AD
AD
AD

"Science is new God" ဆိုတဲ့ အနောက်တိုင်းစကားတောင် ရှိပါသေးတယ်။ သိပ္ပံပညာဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ပြီးခဲ့တဲ့ရာစုနှစ်တွေတုံးက မမြင်ဖူး၊ မတွေ့ဖူးခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေဆီ ဆွဲခေါ်သွားနေပါတယ်။ အခုဆိုရင် သိပ္ပံပညာအရ ရှာဖွေတွေ့ရှိမှု အသစ်တွေကလည်း နေ့စဉ်လိုလို ပေါ်ပေါက်နေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အံ့ဖွယ်ရှာဖွေ တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ တုပ်ကွေးရောဂါပျောက်စေတဲ့ ဖားအကျိအချွဲ

play
 

သိပ္ပံပညာရှင်တွေဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်းက ဖားတစ်မျိုးရဲ့ အရေခွံပေါ်မှာ ကပ်ညိနေတဲ့ အကျိအချွဲဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို သေစေနိုင်တဲ့ peptide တစ်မျိုး ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ peptide တွေဟာ လူသား တုပ်ကွေးရောဂါကို ကုသရာမှာ အဓိကကျတဲ့ အချက်တွေ ပါဝင်နေတယ်လို့လည်း တွေ့ရှိခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ဒီကုထုံးကို ဓာတ်ခွဲခန်းထဲမှာပဲ စမ်းသပ်အောင်မြင်သေးပေမယ့် နောင်တစ်ချိန်မှာတော့ တုပ်ကွေးပျောက်ဆေး တစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချလာနိုင်ဖွယ် ရှိပါတယ်။

၂။ ကူးစက်ရောဂါတွေကို ကုသနိုင်တဲ့ ဖွတ်သွေး

Komodo dragon လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ဖွတ်တစ်မျိုးရဲ့ သွေးထဲမှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ကူးစက်ခံထားရတဲ့ ဒဏ်ရာတွေကို သက်သာစေနိုင်သလို ပိုမိုလျင်မြန်စွာလည်း အနာကျက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ တစ်ချိန်ကျရင် ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့ antibiotic ဆေးဝါးသစ်တစ်မျိုး ပေါ်ပေါက်လာစေဖို့ သတင်းကောင်းပါပဲ။

၃။ Stonehenge အသစ်တစ်ခုကို ဘရာဇီးမှာ တွေ့ရှိခြင်း

play

Stonehenge ဆိုတာ ခရစ်တော်မပေါ်မီ ရှေးဟောင်းနှစ်တွေကတည်းက ရှေးဦးလူတွေ တည်ဆောက်ခဲ့တဲ့ ကျောက်တိုင်ကြီးတွေ ဖြစ်ပြီး သူတို့တွေ ဘယ်လိုကိရိယာတွေသုံးပြီး ဒါတွေကို တည်ဆောက်ခဲ့တယ်ဆိုတာ ယနေ့တိုင် အဖြေမပေါ်သေးပါဘူး။ သုတေသီတွေဟာ ဒရုန်းတွေကိုသုံးပြီး ကောင်းကင်ဓာတ်ပုံ ရိုက်ခဲ့ရာမှာ ဘရာဇီးနိုင်ငံ၊ အနောက်မြောက်ပိုင်းမှာ stonehenge နေရာအသစ် (၄၅၀) ခန့် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရှေးဦးလူတွေဟာ ဒီနေရာမှာ သိပ္ပံပညာရှင်တွေ အစောပိုင်းက တွေးထင်ထားတာထက် ပိုပြီးစောလျင်စွာ နေထိုင်ခဲ့ကြမယ်လို့ ယူဆရပါတယ်။ သက်တမ်းအားဖြင့်တွက်မယ်ဆိုရင် အနည်းဆုံနှစ်ပေါင်း တစ်ထောင်ကျော်ပြီဖြစ်ပြီး ဥရောပတိုက်သားတွေ မရောက်ခင်ကတည်းက ဖြစ်ပါတယ်။

 

၎။ လမစေ့ဘဲမွေးတဲ့ ကလေးတွေအတွက် သားအိမ်တု

ကိုယ်ဝန်ဆောင်မိခင်တွေ မတော်တဆတစ်ခုခု ဖြစ်တာကြောင့် ဝမ်းဗိုက်ထဲက ကလေးတွေကို အချိန်မတန်သေးဘဲ ခွဲမွေးရတဲ့အခါ ကလေးကော၊ အမေပါ အသက်အန္တရာယ်ရှိပါတယ်။ တစ်ခါတလေမှာ ကလေးကို ကယ်ဖို့အတွက် အမေအသက်ဆုံးရှုံးရတာ ရှိသလို တစ်ခါတလေမှာ အမေ့အသက်ကိုကယ်ဖို့ ကလေးဆုံးပါးသွားတာလည်း ရှိပါတယ်။ အခုအချိန်မှာတော့ ဒါမျိုးအဖြစ်တွေ နည်းပါးသွားမှာပါ။

အချိန်မတိုင်ခင် မွေးဖွားတဲ့ ကလေးတွေကို မိခင်ဝမ်းဗိုက်ပြင်ပမှာ အသက်ဆက်ရှင်နိုင်ဖို့ သားအိမ်တုတစ်မျိုးကို ပြုလုပ်နိုင်ခဲ့ပါပြီ။ အဲဒီသားအိမ်တုထဲမှာ ကလေးတွေ မိခင်ဗိုက်ထဲမှာလိုပဲ ကောင်းမွန်စွာ ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဆေးပညာ လောကအတွက်တော့ မဟာတွေ့ရှိမှုကြီး တစ်ခုဖြစ်ပြီး နောင်တစ်ချိန်မှာ မိခင်တွေ ကိုယ်ဝန်ဆောင်စရာ မလိုဘဲ သားအိမ်တုထဲမှာပဲ ကလေးကို သဒ္ဓေတည်စေနိုင်မလားတောင် မပြောနိုင်ပါဘူး။

၅။ ပင်လယ်ရေအောက်က (၈) ခုမြောက်တိုက်ကြီး

play
 

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာပေါ်မှာ တိုက်ကြီး (၇) တိုက်ရှိတာကို သိထားကြပြီးဖြစ်မှာပါ။ သိပ္ပံပညာရှင်တွေဟာ နယူးဇီလန် နိုင်ငံအနီး၊ အနောက်တောင်ပစိဖိတ် သမုဒ္ဒရာအောက်ဘက်မှာ တိုက်အသစ်တစ်ခု ရှိနေကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ အဲဒီတိုက်သစ်ကို Zealandia လို့ နာမည်ပေးထားပါတယ်။

တိုက်ကြီးရဲ့ဧရိယာ (၉၄) ရာခိုင်နှုန်းလောက်က ရေအောက်ရောက်နေပေမယ့် ဘူမိဗေဒပညာရှင်တွေကတော့ ဒါကို ကမ္ဘာရဲ့ (၈) ခုမြောက် တိုက်ကြီးလို့ အသိအမှတ်ပြုခံရသင့်ပါတယ်လို့ ဆိုထားပါတယ်။ အခုအချိန်မှာ တရားဝင်အသိအမှတ် မပြုရသေးပေမယ့် နောင်တစ်ချိန်မှာ ပထဝီဖတ်စာအုပ်တွေထဲမှာ Zealandia တိုက်အကြောင်း မသင်ရဘူးလို့ မပြောနိုင်ပါဘူး။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD