AD
AD
AD

စီးပွားရေးမှာ အောင်မြင်နေတဲ့ စီးပွားရေးသမားတွေကို တွေ့ဖူးကြမှာပေါ့။ ကိုယ်တိုင်လည်း ငွေရှာကောင်းတဲ့ စီးပွားရေးသမားတွေကို စီးပွားရေးနဲ့ပတ်သက်ရင်၊ ဘဏ္ဍာရေးနဲ့ ပတ်သက်ရင် ယုံကြည်ကိုးစားဖူးကြမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်မစောပါနဲ့ဦး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလျံနာကြီးတွေတောင်မှ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် မှားဖူးကြပါတယ်။ ဒေါ်လာသန်းရာနဲ့ချီပြီး ဆုံးရှုံးခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့အမှားထဲကနေ သင်ခန်းစာယူတတ်ကြတဲ့အတွက် ပြန်ပြီးအောင်မြင်လာခဲ့ကြပါတယ်။

Kindle Fire ဖုန်းထုတ်ရာမှာ ဒေါ်လာသန်း (၁၇၀) ကျော်ဆုံးရှုံးခဲ့ရတဲ့ Amazon ကုမ္မဏီထူထောင်သူ Jeff Bezos ဆိုရင် အမှားကနေ သင်ခန်းစာယူတတ်တဲ့အတွက် အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ဦး ဖြစ်သွားပါပြီ။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး သင်ခန်းစာယူနိုင်အောင်လို့ ကမ္ဘာကျော်ဘီလျံနာကြီးတွေ ပြုလုပ်ခဲ့တဲ့ ငွေရေးကြေးရေး အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Bill Gates ရဲ့ Apple ကို ကူညီခြင်း

play
 

၁၉၉၇ ခုနှစ်တုန်းက Apple ကုမ္မဏီဟာ ဒေဝါလီခံလုနီးပါးထိ ဖြစ်ခဲ့ပြီး Bill Gates ရဲ့ Microsoft ကုမ္မဏီကသာ ဒေါ်လာသန်း (၁၅၀) ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဝင်မကူညီခဲ့ရင်၊ Apple ရဲ့ ကွန်ပျူတာတွေအတွက် ဆော့ဖ်ဝဲလ်ထောက်ပံ့ပေးခြင်း မရှိခဲ့ရင် Apple ကုမ္မဏီ ပြန်ဦးမော့နိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ အဲဒီအချိန်တုန်းကတော့ Bill Gates ရဲ့ ဆုံးဖြတ်ချက်က မဟာဗျူဟာမြောက်တယ် ဆိုပေမဲ့ Apple ဟာ အခုလိုမျိုး နည်းပညာရဲ့နယ်ပယ်တော်တော်များများမှာ Microsoft ကို အနိုင်ယူမယ်ဆိုတာကို ကြိုသိခဲ့ရင် Bill Gates အဲဒီလို ကူညီခဲ့ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။

အဲဒီအချိန်တုန်းကတော့ Bill Gates ဟာ Microsoft ရဲ့ ဗိုလ်မထားတတ်တဲ့ အကျင့်နဲ့ပတ်သက်ပြီး အစိုးရရဲ့ စိုးရိမ်မှုတွေကို Apple ကို ကူညီခြင်းနဲ့ ဖြေလျှော့ခဲ့တာပါ။ Bill Gates ကံဆိုးချင်တော့ Steve Jobs ဟာ Apple ကို ပြာပုံထဲကကယ်ထုတ်ခဲ့ပြီး ယနေ့ခေတ်မှာ လူတော်တော်များများက ဇိမ်ခံပစ္စည်းတစ်မျိုးအဖြစ် အသိအမှတ်ပြုကြတဲ့ iphone, ipad တွေနဲ့ Macbook ကွန်ပျူတာတွေကို ထုတ်လုပ်ပြီး ၂၀၁၇ ခုနှစ်မှာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကုမ္မဏီဖြစ်လာစေခဲ့တာပါ။

စီးပွားရေးလေ့လာသူ တော်တော်များများ ကလည်း အဲဒီအချိန်တုန်းက Bill Gates သာ ဝင်မကူခဲ့ရင် Apple ကုမ္မဏီ ဘာဖြစ်သွားမလဲ ဆိုတာနဲ့ Microsoft ကုမ္မဏီရဲ့တန်ဖိုး ဘယ်လောက်ဖြစ်နေမလဲဆိုတာကို ဆွေးနွေးငြင်းခုန်နေကြပါတယ်။

၂။ Jeff Bezos ရဲ့ ဒေါ်လာသန်းရာနဲ့ချီပြီး အချည်းနှီးဖြစ်ခြင်း

play
 

ဒီနှစ်ကတော့ Amazon အကြီးအကဲ Jeff Bezos အတွက်တော့ မင်္ဂလာရှိတဲ့ နှစ်ပါပဲ။ ဘာလို့လဲဆိုတော့ သူဟာ အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ဘီလျံ (၁၀၀) နဲ့အတူ Bill Gates ကိုကျော်ပြီး ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားလို့ပါပဲ။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်တုန်းက Jeff Bezos ရဲ့ အမှားတစ်ခုဟာ ကုမ္မဏီအတွက် နစ်နာဆုံးရှုံးမှုတွေ အရမ်းကြီးခဲ့ပါတယ်။

"Amazon.com မှာ ကျွန်တော် ဒေါ်လာသန်းထောင်နဲ့ချီပြီး တန်ကြေးရှိတဲ့ အမှားတွေကို ကျူးလွန်ခဲ့မိပါတယ်" လို့ Bezos က New York မြို့က ကွန်းဖရန့်စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ Amazon ကုမ္မဏီရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Kindle Fire တို့၊ Echo တို့ အလုပ်ဖြစ်ခဲ့ပေမဲ့ Fire Phone ကတော့ ထင်သလို ရောင်းမစွံခဲ့ဘဲ ဒေါ်လာ သန်း (၁၇၀) ကျော် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

၃။ Oprah Winfrey ရဲ့လောဘကြီးတဲ့ အမှား

play
 

The Oprah Winfrey Show ပြီးသွားချိန်မှာ ကမ္ဘာကျော်ရုပ်သံတင်ဆက်သူ Oprah Winfrey ဟာ အေးအေးဆေးဆေး အနားယူလိုက်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ အလုပ်လောဘကြီးတဲ့ Oprah ဟာ ၂၀၁၁ ခုနှစ်မှာ OWN (Oprah Winfrey Network) ဆိုတဲ့ သူမရဲ့ကိုယ်ပိုင် တီဗီကွန်ရက်ကို စတင်လွှင့်တင်ခဲ့ပါတယ်။

ဒါပေမဲ့ OWN ဟာ အစောပိုင်းကာလတွေမှာ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပြီး Oprah ကိုယ်နှိုက်က ဒီလောက်ခက်မယ်မှန်းသိရင် တခြားဟာပဲလုပ်ပါတယ်လို့ ဝန်ခံခဲ့ရပါတယ်။ Oprah ဟာ သူမရဲ့တီဗီကွန်ရက်ကြောင့် ဒေါ်လာ သန်း (၃၃၀) လောက် ဆုံးရှုံးနစ်နာ ခဲ့ရပါတယ်။ ဒါပေမဲ့ Oprah Winfrey ရဲ့ထုံးစံအတိုင်းပါပဲ။ OWN ဟာ အခုဆိုရင် ပြန်လည်အောင်မြင်မှုလေးတွေ ရရှိနေပါပြီ။

၎။ Warren Buffett ရဲ့ ဒေါ်လာဘီလျံ (၂၀၀) တန် အချည်းနှီးဖြစ်မှု

play
 

ဘောဂဗေဒလေ့လာသူတိုင်း၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း Berkshire Hathaway ကုမ္မဏီပိုင်ရှင် Warren Buffett ကို မသိသူရှိကြမယ် မထင်ပါဘူး။ သူ့စကားတွေဟာ စီးပွားရေးသင်ရိုးတိုင်းမှာ အလေးအနက်ထား လိုက်နာကြရတာပါ။ ဒါပေမဲ့ Warren Buffett တောင်မှ မှားဖူးတဲ့အကြိမ် ရှိပါတယ်။ သူစီးပွားရေး လုပ်ခါစတုန်းက သူ့ကိုငွေကုန်ကြေးကျ များစေခဲ့တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့မိပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေတုန်းက Buffett ဟာ အထည်အလိပ်ကုမ္မဏီတစ်ခုဖြစ်တဲ့ Berkshire Hathaway ရဲ့ရှယ်ယာတွေကို ဝယ်ခဲ့ပြီး အကျိုးအမြတ်နည်းနည်းရဖို့အတွက် ကုမ္မဏီတွင်းမှာပဲ ပြန်ရောင်းခဲ့ပါတယ်။

ဒါပေမဲ့ ကုမ္မဏီရဲ့ CEO ဖြစ်သူက သဘောတူထားတဲ့ ပမာဏရဲ့ ရှစ်ပုံတစ်ပုံသာပေးပြီး ခေါင်းပုံဖြတ်ခဲ့တဲ့အတွက် မခံချင်စိတ်အပြည့်နဲ့ Buffett ဟာ ကုမ္မဏီရှယ်ယာတွေကို အမြောက်အများပိုင်ဆိုင်နိုင်အောင် ဝယ်ယူပြီး CEO ဖြစ်သူကို ကုမ္မဏီမှ အလုပ်ပြန်ဖြုတ် လိုက်ပါတယ်။ ဒါတွေအားလုံး ပြီးစီးသွားချိန်မှာ Buffett ရဲ့လက်ထဲမှာ အရှုံးပေါ်နေတဲ့ အထည်အလိပ်လုပ်ငန်းကြီးတစ်ခုသာ ကျန်ခဲ့ပြီး လုပ်ငန်းပြန်လည် ဦးမော့လာစေဖို့အတွက် ငွေကုန်ကြေးကျ တော်တော်စိုက်ထုတ်လိုက်ရပါတယ်။ တကယ်လို့ အဲဒီအစား တခြားလုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ဒီထက်ပိုပြီး အကျိုးအမြတ်ရရှိမှာပါ။ သူက သူ့ရဲ့အမှားကို ဒေါ်လာ ဘီလျံ (၂၀၀) တန်အမှားလို့ ညွှန်းဆိုခဲ့ပါတယ်။

Source: Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD