AD
AD
AD

မိဘတွေရဲ့ "ဆယ်တန်းလေးတော့ အောင်အောင်ဖြေလိုက်ပါ သားရယ် ဒါပြီးရင်ပြီးပြီ" ဆိုတဲ့ စကားတို့၊ "ဘွဲ့လေးတော့ရအောင် ဖြေလိုက်ပါ သားရယ် သားဘွဲ့ရရင် အမေတို့လည်း နားပြီ" ဆိုတဲ့ စကားတွေကို နားနဲ့မဆန့်အောင် နားထောင်ဖူးလား။ ကိုယ်က စာစိတ်မဝင်စားပါဘူးဆိုမှ ကိုယ်စိတ်မဝင်စားတဲ့ ပညာရေးစနစ်ကြီးမှာ သင်ရိုးစာအုပ်တွေကို အလွတ်ကျနေရပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်သင့်ပါတယ်။

play

 

တကယ်တော့ ဘဝမှာအောင်မြင်ဖို့ဆိုတာ ဘွဲ့ရခြင်း၊ မရခြင်းနဲ့ သိပ်ပြီးမသက်ဆိုင်လှတာကို ဘွဲ့လက်မှတ်လေးတွေကိုင်ပြီး အလုပ်လိုက်ရှာနေရတဲ့ သူတွေကို ကြည့်ရင်သိနိုင်ပါတယ်။ ဒီလိုပြောလို့ ပညာရေးက အရေးမကြီးလို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဘွဲ့ရထားရင်၊ တတ်သင့်တတ်အပ်တဲ့ ပညာတွေကိုတတ်ထားရင် အလုပ်ရှာရတာပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရမှာပဲဖြစ်ဖြစ် ပိုမိုလွယ်ကူစေနိုင်မှာပါ။

ဒါပေမယ့် ကိုယ့်ရဲ့ပါရမီက ပညာရေးမှာမဟုတ်ဘဲ တခြားတစ်ဖက်မှာဖြစ်နေရင် ကျောင်းဆက်တက်ပြီး အချိန်ဖြုန်းနေရင် အလကားပါပဲ။ ကမ္ဘာကျော် ဘီလျံနာတွေဖြစ်တဲ့ Facebook ထူထောင်သူ Mark Zuckerberg တို့၊ Apple ထူထောင်သူ Steve Jobs တို့၊ Microsoft ထူထောင်သူ Bill Gates တို့လည်း ကောလိပ်ကျောင်းပြီးအောင် မတက်ခဲ့တဲ့ ဘွဲ့မရပညာတတ်တွေပါပဲ။ စာမကျက်ချင်ဘဲ ဘဝမှာအောင်မြင်ချင်တယ်ဆိုရင်တော့ အောက်ပါအလုပ်အကိုင်တွေကို ရွေးချယ်သင့်ပါတယ်။

၁။ ဓာတ်ပုံဆရာ

play
 

ဓာတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်လာဖို့ ဘာဘွဲ့မှရစရာ မလိုပါဘူး။ နောက်ပြီး ကောလိပ်ကျောင်းက ဖတ်စာအုပ်အထူကြီး တွေကိုလည်း အလွတ်ကျက်ဖို့ မလိုပါဘူး။ ခင်ဗျားမှာလိုတာက သူများနဲ့မတူတဲ့ အမြင်ရယ်၊ တီထွင်ဖန်တီးနိုင်စွမ်းရယ်၊ အလုပ်ကြိုးစားလိုစိတ်ရယ်ပဲ လိုတာပါ။ (ကင်မရာ tools တွေအကြောင်းသိဖို့နဲ့ အလင်းအမှောင်သီအိုရီတွေကိုတော့ နည်းနည်းလေ့လာဖို့ လိုအပ်တာပေါ့။)

တကယ်လို့ ဓာတ်ပုံကောင်းလေးတွေကို ဖန်တီးလိုစိတ်နဲ့ မြင်ကွင်းလေးတွေ၊ အခိုက်အတန့်လေးတွေကို လေးဘက်ဘောင်နဲ့ ဘောင်ခတ်ချင်တဲ့ စိတ်ရှိရင်တော့ ဒီအလုပ်အကိုင် လမ်းကြောင်းနောက်ကို လိုက်သင့်ပါတယ်။

၂။ စာရေးဆရာ

play
 

ကလေးသုံးယောက်အမေ J.K.Rowling တောင် ကော်ဖီဆိုင်တွေမှာထိုင်ပြီး ကလေးတစ်ဖက်နဲ့ စာရေးရာမှ Harry Potter စီးရီးကို ဖန်တီးနိုင်ခဲ့ပြီး ဘီလျံနာသူဋ္ဌေးမကြီး ဖြစ်သွားတဲ့ သာဓကကို ရှေးရှုပါ။ မိမိမှာ ဘာသာစကားကျွမ်းကျင်မှု၊ စိတ်ကူးဉာဏ်ကွန့်မြူးမှုနဲ့ မဆုတ်မနစ် ကြိုးစားလိုစိတ်တို့သာ ရှိမယ်ဆိုရင် စာရေးတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ကိုင်နိုင်ဖို့ဆိုတာ မခက်ခဲလှပါဘူး။ ဇာတ်လမ်းတွေကို ထိုင်စဉ်းစားရတာ၊ ဇာတ်ကောင်စရိုက်တွေကို ဖန်တီးရတာ ဝါသနာပါတယ်ဆိုရင်တော့ ဒီလမ်းကြောင်းကိုသာ လိုက်လိုက်ပါ။ အခုဆိုရင် စာရေးသား ဖန်တီးသူ (content writer) တွေ အလုပ်အကိုင်မရှားလှပါဘူး။

၃။ ရုပ်ရှင်ဖန်တီး ပြုလုပ်သူ

play
 

ဘွဲ့ရစရာမလိုတဲ့ တခြားအသက်မွေး ဝမ်းကျောင်းအလုပ်တစ်ခုကတော့ ရုပ်ရှင်ရိုက်တာပါပဲ။ Documentary အတိုလေးတွေ စမ်းရိုက်ကြည့်ရာကစပြီး ဗီဒီယိုဇာတ်ကားတွေ ဖန်တီးတာအထိ မိမိစိတ်တိုင်းကျ တီထွင်ရိုက်ကူးနိုင်ပါတယ်။ စစချင်းတော့ ရုပ်ရှင်ကင်မရာကြီးတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေဖို့ ရိုက်ကူးရေးလုပ်ငန်းကြီးတွေမှာ ပညာသင်အဖြစ် အလုပ်လုပ်ကြည့်တာ ပိုကောင်းပါတယ်။ ဒါဆိုရင် ကိုယ်ပိုင်ဖန်တီးနိုင်တဲ့ အချိန်ရောက်ပြီဆိုတော့မှ မိမိရဲ့အစွမ်းအစကို ထုတ်ပြနိုင်ပြီပေါ့။

၎။ ပန်းချီဆရာ

ပန်းချီဆွဲခြင်းကို အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် မဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။ အရောင်တွေ၊ ဇာတ်ကောင်တွေ၊ ပုံရိပ်တွေကို ဖန်တီးနိုင်စွမ်း ရှိရုံနဲ့ ဝင်ငွေကောင်းကောင်း ရနေတဲ့သူတွေ အများကြီးပါ။ တစ်ခုပါပဲ။ မိမိမှာ ပန်းချီနဲ့ပတ်သက်တဲ့ ပါရမီတော့ ရှိဖို့လိုတာပေါ့။ ဆီဆေး၊ ရေဆေးပန်းချီကားတွေ ဆွဲရာက ဝင်ငွေရရှိစေနိုင်သလို Digital Illustration ပုံလေးတွေ ဖန်တီးရေးဆွဲခြင်း၊ Comic ကာတွန်းရေးဆွဲခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းအလုပ်တွေအတွက် Logo ဖန်တီးပေးခြင်းအလုပ်တို့မှလည်း ဝင်ငွေကောင်းကောင်း ရရှိနိုင်ပါတယ်။

၅။ အားကစားသမား

play
 

ငယ်ငယ်က အတန်းထဲမှာ စာစိတ်မဝင်စားဘဲ ကျောင်းဆင်းချိန်မှာ ဘောလုံးကန်ဖို့ကိုပဲ စိတ်ဝင်စားနေတဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့ဖူးလို့ ဆရာမတွေ ဆော်ပလော်တီးတာကိုကော ခံခဲ့ရဖူးလား။ မိမိဝါသနာပါရာ အားကစားနောက်ကို တစိုက်မတ်မတ် လိုက်ရင်လည်း ဒါဟာတစ်ချိန်မှာ မိမိကို ဝင်ငွေလမ်းဖြောင့်စေတဲ့ အလုပ်အကိုင်တစ်ခုစီ ဆွဲခေါ်သွားနိုင်ပါသေးတယ်။

လောလောဆယ် MNL မှာ လစာကောင်းကောင်းရနေတဲ့ ဘောလုံးသမားတွေအကြောင်းလည်း ကြားမိမှာပါ။ ကံကောင်းထောက်မလို့ နာမည်ကြီးပြီး နိုင်ငံခြားဘောလုံးကလပ်တွေမှာ အလုပ်လုပ်ရရင် ပွပေါက်တိုးပြီပေါ့။ ဘောလုံးတင်မကပါဘူး။ တခြားအားကစား တွေမှာလည်း သေချာလိုက်စားရင် အောင်မြင်နိုင်ခြေရှိပါတယ်။

၆။ ပရိုဂရမ်မာ

play
 

ကွန်ပျူတာပရိုဂရမ်မာ ဖြစ်ဖို့အတွက်၊ coding ရေးဖို့အတွက် ဘွဲ့ရစရာမလိုပါဘူး။ မိမိကိုယ်တိုင် သင်ယူလေ့လာလိုစိတ်နဲ့ ပြင်းပြတဲ့စိတ်ဆန္ဒပဲ လိုပါတယ်။ Facebook ကို ထူထောင်ခဲ့တဲ့ Zuckerberg နဲ့ သူငယ်ချင်းတစ်စုဟာ တိုက်ခန်းကျဉ်းလေးထဲမှာ coding ရေးလိုက်၊ ပရိုဂရမ်ဆွဲလိုက်လုပ်ပြီး အခုချိန်မှာ သုံးစွဲသူ သန်းနှစ်ထောင်ကျော်ပြီဖြစ်တဲ့ Facebook ကို တည်ထောင်နိုင်ခဲ့တာပါ။ တကယ်လို့ ခင်ဗျားမှာ ပရိုဂရမ်မာ ဖြစ်နိုင်လောက်တဲ့ အရည်အချင်းရှိတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ရင် ဘွဲ့ရအောင်ဆက်မတက်ဘဲ ပရိုဂရမ်မာဖြစ်အောင် ကြိုးစားနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD