးပုံးပျံတွေ ပြုလုပ်ထားကြပြီး တစ်ဖွဲ့ထက်တစ်ဖွဲ့သာအောင် အလှဆင်ကြပါတယ်။ နေ့ဘက်ရော ညဘက်မှာပါ ပြုလုပ်ကြတာမို့ တောင်ကြီးတန်ဆောင်တိုင်ဆို လူတွေက ကြက်ပျံမကျ စည်ကားလှပါတယ်။ ပြင်ဦးလွင်မှာလည်း မီးပုံးပျံပြိုင်ပွဲတွေ ပြုလုပ်ပါသေးတယ်။

၆။ ကျီးမနိုးပွဲ

လပြည့်ကျော် တစ်ရက်နေ့ညဟာ ကျီးမနိုးပွဲလုပ်တဲ့ည ဖြစ်ပါတယ်။ အဲ့ဒီညကို သူခိုးကြီးညလို့လည်း ခေါ်တယ်။ လူငယ်တွေဟာ ခင်မင်ရင်းနှီးတဲ့အိမ်တွေထံကနေ ပစ္စည်းတွေကို ယူငယ်ဖွက်သိမ်းကာ စနောက်လေ့ရှိကြပါတယ်။ ခြံထဲမှာစိုက်ထားတဲ့ အသီးတွေကို အိမ်ရှင်တွေမသိအောင် ခိုးခူးကြကာ ချက်ပြုတ်စားသောက်ကြတယ်။

မိုးလင်းလို့ အိမ်ရှင်တွေသိသွားရင်လည်း အပြစ်မယူကြပါဘူး။ ဒီလိုရက်မျိုးမှာ ကြက်သားကို ဘူးသီးနဲ့ ရေများများရောချက်တဲ့ ကြက်ကာလသားဟင်းကို ခိုးခူးထားတဲ့ဘူးသီးလေးနဲ့ ချက်စားကြလေရဲ့။ ဒါပေမဲ့ မြို့ပျမှာတော့ ကျီးမနိုးပွဲဟာ သိပ်ပြီးမစည်ကားတော့ပါဘူး။

Postby

 

၇။ နိဗ္ဗာန်ဈေး

မြန်မာလူမျိုးတွေရဲ့ အလှူအတန်းရက်ရောမှုကို နိဗ္ဗာန်ဈေးတစ်ခုတည်း ကြည့်ရုံနဲ့တင် သိနိုင်ပါလိမ့်မယ်။ နိဗ္ဗာန်ဈေးဆိုတာ စားသောက်စရာတွေ၊ လူသုံးကုန်တွေကို အခမဲ့ပေးဝေကြတဲ့ပွဲတော်လို့ ဆိုရပါလိမ့်မယ်။

လမ်းအလိုက်၊ ရပ်ကွက်အလိုက် လုပ်ကြပါတယ်။ နိဗ္ဗာန်ဈေးရောင်းမယ့် အိမ်တွေက ကိုယ်တတ်နိုင်သလောက် ပစ္စည်းတွေကို အိမ်ရှေ့မှာ ချထားပြီး လူတွေကို အခမဲ့ရောင်းပေးနေတာဖြစ်ပါတယ်။

အခကြေးငွေမယူဘဲ လှူဒါန်းတဲ့ဈေးမို့ နိဗ္ဗာန်ရောက်မယ့်ဈေး (နိဗ္ဗာန်ဈေး)ရယ်လို့ ခေါ်ကြပါတယ်။ နိဗ္ဗာန်ဈေးတိုးတော့မယ်ဆို အိတ်တစ်လုံးတော့ ဆောင်သွားမှဖြစ်ပါလိမ့်မယ်။ တစ်အိမ်တစ်မျိုး မရိုးရအောင် ပေးဝေနေတာတွေ သယ်ဖို့က အိတ်ကြီးကြီးပါမှ အဆင်ပြေမှာကိုး

၈။ ပံ့သကူ

play
Photo - Gu Gue Facebook
 

နောက်ထပ် ပျော်စရာတစ်ခုကလည်း အလှူအတန်းပါပဲ။ ပံ့သကူ ပစ်တာဖြစ်ပါတယ်။ ပံ့သကူပစ်တယ်ဆိုတာ ထိုက်သူယူစေဖို့ လူခြေတိတ်ချိန်မှာ ဘယ်သူမှမသိအောင် လူသွားလူလာရှိတဲ့ နေရာတွေမှာ သွားချပေးထားတာပါ။

လှူသူ ဘယ်သူဆိုတာလည်း အမည်မဖော်ကြသလို ဘယ်သူရသွားတယ်ဆိုတာလည်း မသိရပါဘူး။ ပံ့သကူငွေတွေကို ကောက်ရတဲ့အခါ ကံကောင်းတယ်လို့လည်း ယုံကြည်ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video