AD
AD
AD

La Mothe-Chndeniers ဆိုတဲ့ ရဲတိုက်ကြီးကတော့ ပြင်သစ်နိုင်ငံမှာ တည်ရှိပြီးတော့ နာမည်ကြီးရဲတိုက်တစ်ခုလည်းဖြစ်ပါတယ်။ ၁၃ ရာစုကတည်းက ဆောက်လုပ်ခဲ့တဲ့ ဒီရဲတိုက်ကြီးဟာ ပြအိုးတွေ၊ မျှော်စင်တွေနဲ့ ခမ်းနားတင့်တယ်နေခဲ့ပေမယ့် အခုချိန်မှာတော့ ဟိုနေရာတစ၊ ဒီနေရာတစဆိုသလိုမျိုး ပျက်စီးယိုယွင်းနေခဲ့ပါပြီ။ ဒါပေမယ့် ဒီ ရဲတိုက်ကြီးရဲ့ ကံကြမ္မာက အခုတော့ အကောင်းဘက်ကို ဦးတည်လာခဲ့ပြီလို့ ဆိုရပါတော့မယ်။ ကမ္ဘာတ၀ှမ်းက လူပေါင်း ကိုးထောင်ကျော်ဟာ ဒီ ရဲတိုက်ကြီးကို ကယ်ဆယ်ဖို့ အတွက်  အတူတူပူးပေါင်းဆောင်ရွက်ကြဖို့ လုပ်ဆောင်နေကြပြီးတော့ ဒီထက်မကသော အရေအတွက်လည်း ရှိလာနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

play

 

လူတစ်ဦးကို ယူရို ၅၀ ခန့် စိုက်ထုတ်ပြီးတော့ ရဲတိုက်ကြီးကို အသစ်ပြန်လည်မွမ်းမံဖို့ ကြိုးစားနေကြပြီးတော့ အလှူရှင်တွေဟာ ရဲတိုက်ကြီးရဲ့ ပူးတွဲပိုင်ရှင်တွေအဖြစ် တာဝန်ယူကြမှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူတို့ဟာ ရဲတိုက်ကြီးမှာ နေထိုင်ခြင်း ပြုလုပ်မှာမဟုတ်ပဲနဲ့ ရဲတိုက်ကြီးရဲ့ ကိစ္စအ၀၀နဲ့ပတ်သက်ပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

play

 

 ပြင်သစ်နိုင်ငံ Toris-Moutiers  မြို့မှာ တည်ရှိနေတဲ့ ရဲတိုက်ကြီးကို ကျုံးပတ်လည်ဝိုင်းရံကာ တည်ဆောက်ထားပြီးတော့ လာရောက်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးဖို့အတွက်လည်း မြက်ပင်တွေလည်း စိုက်ပျိုးထားခဲ့တာပါ။  Baucay Family က တည်ဆောက်ခဲ့တဲ့ ဒီရဲတိုက်ကြီးဟာ ပြင်သစ်တော်လှန်ရေးအတွင်းမှာ တစ်ကြိမ်၊ Middle Ages တုန်းက တစ်ကြိမ်၊ နှစ်ကြိမ်တိတိ ဖျက်ဆီးခြင်းခံခဲ့ရဖူးပါသေးတယ်။ 1800 ပြည့်နှစ်အကျော်မှာတော့ Francois Hennecart လို့ ခေါ်သူ ပုဂ္ဂိုလ်တစ်ဦးက ရဲတိုက်ကြီးကို ပြန်လည်မွမ်းမံခဲ့ဖူးပြီးတော့ 1932 ခုနှစ်မှာတော့ Baron Lejeune Edgar ဆိုသူရဲ့ ပိုင်ဆိုင်မှုအဖြစ် ရှိနေခဲ့ပါတယ်။

play

 

Baro က ပါတီပွဲတွေကို နှစ်သက်သူဖြစ်ပြီးတော့ ရဲတိုက်ကြီးအတွင်းမှာလည်း မကြာခဏဆိုသလို ဂီတပွဲတွေ၊ ပါတီပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ နှစ်မှာပဲ ရဲတိုက်ကြီးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးတော့ ရဲတိုက်ကြီးအတွင်းပိုင်းက စာကြည့်ခန်းတစ်ခန်းလုံး မီးလောင်ဆုံးရှုံးခဲ့ရသလို ရှေးဗိသုကာလက်ရာတွေဟာလည်း ပျက်စီးခဲ့ရပါတော့တယ်။ ဒီကာလတွေအတွင်းမှာလည်း ရဲတိုက်ကြီးကို ပြန်လည်ထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့သူတွေ ရှိခဲ့ပေမယ့် အကောင်အထည် ပေါ်လာခြင်းမရှိပဲ နှစ်များကြာမြင့်လာကာ လက်ရှိအခြေအနေအတိုင်း အပျက်အစီးတွေနဲ့ ရှိနေခဲ့တာပါ။

play

 

အခုတော့ ရှေးဟောင်းရဲတိုက်ကြီးရဲ့ ကံကြမ္မာက ထွန်းလင်းလာပါပြီ။ ၂၀၁၇ အောက်တိုဘာလအတွင်းက စတင်ခဲ့တဲ့ crowdfunding campaign ဟာ ရဲတိုက်ဟောင်းကြီးကို ပြန်လည်ပြုပြင်ဖို့ ရည်ရွယ်ခဲ့ပြီး လိုအပ်တဲ့ ဘတ်ဂျက်ငွေပမာဏရအောင် လှုပ်ရှားခဲ့ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် စီမံကိန်းတွေရေးဆွဲခဲ့ပြီးတော့ အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့တာပါ။ ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ Dartagnans အဖွဲ့ကို တည်ထောင်သူ Romain Delaume က -

" ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နည်းလမ်းအသစ်တွေ အသုံးပြုပြီးတော့ ရဲတိုက်ကြီးကို မွမ်းမံဖို့ပါ၊ နောက်တစ်ခုက ရဲတိုက်ကြီးရဲ့ ယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေကို နှောင်းလူတွေ ခံစားနိုင်ဖို့ပါ" လို့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြောခဲ့ပါတယ်။

play

 

 အခုဆိုရင်တော့ ရဲတိုက်ကြီးအတွက် အလှူရှင်တွေ အများအပြားပေါ်ပေါက်လာပါပြီ။ လူပေါင်း ၈၀၀၀ ကျော် ပါဝင်ပြီးတော့ လှုပ်ရှားခဲ့တဲ့ အကျိုးဆက်ကြောင့် ယူရိုေ ၇၅၀၀၀၀ အထိ လက်ခံရရှိခဲ့ပြီးတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ရဲတိုက်ကြီးကို ပြုပြင်ဖို့အတွက် သွားရောက်ပြီး လေ့လာကြတော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြုပြင်ထိန်းသိမ်းတဲ့အခါမှာလည်း အလှူငွေထည့်ဝင်သူတွေရဲ့ ဆန္ဒသဘောထားကိုလည်း အလေးထားစဉ်းစားပေးသွားမှာဖြစ်ပြီးတော့ အများသဘောနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD