"၈၀၀ ပေးမယ်.."

" မရဘူး ၁၁၀၀ ပေးမှ ဖြစ်မယ်..  ၁၀၀၀ တော့ ပေးလေ၊ ၉၀၀တော့ လုပ်ဗျာ.."

 နောက်ဆုံးတော့ ဒီးနား (လစ်ဗျားငွေကြေး) ၈၀၀ နှင့် ဈေးတည့်သွားလေသည်။ ကားအရောင်းအ၀ယ် မဟုတ်ပါ။ မြေအရောင်းအ၀ယ်လည်း မဟုတ်။ ပရိဘောဂရောင်းချနေခြင်းလည်း မဟုတ်ခဲ့။ ဟုတ်ပါသည်.. သက်ရှိထင်ရှား လူသား (၂)ဦးကို တစ်ဦးလျှင် ဒီးနား ၄၀၀ နှင့် အရောင်းအ၀ယ်ဖြစ်ခဲ့သော လူအရောင်းအ၀ယ်တစ်ခု၏ လေလံပွဲဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန်အတွက် သန်မာထွားကျိုင်းသော ယောက်ျားအယောက် (၂၀)၏ အလယ်တွင် မည်သူမည်ဝါမှန်း အတည်မပြုနိုင်သော လူတစ်ဦးက ဆဲလ်ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

လေလံပွဲကျင်းပသူက သူ့လက်ထဲမှ တူဖြင့် စားပွဲကို တစ်ချက် ထုလိုက်ပြီး

" ကြွရောက်လာတဲ့ လူကြီးမင်းများထဲက တစ်ယောက်တစ်လေများ အလုပ်သမား မလိုဘူးလား " ဟူသည့် မေးခွန်းကို မေးလိုက်သည်။ တစ်ဆက်တည်းမှာပင် လူတစ်ဦးကို လက်ညိုးထိုးလိုက်ပြီး " သူပါပဲ၊ သန်မာတယ်၊ ထွားကျိုင်းတယ်၊ အလုပ်လည်း ကောင်းကောင်း လုပ်နိုင်တယ်၊ ဘယ်သူများ စပြီးတော့ ဈေးပေးမလဲ" ဟု ဆိုကာ သူ၏ လေလံပွဲကို ဆက်လက် ပြုလုပ်နေလေသည်။ ၀ယ်ယူဖို့ စိတ်ဝင်စားသူများက သူတို့၏လက်ကို မြှောက်ကာ အချက်ပေးလိုက်ပြီးလျှင် သူတို့ပေးချင်သော ဈေးနှုန်းကို အသီးသီး အပြိုင်အဆိုင်ပေးပြီးလျှင်တော့ လေလံဆွဲခံရသူ၏ ကံကြမ္မာကား သခင်အသစ်၏ လက်ထဲတွင် ကျရောက်သွားလေပြီ။

play

 

လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့တော်၏ တစ်နေရာတွင် ကျင်းပနေသော လေလံပွဲမြင်ကွင်းကား ဘယ်လိုမှ စိတ်သက်သာဖွယ်မရှိချေ။ သက်မဲ့ကုန်ပစ္စည်းတစ်ခုလို သဘောထားကာ လူသားအချင်းချင်းကို ကျွန်အဖြစ် ခိုင်းစေအသုံးပြုဖို့ရာ အရောင်းအ၀ယ်က လစ်ဗျားနိုင်ငံ၏ နေရာအနှံ့တွင် တွင်ကျယ်နေခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းကပင် လစ်ဗျားနိုင်ငံအတွင်းမှ ဒုက္ခသည်များ၊ ဆင်းရဲမွဲတေသူများ ထောင်ပေါင်းများစွာ နိုင်ငံကို စွန့်ခွာသွားကြသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်ကတော့ ဥရောပနိုင်ငံများတွင် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများ ရရှိဖို့လည်း ဖြစ်သည်။ အများစုကတော့ ပိုင်ဆိုင်သမျှသော ပစ္စည်းဥစ္စာတို့ကို ရောင်းချကာ မြေထဲပင်လယ်ကို ဖြတ်ကျော်စွန့်စားခဲ့ကြသည်။ လစ်ဗျားကမ်းခြေစောင့် တပ်ဖွဲ့များ၏ ရန်မှ ကင်းလွတ်အောင်လည်း မှောင်ခိုလှေများကို အားကိုးအားထားပြုခဲ့ရသေးသည်။ ရပ်တည်ရန် ခက်ခဲလွန်းသည့် သူတို့၏ ဘ၀အခြေအနေများကို ပြောင်းလဲပစ်ရန် ကြိုးစားခဲ့သူတို့အထဲတွင် အောင်မြင်သူများ ရှိခဲ့သလို ကျရှုံးခဲ့သူများလည်း ဒုနဲ့ဒေးပင်။

ရုန်းမထွက်နိုင်သေးသည့် လစ်ဗျားပြည်သူများကတော့ အခိုင်းအစေများ၊ ကျွန်များအဖြစ် ကိုယ့်ကံကြမ္မာကိုယ် မပိုင်ပဲ အသက်ဆက်နေရသည်မို့ လူမှောင်ခိုပွဲစားများအတွက်တော့ ရတနာသိုက်နှင့် တွေ့နေသလိုပင်။ သူတို့အတွက်က အရင်းအနှီးနည်းနည်းနှင့် အမြတ်များများရနေသည်ကိုး။ ရံဖန်ရံခါတွင်တော့ အဖမ်းအဆီးများနှင့် ရင်ဆိုင်ရသည်တော့ ရှိပေမယ့် များသောအားဖြင့်တော့ သူတို့အတွက် ငွေတွေက ဒလဟော စီးဆင်းနေသည့် ဈေးကွက်ကို ပိုင်ဆိုင်ထားကြလေသည်။ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု တားဆီးရေး အဖွဲ့၏ အကြီးအကဲ တစ်ဦးဖြစ်သူ Hazam က -

play

 

" လှေအပြည့်နဲ့တင်ဆောင်လာတဲ့ လူ အယောက် ၁၀၀လောက် ဖမ်းမိတာမျိုးလည်း ရှိတယ်။ ဒီလောက် လူအများကြီးက ဘယ်သွားပြီး ဘာလုပ်ကြမှာလဲ ကျွန်တော်လည်း မသိဘူး" ဟု သူ့ အတွေ့အကြုံကို ပြောပြသည်။ " မှောင်ခိုသမားတွေကလည်း ဒီလူတွေ ဥရောပကို ရောက်တာမရောက်တာ၊ ပင်လယ်ထဲ သေတာမသေတာကို ထည့်မစဉ်းစားဘူး၊ သူတို့အတွက်က ငွေရဖို့လောက်ပဲ" ဟူ၍လည်း ထပ်ပြောသေးသည်။ လစ်ဗျားနိုင်ငံတွေကား ကျွန်ဈေးကွက်က တဖြည်းဖြည်းကြီးထွားလာသည်ဟု သတင်းများက စဉ်ဆတ်မပြတ် ထွက်ပေါ်နေခဲ့သည်။ လစ်ဗျားနိုင်ငံ၏ မြို့တော် ထရီပိုလီတွင်မူကား လူအများအပြားနေထိုင်ဆဲပင်။ ကလေးများက လမ်းပေါ်တွင် ကစားလျက်ရှိနေဆဲပင်။ အလုပ်သွားသူများက သွားကြ၊ ပလက်ဖောင်းပေါ်တွင် သူငယ်ချင်းများ စကားဝိုင်းဖွဲ့လျက် ရှိလျက်ပင်။ ညစာအတွက် ချက်ပြုတ်နေသည့် အမျိုးသမီးများကို တွေ့မြင်နိုင်သေးသည်။

play

 

သို့သော် ထရီပိုလီမြို့၏ ကျွန်ဈေးကွက် (သို့) လူလေလံပွဲများတွင်မူ လက်ကောက်ဝတ် နှင့် ခြေကျင်းဝတ်ကို ချိတ်ဆက်ထားသည့် သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် အစေခံတို့ကား ရှိဆဲရှိမြဲပင်။ ထရီပိုလီမြို့မှ Detention Center in Tripoli for migrants အဖွဲ့အစည်းမှ Alazabi က -

" လူကုန်ကူးခံရသူတွေ၊ ဒါမှမဟုတ် ဥရောပကို ပြောင်းရွှေ့ဖို့ တရားမ၀င် ရွှေ့ပြောင်းတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ဇာတ်လမ်းတွေ နေ့တိုင်းကြားနေရတယ်။ မုဒိမ်းကျင့်ခံရတာ၊ ညှင်းပမ်းနှိပ်စက်ခံရတာတွေဆို ကျွန်တော့် နားထဲမှာ လျှံထွက်နေအောင်ကို ကြားနေရတယ်၊ သူတို့ရဲ့ အသံတွေကို ခင်ဗျားတို့အားလုံး နားထောင်စေချင်ပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ အသံက ဘာလဲဆိုတာ အားလုံးသိလာပါလိမ့်မယ်" ဟု ပြောသည်။ နိုင်ဂျီးရီးယားသောင်းကျန်းသူအဖွဲ့ထံသို့ ရောင်းစားခြင်းခံခဲ့ရသူ ၂၁နှစ်အရွယ် Victory ဆိုသူက သူ့အတွေ့အကြုံကို ပြန်ပြောသည်မှာ " ခက်ထန်တင်းမာတဲ့ မျက်နှာထားတွေနဲ့ သောင်းကျန်းသူတွေ ကြားမှာ နေခဲ့ရတယ်၊ အစာမစားရဘူး၊ ပြီးတော့ ယောက်ျားချင်း မုဒိမ်းကျင့်ခံခဲ့ရတယ်၊ ခင်ဗျား လူတွေရဲ့ ခန္ဓာကိုယ်တွေကို လိုက်ပြီးတော့ ကြည့်ကြည့်၊ အနာတရတွေချည်းပါပဲ၊ ခဏခဏရိုက်လို့လည်း ဒုက္ခိတဖြစ်သွားသူတွေ မနည်းဘူး" ဟု ပြောသည်။

play

 

မည်သို့ပင်ဆိုစေကာမူ လစ်ဗျားနိုင်ငံတွင်ကား လူမှောင်ခိုဈေးကွက် ထွန်းကားနေဆဲဆိုသည်က ငြင်းမရ။ အတားအဆီးများ၊ အစစ်အဆေးများ ရှိပင်ရှိသော်ငြားလည်း ဘ၀ရပ်တည်ချက်အတွက် ရွှေ့ပြောင်းနေသူများက နေ့စဉ်နှင့်အမျှ တိုးပွားလာသလို ရောင်းစားခံနေရသည့် လုပ်သားကျွန်များလည်း ရှိနေဆဲပင်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video