AD
AD
AD

ဘာစီလိုနာလို့ဆိုလိုက်တာနဲ့ နာမည်ကျော် ဘာစီလိုနာဘောလုံးကလပ်ကို မျက်လုံးထဲ ပြေးမြင်မိကြမှာပါ။ လတ်တလောဆိုရင်လည်း စပိန်နိုင်ငံကခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့ ကတ်တလန်ဒေသရဲ့ အဖြစ်သနစ်ကြောင့်လည်း ဘာစီလိုနာမြို့ကို လူတွေပိုပြီးတော့ သိမြင်လာကြပါပြီ။ စပိန်နိုင်ငံရဲ့ အဓိက စီးပွားရေးဈေးကွက်တွေ တည်ရှိရာ ကတ်တလန်ဒေသက ဘာစီလိုနာမြို့ကတော့ ထူးခြားလှပတဲ့ ဟိုတယ်တွေအများစုရှိနေတာကြောင့်လည်း နာမည်ကျော်ကြားနေပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှု များပြားနေတာကြောင့် ဟိုတယ်တွေလည်း များပြားလွန်းနေတာလည်း ဖြစ်ပါတယ်။ ဟိုတယ်တွေအများကြီးထဲမှာမှ ဘာစီလိုနာမြို့ရဲ့ ရိုမန်တစ်အဆန်ဆုံး ဟိုတယ် (၅)ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ Cotton House Hotel

play

 

ဘာစီလိုနာမြို့ကတော့ တကယ့်ကို ဟိုတယ်ဒီဇိုင်းတွေ ထူးခြားလွန်းလှတဲ့ မြို့တစ်မြို့လို့ ဆိုလို့ရပါတယ်။ ကတ်တာလိုနီးယားမှာ ရှိတဲ့ Cotton House Hotel ရဲ့ အတွင်းပိုင်းဒီဇီုင်းတွေကိုတော့ ဒီဇိုင်နာ Lazaro Rosa-Violan က မတူထူးခြားမှု အပြည့်နဲ့ ဖန်တီးခဲ့ပါတယ်။ ယခင် ကုန်သည်ရုံးချုပ်ဟောင်းကြိးအဖြစ် တည်ရှိခဲ့ဖူးတဲ့ အဆောက်အဦကို Cotton House Hotel က မူလအနေအထားကို ပျက်စီးထိခိုက်စေမှုမရှိပဲ ဂုဏ်ယူမှုအပြည့်နဲ့ မွမ်းမံခဲ့တယ်လို့လည်း ဆိုပါတယ်။  ပြန်လည်မွမ်းမံခဲ့တဲ့ လက်ရာကတော့ တကယ့်ကို ရှယ်ပါပဲတဲ့။ မြင်လိုက်တာနဲ့ကို ကြက်သေသေပြီး သတိလစ်လုခမန်းဖြစ်သွားတယ်လို့ တင်းစားကြပါသေးတယ်။ ဟိုတယ်အတွင်းပိုင်းမှာ ဆိုရင်လည်း မူလသွင်ပြင်လက္ခဏာတွေအပြင် ရှေးဟောင်းပရိဘောဂတွေနဲ့ ခမ်းနားစွာ ပြင်ဆင်ထားပါသေးတယ်။ အလှပြင်ခန်းမငယ်လေးတွေ၊ အ၀တ်အစားလဲခန်းတွေကိုလည်း သီးသန့်ထားရှိပေးထားပါတယ်။ တစ်ညတာတည်းခိုခကတော့ 208 ယူရို ပါတဲ့။

 

၂။ Soho House Barcelona

play
 

ဘာစီလိုနာရဲ့ အကောင်းဆုံးသော ဟိုတယ်တစ်လုံးထဲမှာ ပါဝင်ပါတယ်။ ထူးကဲဆန်းပြားတဲ့ ဖီလင်ကို အပြည့်အ၀ခံစားရင်း စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ်တွေးချင်သူတွေအတွက် အသင့်တော်ဆုံး ဟိုတယ်လို့ ညွှန်းဆိုကြပါတယ်။ ဒါ့အပြင် Weekend Party, မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အစုအဖွဲ့လိုက် မိတ်ဆုံစားပွဲတွေလုပ်ချင်ရင်လည်း Soho House Barcelona က အကောင်းဆုံးလို့  ဆိုပါတယ်။ ဒီဟိုတယ်ကိုတော့ အင်္ဂလန်နိုင်ငံမှ အိမ်ပုံစံတွေကို နမူနာယူပြီးတော့ ပဉ္စလက်ဆန်ဆန် တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။ ဟိုတယ်ခေါင်မိုးမှာတော့ ရေကူးကန်ပါဝင်ပြီး Spa လည်း ရှိပါသေးတယ်။ ဒ့ါအပြင် ဧည့်ခံပွဲတွေကျင်းပလို့ပါရအောင် စီစဉ်ထားပါသေးတယ်။ အင်္ဂလိပ်ရိုးရာဟန်ပန်တွေကို အပြည့်အ၀ခံစားရမယ့် ဟိုတယ်ဖြစ်ပြီး တကယ့်ကို ဇိမ်ကျကျနဲ့ နေထိုင်ချင်သူတွေအတွက် သင့်တော်တဲ့ ဟိုတယ်တစ်လုံးပါပဲ။ ဈေးကလည်း ကောင်းပါတယ်။ တစ်ညတာ တည်းခိုခက 225 ယူရိုကျသင့်မှာပါ။

 

၃။ The Wittmore

play
 

 ဖက်ရှင်ရှိုးပွဲတွေ၊ ဂီတပွဲတွေကျင်းပဖို့အတွက်ပါ ထည့်သွင်းဆောက်လုပ်ထားတဲ့ ဟိုတယ်ကတော့ The Wittmore ဟိုတယ်ပဲ ဖြစ်ပါတယ်။ အလင်းရောင်ဖျော့ဖျော့လေးပဲ ထားပေးထားခြင်း၊ လူကြီးတွေအတွက် သီးသန့်မီးလင်းဖိုတွေ ထားပေးထားတဲ့ ၀န်ဆောင်မှုက ဒီဟိုတယ်ကို လူကြိုက်များစေမှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်အတွင်း ဓာတ်ပုံလုံးဝရိုက်ကူးခွင့် မပေးထားခြင်းဖြင့် တခြားသူတွေကို အနှောင့်အယှက်မရှိစေအောင် စီမံထားတာကလည်း အေးအေးဆေးဆေးနေလိုသူတွေ အတွက်တော့ အမှတ်ပေးချင်စရာ ပေါ်လစီတစ်ခုအဖြစ် ရှိနေပါတယ်။ ဟိုတယ်ရဲ့ ground-floor မှာတော့ စားသောက်ခန်းအပြင် ဘား ပါ ထားပေးထားပြီး ဟိုတယ်အောက်ဆုံးနဲ့ အပေါ်ဆုံးကိုတော့ လှေကားတွေနဲ့ ဆက်သွယ်ပေးထားပါတယ်။ နားအေးပါးအေးနဲ့ စိတ်အနှောင့်အယှက်ကင်းကင်း နေလိုသူတွေအတွက်တော့ သင့်တော်တယ်လို့ ဆိုရမှာပါပဲ။ တည်းခိုမယ်ဆိုရင်တော့ 173 ယူရို ကျသင့်ပါတယ်။

 

၎။ Hotel Neri

play
 

၁၇ ရာစုက လက်ရာတွေနဲ့ဖန်တီးထားတဲ့ Hotel Neri မှာတော့ စုစုပေါင်း အခန်းက (၂၂)ခန်းပဲ ရှိပါတယ်။ ဒ့ါအပြင် ရေကူးကန်၊ အားကစားခန်းမတို့လည်း ပါဝင်ခြင်းမရှိပဲ ဟိုတယ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အခန်းတွေရဲ့ ဒီဇိုင်းနဲ့ ဟိုတယ်ပေါ်က မြင်ရမယ့် ရှူခင်းတွေအတွက်ပဲ ရည်ရွယ်ပြီး တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ လှပခြင်း၊ ကြင်နာခြင်းတို့ရဲ့ ပုံရိပ်ထင်ဟပ်နေစေမယ့် အသွင်အပြင်နဲ့ ရှေးဟောင်းအဆောက်အဦတစ်ခုကို ဟိုတယ်အသွင်ပြောင်းလဲထားတာဖြစ်ပါတယ်။ ရှေးရိုးဆန်တဲ့ လူကြီးတွေနဲ့ အနုပညာမြတ်နိုးသူတွေတော့ အကြိုက်တွေ့မှာ သေချာပါတယ်။ Facilities အပြည့်အစုံမပါဝင်ပေမယ့်လည်း ဒီဟိုတယ်က တကယ့်ကို သမိုင်းဝင်အဆောက်အဦတစ်ခု၊ ခင်းကျင်းထားတဲ့ ပရိဘောဂတွေကလည်း တည်းခိုသူဧည့်သည်တွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်ကြောင်း အာမခံဝံ့တယ်လို့ ဆိုကြပါတယ်။ တစ်ညတာ တည်းခိုဖို့အတွက်ဆိုရင်တော့ 233 ယူရို ကျသင့်မှာဖြစ်တာကြောင့် ဈေးတော့ နည်းနည်းများတယ် ပြောရပါလိ့မယ်။

 

၅။ El Palace Hotel Barcelona

play
 

ပြင်သစ်ပြည်၊ ဗာဆိုင်းနန်းတော်ကြီးရဲ့ ဒီဇိုင်းနဲ့ ဆင်တူတယ်လို့ သတ်မှတ်ခံရတဲ့ ဟိုတယ်တစ်ခုပဲဖြစ်ပါတယ်။ အရှေ့တိုင်းယဉ်ကျေးမှုလက်ရာ ပန်းအိုးတွေ၊ လက်နဲ့ရေးဆွဲထားတဲ့ Wallpaper ဒီဇိုင်းအလန်းစားတွေ၊ ရွှေချထားတဲ့ နာရီ၊ နံနက်စာစားသုံးဖို့ အခန်းတွေနဲ့ ဆင်ယင်ထားပြီးတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ကာကွယ်နိုင်အောင်လည်း တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရွယ်အစားကြီးမားတဲ့ လမ်းဘေးမီးသီးတွေကိုလည်း တပ်ဆင်ပေးထားပြီးတော့ ရှေးဟောင်းဂရိဦးခေါင်းပုံ ရုပ်ထုတွေ၊ မြောက်အာဖရိကဘက်က မီးဖိုဆောင်ဒီဇိုင်းတွေကိုလည်း ဖန်တီးပေးထားပါတယ်။ ပန်းခြံအငယ်စားလေးတစ်ခုလည်း ပါဝင်ပြီး neoclassical အနုပညာလက်ရာတွေကိုလည်း  အိပ်ခန်းအတွင်းမှာ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီဟိုတယ်မှာ တည်းခိုခကတော့ တစ်ညကို 230 ယူရိုပါ။

Source and photos : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD