AD
AD
AD

အင်ဒီယာနာဂျုံးစ်ရဲ့ စွန့်စားခန်း ရုပ်ရှင်ဇာတ်ကားတွေက အရမ်းအောင်မြင်ခဲ့တယ်။ နီကိုးလပ်ကေ့ဂ်ျရဲ့ National Treasure ဇာတ်လမ်းတွေဟာလည်း အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားစာရင်းဝင်ခဲ့ပါတယ်။ လူတိုင်းလူတိုင်းရဲ့ စိတ်ထဲမှာ စွန့်စားလိုစိတ်ဆိုတာ အနည်းနဲ့အများ ကိန်းအောင်းနေတတ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီလိုမျိုး စွန့်စားခန်းရုပ်ရှင်တွေ၊ ၀တ္ထုတွေဟာ ကမ္ဘာကျော်ခဲ့တာပါ။ တကယ်လို့များ ခင်ဗျားတို့ကိုယ်တိုင်လည်း စွန့်စားရတာကို နှစ်ခြိုက်ခဲ့မယ်ဆိုရင်တော့ အခုပြောပြမယ့် နေရာလေးတွေကို သဘောကျမှာ အမှန်ပါပဲ။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ ဘေးအန္တရာယ်ဆိုးတွေကြားထဲမှာ ကိုယ့်ရဲ့ စွန့်စားလိုစိတ်တစ်ခုကို အရင်းခံပြီးတော့ အခက်အခဲတွေကြားက အောင်မြင်မှုကိုအရယူရတာက ချိုမြိန်လှပါတယ်။ စွန့်စားချင်သူတွေအတွက်တော့ စောင့်ကြိုငံ့လင့်နေတဲ့ နေရာတွေက အသင့်ရှိနေပါတယ်။

၁။ Running of the Bulls (စပိန်)

play
 

စပိန်နိုင်ငံမှ နာမည်ကျော် ဒီပွဲကြီးဟာဆိုရင်တော့ စွန့်စားမှုကို နှစ်ခြိုက်သူတိုင်းအတွက်တော့ မဖြစ်မနေ ပါဝင်ဆင်နွှဲသင့်တဲ့ ပွဲကြီးပဲ ဖြစ်ပါတယ်။ နာမည်ကျော် နွားရိုင်းသတ်ပွဲနဲ့ မတူ၊ တမူထူးခြားတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် ပါဝင်ယှဉ်ပြိုင်ကြတဲ့ လူတွေဟာ နွားရိုင်းများရဲ့ ဘေးရန်မှ လွတ်အောင် ထွက်ပြေးရတာဖြစ်ပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို သေချာပေါက် ခံစားရမှာလည်း ဖြစ်ပါတယ်။ မိမိကိုယ်မိမိ အကာအကွယ်တွေ ယူပြီးတော့ ပြေးလွှားရတာဖြစ်ပြီး နွားရိုင်းတွေရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းရမှာ ဖြစ်သလို၊ နောက်ပြန်လှည့် တိုက်ခိုက်မှုကိုလည်း ကာကွယ်ရတာဖြစ်ပါတယ်။   ဒီပွဲကိုတော့ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကနေစပြီးတော့ ၁၄ ရက်နေ့အထိ စပိန်နိုင်ငံ နာဗာရားပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာပါ။ လက်ပွားမင်းသားလို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ Hrithik Roshan ရဲ့ Zindagi Na ilegi Dobara (ဘ၀အဓိပ္ပာယ်) ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားမှာ ဆိုရင်တော့ ဒီပွဲအကြောင်းကို ထည့်သွင်းရိုက်ကူးခဲ့ပြီး လူ့ဘ၀မှာ စွန့်စားခြင်းတွေနဲ့ နေထိုင်ရခြင်းကလည်း အဓိပ္ပာယ်ပြည့်ဝကြောင်း ဖော်ကျူးပြခဲ့ပါသေးတယ်။

၂။ THE IDITAROD SLED DOG RACE (အမေရိကန်)

play
 

ဒီပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်မှာ ကျင်းပတာဖြစ်ပါတယ်။ မိုင် ၁၀၀၀ ရှည်လျားတဲ့ လမ်းခရီးကို ပြေးရတာဖြစ်ပြီးတော့ နှင်းကျနေတဲ့ လမ်းမတွေ၊ လေတိုက်နှုန်းပြင်းထန်နေချိန်နဲ့ အပူချိန် -50 လောက်ရှိတဲ့ ရာသီဥတုမှာ ကျင်းပတာလည်းဖြစ်ပါတယ်။ နှစ်စဉ် မတ်လ အစောပိုင်းမှာ ကျင်းပလေ့ရှိပါတယ်။ ပြိုင်ပွဲကျင်းပပုံကလည်း ထူးဆန်းပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ခွေးတွေရဲ့ နောက်မှာ နှင်းလျှောစီးအရာဝတ္ထုပေါ် မတ်တပ်ရပ် လိုက်ပါရတာဖြစ်ပြီးတော့ ခွေးတွေကို ထိန်းကျောင်းပေးဖို့နဲ့ မိုင် ၁၀၀၀ ခရီးကို အမြန်ဆုံး ပန်းဝင်ဖို့ ကြိုးစားရတာပါ။ တခါတရံမှာ ပန်းဝင်ဖို့အတွက် ရက်ပေါင်း ၂၀ကျော် ကြာမြင့်နေပြီးတော့ ပြိုင်ပွဲတလျှောက် အမြန်ဆုံးပန်းဝင်နိုင်တဲ့ စံချိန်ကိုတော့ ၈ ရက်ကျော်နဲ့ စံချိန်တင်ထားပါတယ်။ ခွေးကောင်းခွေးသန့်တွေနဲ့ အားကောင်းမောင်းသန် ခွေးကြီးတွေကို ရွေးချယ်ပြီးတော့မှ ပြိုင်ပွဲဝင်ရတာဖြစ်ပြီး အခန့်မသင်ပါက ရာသီဥတုဒဏ်ကြောင့် လမ်းခရီးမှာတင် ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရမှာပါ။

၃။ Chernobyl (ယူကရိန်း)

play
 

လူပေါင်း ၃၁ ယောက်သေဆုံးခဲ့တဲ့ နူကလီးယားပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယူကရိန်းနိုင်ငံက ချာနိုဘိုင်းစက်ရုံတည်နေရာကလည်း စွန့်စားလိုသူတိုင်း သွားရောက်လည်ပတ်နေကြတဲ့ နေရာတစ်ခုပါ။ ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ ကမ္ဘာကြီးတစ်ခုလုံးကို စိုးရိမ်သောကပွားစေခဲ့တာဖြစ်ပြီးတော့ ယူကရိန်းအစိုးရရဲ့ ကန့်သတ်နယ်မြေအဖြစ်ပါ သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ နူကလီးယားပေါက်ကွဲမှုဖြစ်စဉ်တွေမှာ နံပါတ် ၇ နေရာ သတ်မှတ်ခံခဲ့ရပြီးတော့ ဂျပန်နိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်တုန်းက ခုလိုမျိုးပဲ ဖြစ်ခဲ့ပါသေးတယ်။ အဏုမြူဓာတ်ပေါင်းဖိုလည်ပတ်နေစဉ်အတွင်းမှာ ဓာတ်ပေါင်းဖိုရဲ့ အလည်ဗဟိုကနေ လောင်ကျွမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ လူဦးရေ ၃၁ယောက်တိတိ ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ချာနိုဘိုင်းစက်ရုံ ပတ်ဝန်းကျင်အနီးမှာ ရေဒီယိုသတ္တိကြွဓာတ်တွေ ရှိနေနိုင်တာကြောင့်လည်း ယူကရိန်းအစိုးရက ပိတ်ပင်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ သွားရောက်လည်ပတ်သူအများစုကတော့ ဝေဟင်ခရီးနဲ့ပဲ လေ့လာခဲ့ရတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အနည်းငယ်သော ခွင့်ပြုချက်တွေကို ပြန်လည်ခွင့်ပြုပေးခဲ့ပါပြီ။ ဒါပေမယ့်လည်း သွားရောက်လည်ပတ်မယ်ဆိုရင်တော့ Tour Guide တွေရဲ့ လမ်းပြပို့ဆောင်မှုကို လိုက်နာဖို့တော့ လိုအပ်နေပါသေးတယ်။

၎။ The Door to hell (တာ့ခ်မင်နစ္စတန်)

play
 

ငရဲပြည်ရဲ့ တံခါးဝလို့ နာမည်ကြီးလှတဲ့ တာ့ခ်မင်နစ္စတန်က မီးတောင်ဝကြီးကလည်း စွန့်စားမှုကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ သွားကိုသွားသင့်တဲ့နေရာတစ်ခုပါ။ သဘာဝအလျောက်ဖြစ်တည်နေတဲ့ မီးတောင်ဝကြီးဟာဆိုရင် အလျှံတညီးညီးနဲ့ ကြောက်မက်ဖွယ်ရာ တောက်လောင်နေပြီးတော့ လာရောက်လည်ပတ်သူတွေအတွက် ၂၄ နာရီလုံးလုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ၁၉၇၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဒီ မီးတောင်ဝကြီးကို ဆိုဗီယက် အင်ဂျင်နီယာတစ်ဦးက ရေနံတူးဖော်ဖို့အတွက် ကြိုးစားရင်း တွေ့ရှိခဲ့ရတာပါ။ သဘာဝဂက်စ်တွေကြောင့် မီးလောင်ကျွမ်းနေတာဖြစ်ပြီးတော့ နာမည်ကျော် NGC ရုပ်သံလိုင်းမှနေပြီးတော့ အပိုင်းဆက်ကဏ္ဍအဖြစ် ရိုက်ကူး တင်ဆက်ခဲ့ဖူးပါတယ်။ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ သဘာဝဂက်စ်ကြွယ်ဝစွာ ထွက်ရှိတဲ့ နိုင်ငံဖြစ်ပြီးတော့ နိုင်ငံအများအပြားကို တင်ပို့ ရောင်းချနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အကျယ် ပေ ၂၀၀၊ အနက် ၆၆ ပေ ရှိတဲ့ မီးတောင်ဝပုံစံ တွင်းကြီးကို တာ့ခ်မင်နစ္စန် သမ္မတကိုယ်တိုင် လေ့လာခဲ့ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံချက်တွေနဲ့ ဆောင်ရွက်နေပါတယ်။

၅။ Death Valley (အမေရိကန်)

play
 

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားအရှေ့ပိုင်းမှာတော့ သေမင်းတောင်ကြားလို့ အမည်ရတဲ့ နေရာတစ်ခုက စွန့်စားသူတွေကို စိန်ခေါ်စောင့်ဆိုင်းနေပါတယ်။ ဧရိယာ ၃၀၀၀ စတုရန်းမိုင်ကျယ်ဝန်းတဲ့ ဒီတောင်ကြားဟာ အပူချိန် ၁၃၀ ဖာရင်ဟိုက်အထိ မြင့်မားမှု ရှိတဲ့နေရာတစ်ခုလည်း ဖြစ်ပြီး ကမ္ဘာ့အပူဆုံးနေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ၈၆ မီတာ ရှိပြီးတော့ ဒီအမှတ်ဟာ နီဗားဒါးပြည်နယ်မှာရှိတဲ့ Whitney တောင်ရဲ့ အမြင့်ဆုံး အမှတ်ထက်တောင် မြင့်နေပါသေးတယ်။ မြင့်မားတဲ့အပူချိန်၊ နက်ရှိုင်းလွန်းတဲ့ ချိုင့်ဝှမ်းကြောင့် သေမင်းတောင်ကြားလို့ နာမည်ရခဲ့တာဖြစ်ပြီး တော်ရုံတန်ရုံ သတ္တိရှိသူတွေအတွက်တော့ ခြေဦးတောင်လှည့်ရဲမှာမဟုတ်ဘူးလို့တောင် အဆိုရှိပါတယ်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အတွက်တော့ အရမ်းကြီး အသုံးဝင်တဲ့နေရာဖြစ်ပြီး ဒီနေရာရဲ့ ပထ၀ီဝင်မြေအနေအထားဟာ လေ့လာသူတွေအတွက်တော့ တကယ့်ကို ရတနာသိုက်ကြီးပါပဲ။ ဒါပေမယ့်လည်း အပူချိန်မြင့်မားမှုကြောင့် စိုးရိမ်ထိတ်လန့်စရာကောင်းနေပြီးတော့ လွယ်လွယ်လေးနဲ့တော့ သေမင်းတောင်ကြားဆိုတဲ့ နာမည်ကို ရလာတာမဟုတ်ဘူးဆိုတာကို သတိပြုရပါလိမ့်မယ်။

၆။ The Inga Rapids on the Congo River (ကွန်ဂို)

play
 

ခင်ဗျားအနေနဲ့ ကိုယ့်ကိုကိုယ် အရမ်းကြီး သတ္တိရှိနေတယ်လို့ ခံစားမိနေပြီဆိုရင်တော့ ကွန်ဂိုနိုင်ငံက ကမ္ဘာ့အကြမ်းတမ်းဆုံးမြစ်တစ်ခုကို သွားသင့်ဖို့ အကြံပေးချင်ပါတယ်။ မိုင်ငါးဆယ် ပိုင်းခြားသတ်မှတ်ထားတဲ့ ကွန်ဂိုနိုင်ငံက မြစ်တစ်စင်းရဲ့ နေရာတစ်ခုပါ။ မိုင် ၅၀ ပတ်လည်အတွင်းမှာ ရေတံခွန်တွေ၊ ၀ဲကတော့တွေနဲ့ အပေါ့စားလှေငယ်လေးတွေကို ၀ါးမျိုးစားသုံးနေတဲ့ အကြမ်းတမ်းဆုံး နေရာက ရှိနေပါသေးတယ်။ အဲဒီနေရာအကြောင်းကို မှတ်တမ်းတင်ခဲ့သူကတော့ Steve Fisher လို့ ခေါ်သူပါပဲ။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့  Fisher ဟာ ခြောက်နှစ်တိုင်တိုင် လေ့လာခဲ့ပြီးနောက်မှာ ကမ္ဘာ့အန္တရာယ်အများဆုံး နေရာတစ်ခုကို ရှာဖွေနိုင်ခဲ့တာပါ။ Inga Porject လို့ နာမည်ပေးထားတဲ့ ကွန်ဂိုမြစ် တစ်နေရာကို လေ့လာမှုအပြီးမှာတော့ စွန့်စားလိုသူတိုင်းအတွက် စိန်ခေါ်စရာ နေရာတစ်ခုက တိုးပွားလာခဲ့ပါပြီ။ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ရေတွေ၊ ၀ဲကတော့တွေကြားထဲမှာ သေးငယ်တဲ့ ကယက်လှေလေးတစ်ခုနဲ့ သူတို့ရဲ့ စွန့်စားလိုစိတ်နဲ့ သတ္တိကို စမ်းသပ်ဖို့အတွက် ပြင်ဆင်နေလောက်ကြပါပြီ။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD