Lifestyle: ပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်မယ့် ဒေါင်လိုက်ဥယျာဉ်များ

ဒေါင်လိုက်ဥယျာဉ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာသိချင်ရင် Junction City မှာ သွားကြည့်နိုင်ပါတယ်။

ကမ္ဘာတဝှမ်းလုံးက ဗိသုကာပညာရှင်တွေဟာ ကွန်ကရစ်တိုက်နံရံတွေကို ဒေါင်လိုက်ဥယျာဉ်တွေအဖြစ် ပြောင်းလဲပစ်ခြင်းဖြင့် မြို့ပြလူနေမှုစနစ်ရဲ့ ဆိုးမွေတွေကို တိုက်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဘရာဇီးရဲ့ စက်မှုမြို့တော်တစ်ခုဖြစ်တဲ့ စောင်ပါလို (São Paulo) မြို့ဟာ ဒီလိုတော်လှန်ပြောင်းလဲတဲ့ ဂေဟစနစ်တစ်ခု တည်ဆောက်ရေးအတွက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ မြို့တစ်မြို့ဖြစ်သလို ရလဒ်တွေကလည်း ရင်သပ်ရှုမောဖွယ်ပါပဲ။

play

 

နည်းပညာတိုးတက်မှုကြောင့် ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ဖြစ်လာပြီးနောက် စက်မှုလက်ငန်းတွေ၊ စက်ရုံတွေကြောင့် လေထုညစ်ညမ်းခြင်းနဲ့ မြို့ပြနေထိုင်မှုစနစ်တွေကလည်း ကမ္ဘာကြီးကို ချိန်းခြောက်လာပါတယ်။ ကွန်ကရက်တိုက်မြင့်ကြီးတွေ၊ မီးခိုးရောင် ဧရိယာတွေနဲ့ မြို့ပြတွေနဲ့ မြို့ပြနေလူဦးရေ တဖြည်းဖြည်းမြင့်မားလာမှုကြောင့် ကမ္ဘာကြီးပိုမို ပူနွေးလာမှု၊ အိုဇုန်းလွှာ ပိုမိုပါးလွှာလာမှု စတာတွေကို ရင်ဆိုင်နေကြရပါတယ်။

ဘာစီလိုနာ နယ်ခံအာဏာပိုင်တွေကတော့ ဒီလိုမြို့ပြလူနေမှုကြောင့် ပတ်ဝန်းကျင်ပိုမိုပူနွေးလာမှုကို တိုက်ဖျက်ဖို့ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီတဲ့အနေနဲ့ ဒေါင်လိုက်ဥယျာဉ် (၅၄) ခုနဲ့ အပင်ပေါင်း (၂) သိန်းကျော်ကို စိုက်ပျိုးဖို့ စီစဉ်နေကြပါတယ်။

play

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးလည်း လူတစ်ဦးချင်းစီအတွက် အစိမ်းရောင်ဧရိယာ ၁၂ စတုရန်းမီတာခန့်လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ နေထိုင်သူ လူဦးရေ ဆယ့်တစ်သန်းကျော်နဲ့အတူ စောင်ပါလိုမြို့ဟာ လူဦးရေထူထပ်တဲ့ မြို့ပြတစ်ခုဖြစ်ပြီး အစိမ်းရောင်ဧရိယာတွေအတွက် နေရာနည်းနည်းလေးပဲ ရှိပါတယ်။

စောင်ပါလိုမြို့ရဲ့ အစိမ်းရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့  M.90º ဆိုတဲ့ အဖွဲ့ရဲ့တည်ထောင်သူဖြစ်တဲ့ ဂေးလ် ဘလန်ချီကတော့ " ကျွန်တော်တို့တွေဟာ တိုက်နံရံတွေကို အစိမ်းရောင်ဥယျာဉ်တွေအဖြစ် ပြောင်းလဲပစ်ခြင်းဖြင့် မြို့ကြီးပြကြီးတွေကို ပိုမိုနေပျော်ဖွယ်ကောင်းတဲ့၊ ပိုမိုစိမ်းလန်းတဲ့ နေရာတွေအဖြစ် ဖန်တီးပစ်ဖို့ ရည်ရွယ်ခဲ့တာပါ" လို့ ဆိုပါတယ်။ "ဒေါင်လိုက် ဥယျာဉ်တွေကနေပြီး ကျွန်တော်တို့ဟာ မြို့ပြဧရိယာတွေကို အစိမ်းရောင်ဧရိယာတွေအဖြစ် ပြောင်းလဲပစ်ဖို့ ရည်ရွယ်ခဲ့တာပါ" လို့လည်း သူကဆိုပါသေးတယ်။

play

 

 M.90º အဖွဲ့ဟာ ၂၀၁၃ ခုနှစ်ကတည်းက စောင်ပါလိုမြို့လည်ခေါင်ကစပြီး အစိမ်းရောင်တော်လှန်ရေးကို စတင်ခဲ့ပါတယ်။ သူတို့စတင်ခဲ့တဲ့နေရာကတော့ Minhocão (အင်္ဂလိပ်လိုဆို တီကောင်ကြီးလို့ အဓိပ္ပာယ်ရ) ဆိုတဲ့ အဝေးပြေးလမ်းမတစ်ခုဖြစ်ပြီး နေ့စဉ် ကားစီးရေ သုံးသိန်းလောက် ဖြတ်သန်းသွားလာမှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချဖို့အတွက် ရည်ရွယ်ခဲ့တာပါ။

"လေ့လာမှုတွေအရ မြို့ပြလူနေမှုစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် လူ့သက်တမ်းဟာ ရှိရင်းစွဲထက် (၁၅) နှစ်လောက် ပိုတိုနေတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ ပြောင်းလဲပစ်ချင်တယ်လေ" လို့ M.90º အဖွဲ့ကဆိုပါတယ်။ M.90º အဖွဲ့ဟာ ၂၀၁၅ ခုနှစ်ကစပြီး မြို့ထဲမှာ recycle လုပ်ပြီးသား စွန့်ပစ်ပစ္စည်း (၆၂.၅) တန်ကိုသုံးပြီး ဒေါင်လိုက်ဥယျာဉ် (၁၀) ခုကို တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ ရလဒ်အနေနဲ့ စောင်ပါလိုမြို့ရဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ (၁၆) တန်ခန့် လျော့ကျခဲ့ပါတယ်။

play

 

ဒါဟာ အစပဲရှိပါသေးတယ်။ လက်ရှိအချိန်မှာ M.90º အဖွဲ့ဟာ ဒေါင်လိုက်ဥယျာဉ်လေးခုကို ဆက်လက်ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။ "ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရတော့ လူခြောက်ယောက်အဖွဲ့တစ်ဖွဲ့ဟာ ရက် (၃၀) အတွင်း (၆၀၀) စတုရန်းမီတာရှိတဲ့ ဒေါင်လိုက်ဥယျာဉ်တစ်ခုကို ဆောက်လုပ်နိုင်ပါတယ်" လို့ ဘလန်ချီက ရှင်းပြပါတယ်။ "Avenida 23 de Maio အဆောက်အဦးလို လူဦးရေလူထပ်ပြီး ကြီးမားတဲ့ အဆောက်အဦးမှာ (၁၀၉၅၀) စတုရန်းမီတာခန့်ရှိတဲ့ အစိမ်းရောင်ဒေါင်လိုက် ဥယျာဉ်တွေကို ဖန်တီးဖို့အတွက် လေးလလောက် မရပ်မနား အလုပ်လုပ်ခဲ့ရပါတယ်" လို့လည်း သူကဆိုပါတယ်။

 

M.90º အဖွဲ့ရဲ့အဆိုအရတော့ မြေပြင်ဧရိယာကို လုံးဝမထိဘဲ နှစ်စဉ် ဒေါင်လိုက်ဥယျာဉ်ပေါင်း (၂၈၀၀၀၀) စတုရန်းမီတာခန့် တည်ဆောက်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နေရာတစ်နေရာမှာ လူနေမှုအဆင့်အတန်းတွေ ပိုမိုမြင့်မားလာစေဖို့အတွက် အကောင်းဆုံးအနေအထားမှာ ရှိပါတယ်။

"လေ့လာမှုတွေအရတော့ စောင်ပါလိုမြို့မှာ အစိမ်းရောင်ကော်ရစ်ဒါတွေအဖြစ် ပြောင်းလဲပစ်လို့ရတဲ့ မြို့ပြလမ်းမကြီးတွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က မြို့တော်ရဲ့ အဓိကအဆောက်အဦးတွေကို ဒေါင်လိုက်ဥယျာဉ် တွေအဖြစ် ပြောင်းလဲပစ်ချင်တယ်။ ဒါက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရုံသာမက မြို့တော်ကိုလည်း အသွင်သစ်နဲ့ စိမ်းစိုလန်းဆန်းစေမယ်လို့ ယုံကြည်ပါတယ်" လို့လည်း ဘလန်ချီက ဆိုခဲ့ပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ