AD
AD
AD

ဂျပန်နိုင်ငံဟာ ဇင်ဗုဒ္ဓဘာသာနဲ့ ရှင်တိုဘာသာကို ရိုးရာကိုးကွယ်လာခဲ့ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ရှင်တိုဘာသာမှာ အထွတ်အမြတ် ထားတဲ့ နတ်ဘုရားတွေကို Kami လို့ခေါ်ပါတယ်။ ဂျပန်ရိုးရာအရတော့ ရှင်တိုဘာသာမှာ Kami ပေါင်း ရှစ်သန်းလောက်ရှိပါတယ်။ တစ်နည်းအားဖြင့် ရေတွက်လို့တောင် မရဘူးပေါ့။

ဂျပန်နိုင်ငံကို အလည်အပတ်သွားမယ်ဆိုရင် ဂျပန်ကျွန်းစုတွေပေါ်က ရှင်တိုနတ်ကွန်းလေးတွေမှာ အဲဒီနတ်ဘုရားတွေကို တွေ့ရှိရမှာပါ။ ရှင်တိုနတ်ဘုရား (Shinto Kami) တွေထဲကမှ နာမည်အကြီးဆုံး နတ်ဘုရား (၇) ပါး ရှိပါတယ်။

၁။ Amaterasu

play
 

Naruto anime series ကြည့်ဖူးတဲ့သူတွေပါရင် Amaterasu အကြောင်းကို ကောင်းကောင်းသိထားကြမှာပါ။ Uchiha Clan ရဲ့ နောက်ဆုံးမမ်ဘာ နှစ်ယောက်ဖြစ်တဲ့ Itachi နဲ့ Sasuke Uchiha တို့ရဲ့ dojutsu (မျက်လုံးအစွမ်း) တစ်မျိုးဖြစ်ပါတယ်။ ရှင်တို ဘာသာထဲမှာတော့ Amaterasu ဟာ နေမင်း၊ စကြဝဋ္ဌာနဲ့ နတ်ဘုရားအားလုံး နေထိုင်ရာ ကောင်းကင်ဘုံတို့ရဲ့ နတ်ဘုရားမ ဖြစ်ပါတယ်။

ဒဏ္ဍာရီအရဆိုရင် ဂျပန်နိုင်ငံရဲ့ ဧကရာဇ်ဘုရင်တွေဟာ Amaterasu ကနေတဆင့် ဆင်းသက်လာတယ်လို့ အဆိုရှိပြီး သူတို့ရဲ့ထီးနန်း အဒွန့်ရှည်ဖို့အတွက် ဝါဒဖြန့်ခဲ့ရုံသက်သက်ပဲ ဖြစ်နိုင်ပါတယ်။ Amaterasu ဟာ နတ်ဘုရားမ Izanami နဲ့ နတ်ဘုရား Izanagi တို့ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူ Izanagi ရဲ့ ဘယ်ဘက်မျက်စိထဲက မွေးဖွားခဲ့တာဖြစ်ပါတယ်။

၂။ Izanagi နဲ့ Izanami

play
 

ဒီနတ်ဘုရားနှစ်ပါးရဲ့ နာမည်ကိုလည်း Naruto ဖန်တွေ ရင်းနှီးနေကြမှာပါ။ Uchiha Clan ရဲ့တားမြစ် ဂျစ်ဆုနှစ်မျိုးဖြစ်တဲ့ Izanagi နဲ့ Izanami ဟာ မျက်လုံးအမြင်ကို စွန့်လွှတ်ပြီးမှ အသုံးပြုလို့ရတဲ့ အစွမ်းထက် ဂျစ်ဆုတွေပဲ ဖြစ်ပါတယ်။ Naruto ထဲမှာ ရှင်တိုဘာသာထဲက နတ်ဘုရားနှစ်ပါး နာမည်ကို အသုံးပြုထားတာပါ။ ရှင်တိုဘာသာထဲမှာတော့ Izanami နဲ့ Izanagi ဟာ ကမ္ဘာဦးအစနဲ့တောင် ဆက်စပ်နေပါတယ်။

ဒဏ္ဍာရီအရတော့ ဒီနတ်ဘုရားနဲ့ နတ်ဘုရားမဟာ ပင်လယ်ထဲကို လှံတစ်စင်းနဲ့ ထိုးမွှေးလိုက်ပြီး လှံထိပ်ဖျားမှာ ပါလာတဲ့ ရွံ့ကနေ ဂျပန်နိုင်ငံရဲ့ ပထမဆုံးကျွန်း ဖြစ်တည်လာခဲ့ပါတယ်။ တခြားကျွန်းတွေကတော့ ဒီနတ်ဘုရားနှစ်ပါး ပေါင်းဖက်ရာမှ ဖြစ်လာတဲ့ ရာနဲ့ချီတဲ့ သားသမီးတွေဖြစ်ပြီး အများစုက ရှင်တိုဘာသာမှာ ထင်ရှားတဲ့ kami (နတ်ဘုရား) တွေဖြစ်လာပါတယ်။

၃။ Inari

play
 

Inari ကတော့ စက်မှုလုပ်ငန်း၊ ကြွယ်ဝချမ်းသာခြင်း၊ ဘဏ္ဍာရေးနဲ့ စိုက်ပျိုးရေးတို့နဲ့ ဆက်စပ်နေတဲ့ ရှင်တိုနတ်ဘုရားတစ်ပါး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ နတ်ကွန်း (၃) ပုံ (၁) ပုံခန့် (လေးသောင်းကျော်ခန့်) ဟာ Inari အတွက် ဆောက်လုပ်ထားတာပါ။ ဒါကြောင့် ဒီနတ်ဘုရားဟာ ရှင်တိုနတ်ဘုရားတွေထဲမှာ အရေးအကြီးဆုံးနဲ့ အရိုသေ အလေးစား အခံရဆုံး နတ်ဘုရားတစ်ပါးလို့ ဆိုနိုင်ပါတယ်။

ဒဏ္ဍာရီတွေအရတော့ Inari ဟာ မြေခွေးတွေကို ချစ်မြတ်နိုးပြီး စာပို့သမားအဖြစ် အသုံးချလေ့ရှိပါတယ်။ ရလဒ်အနေနဲ့ Inari ကို ရည်စူးထားတဲ့ နတ်ကွန်းတွေမှာ မြေခွေးရုပ်ထုတွေကို တွေ့ရှိရတာဖြစ်ပါတယ်။ အထူးသဖြင့် ကျိုတိုမြို့က နာမည်ကျော် Fushimi Inari နတ်ကွန်းဟာ ဒီနတ်ဘုရားအတွက် ရည်စူးပြီး ဆောက်လုပ်ထားတာပါ။

 

၎။ Hachiman

play
 

Hachiman ကတော့ ရှင်တို စစ်နတ်ဘုရားတစ်ပါးပါ။ (ဂရိဒဏ္ဍာရီမှာဆို Ares လိုပေါ့။) သူဟာ ဂျပန်စစ်သည်တွေကို စစ်ပွဲတွေ အောင်နိုင်အောင် လမ်းပြနေတဲ့ နတ်ဘုရားတစ်ပါးလို့ ယုံကြည်ကြပါတယ်။ Hachiman ကို ဂျပန်ကျွန်းဆွယ်ကို ကာကွယ်သူ တစ်ဦးအဖြစ်လည်း ယုံကြည်ကိုးကွယ်ကြပါတယ်။ (၁၃) ရာစုနှစ်တုံးက မွန်ဂိုအင်ပါယာရှင် ကူဗလိုင်ခန်ရဲ့ မွန်ဂိုသင်္ဘောတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ ထူးဆန်းတဲ့ လေပြင်းမုန်တိုင်း (ဂျပန်လူမျိုးတွေကတော့ kamikaze (နတ်လေပြင်း) လို့ ယုံကြည်ကြ) ကို Hachiman ဖန်တီးခဲ့တာလို့လည်း ယုံကြည်ကြပါတယ်။

Kamikaze လေပြင်းကြောင့် ဂျပန်ကျွန်းဆွယ်ဟာ မွန်ဂိုတွေကျူးကျော်ခံရခြင်းမှ လွတ်မြောက်ခဲ့ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ Hachiman ကို ရည်စူးဆောက်လုပ်ထားတဲ့ နတ်ကွန်းပေါင်း နှစ်သောင်းခွဲခန့်ရှိပါတယ်။ သူ့ထက်ပိုများတာ Inari ပဲ ရှိပါတော့တယ်။

၅။ Tenjin

play
 

Tenjin ကတော့ ပညာရေး၊ စာပေနဲ့ အတတ်ပညာတို့နဲ့ ဆိုင်တဲ့ နတ်ဘုရားတစ်ပါးပါ။ အံ့သြဖို့ကောင်းတာတစ်ခုက အစတုံးက သူဟာ အေဒီရှစ်ရာစုလောက်က ဂျပန်ပြည်မှာနေထိုင်ခဲ့တဲ့ Sugawara no Michizane ဆိုတဲ့ သာမန်ကဗျာဆရာ၊ ပညာရှိတစ်ဦးမျှသာ ဖြစ်ပါတယ်။ Michizane ဟာ Heian တရားရုံးရဲ့ ရာထူးကြီးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Fujiwara မိသားစုနဲ့ ရန်ဖက်တွေဖြစ်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ တရားရုံးအဖွဲ့ထဲက နှင်ထုတ်ခံခဲ့ရပါတယ်။

Michizane သေဆုံးပြီး မကြာခင်မှာပဲ သူ့ရဲ့ရန်သူတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာသေဆုံးသွားတဲ့အတွက် သိက္ခာချခံလိုက်ရတဲ့ ပညာရှိဟာ အုတ်ဂူထဲကနေ ပြန်လက်စားချေနေတာလို့ အများက ယုံကြည်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Michizane ရဲ့ လက်စားချေချင်တဲ့ဝိဉာဉ်ကို နှစ်သိမ့်ဖို့အတွက် ဂျပန်ပြည်သူတွေဟာ သူ့အတွက် နတ်ကွန်းတည်ဆောက်ပြီး Tenjin (ကောင်းကင်နတ်ဘုရား) လို့ အမည်ပေးခဲ့ကြပါတယ်။ ဂျပန်ကျောင်းသားတွေဟာ စာမေးပွဲနီးရင် Tenjin နတ်ကွန်းမှာ သွားဆုတောင်းကြပါတယ်။

၆။ Raijin နဲ့ Fujin

play
 

Raijin ကတော့ မိုးကြိုးနဲ့ လျှပ်စီးနတ်ဘုရားဖြစ်ပြီး Fujin ကတော့ လေပြင်းမုန်တိုင်း နတ်ဘုရားဖြစ်ပါတယ်။ ပေါင်းလိုက်တော့ သူတို့နှစ်ယောက်ကို မုန်တိုင်းနဲ့ ရာသီဥတုတို့ရဲ့ နတ်ဘုရားတွေ လို့ခေါ်ပါတယ်။ သူတို့ရဲ့ရုပ်ထုတွေကို နတ်ကွန်းတွေရဲ့အဝမှာ စောင့်နေတာကို ရံဖန်ရံခါတွေ့ရတတ်ပြီး ကိုးကွယ်သူတွေဟာ ဒီနတ်ဘုရားနှစ်ပါးရဲ့ အကြည့်တွေအောက်က နတ်ကွန်းထဲကို ဝင်ရပါတယ်။ Raijin ဟာ လက်တစ်ဖက်စီမှာ လက်ချောင်းသုံးချောင်းစီပဲ ပါရှိပြီး အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ Fujin ရဲ့ လက်ချောင်းလေးချောင်းကတော့ အရပ်လေးမျက်နှာကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။

၇။ Benzaiten

play
 

Benzaiten ကတော့ ဗုဒ္ဓယုံကြည်မှုကနေ မွေးစားယူထားတဲ့ ရှင်တိုနတ်ဘုရား တစ်ပါးဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ကံကောင်းခြင်းနတ်ဘုရား (၇) ပါးထဲက တစ်ပါးလို့လည်း လူသိများပါတယ်။ သူမဟာ ဟိန္ဒူနတ်ဘုရားမ Saraswati နဲ့လည်း ဆင်တူပါတယ်။ Benzaiten ဟာ စီးဆင်းနေတဲ့အရာအားလုံးရဲ့ (ဂီတ၊ ရေ၊ ဗဟုသုတ၊ စိတ်ခံစားမှု၊ အချစ်) နတ်ဘုရားမဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ နတ်ကွန်းတွေကို ဂျပန်စုံတွဲတွေ အလည်အပတ် လာရောက်ကြပါတယ်။ သူမရဲ့နတ်ကွန်းတွေမှာ အချစ်ခေါင်းလောင်းတီးနေတဲ့ စုံတွဲတွေ၊ ပန်းရောင်ဆုတောင်းစာတွေကို တူတူကပ်နေတဲ့ စုံတွဲတွေကို တွေ့မြင်နိုင်ပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD