AD
AD
AD

လူတိုင်းကတော့ ကိုယ်ပိုင်အိမ်ကလေးတစ်လုံးနဲ့ နေထိုင်ရဖို့ စိတ်ကူးမိကြတာပါပဲ။ ကိုယ်နဲ့သင့်တော့်တဲ့ နေရာလေးတစ်ခုရရင်ကိုပဲ နှစ်သိမ့်ကျေနပ်သွားကြပြီးတော့ ပျော်ရွှင်နေရတာပဲလေ။ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေး၊ဓနဥစ္စာအလျောက် တန်ဖိုးရှိတဲ့ အိမ်တစ်လုံးများ ပိုင်ဆိုင်နိုင်ပြီဆိုရင် အကောင်းဆုံးပေါ့။ ချမ်းသာကြွယ်ဝတဲ့လူတွေ၊ သူဌေးကြီးတွေအတွက်ကတော့ ဇိမ်ကျကျနဲ့နေထိုင်နိုင်ဖို့အတွက်၊ သူတို့အဆင့်အတန်းနဲ့လျော်ညီတဲ့ ခမ်းနားထည်ဝါမှုအပြည့်နဲ့ အိမ်ကြီးရခိုင်တွေကို ရှာဖွေပြီးဝယ်ယူတာမျိုးတွေ ရှိပါတယ်။ အခုလည်း အဲဒီလို လူတန်းစားတစ်ရပ်အတွက် ရည်ရွယ်ပြီးတော့ ဆောက်လုပ်ခဲ့တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာ သန်း ၂၅၀ နဲ့ ဈေးခေါ်ထားပါတယ်။ ဒီလောက်တောင် တန်ဖိုးကြီးမားနေမှတော့ ဘယ်လိုမျိုး အိမ်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီပေါ့။

play

 

အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မှာ ရှိတဲ့  Bel Air လို့ နာမည်ရ အိမ်ကြီးတစ်လုံးက ဒေါ်လာ ၂၅၀မီလျံ တန်ကြေးရှိတဲ့ ဈေးအကြီးဆုံးအိမ်အဖြစ် အမေရိကန်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ အိပ်ခန်း ၁၂ခန်း၊ ရေချိုးခန်း ၂၁၊ ဘား (၅)ခု နဲ့ ထမင်းစားဆောင် (၃) ခု ပါဝင်ပါတဲ့ အိမ်ကြီးဟာ အကျယ်အ၀န်းအားဖြင့် စတုရန်းပေ ၃၈၀၀၀ ကျယ်ဝန်းပါတယ်။ ဒါ့အပြင် ၈၅ ပေ အကျယ်အ၀န်းရှိတဲ့ ရေကူးကန်တစ်ခုလည်း ထည့်သွင်းထားပါသေးတယ်။ ပြီးရင်တော့ Hydraulic Theater အရွယ်အစားရှိတဲ့ Movie Screen ကြီး တစ်ခုလည်း ပါဝင်ပါသေးတယ်။

play

 

 ဒီအနေအထားတွေလောက်နဲ့တော့ တကယ့် ဘီလျံနာသူဌေးကြီးတွေကို ဆွဲဆောင်နိုင်စွမ်းကတော့ လျော့နည်းနေပါသေးတယ်။ တချို့အိမ်မှာဆိုရင် Spa, အားကစားလေ့ကျင့်ရုံ၊ တန်ဖိုးကြီးမားတဲ့ အကောင်းစားဝိုင်တွေ သိုလှောင်ဖို့ရာ မြေတိုက်ခန်းနဲ့ အိမ်တွင်းရုပ်ရှင်ရုံငယ်လေးတွေ ပါဝင်နေပါသေးတယ်။ ဒါကြောင့်မို့လို့ ဒီအိမ်ကြီးအတွင်းမှာ ဆိုရင်တော့ အားကစားလေ့ကျင့်ခန်း၊ ၀ိုင်ပုလင်းတွေထားရှိဖို့နေရာတွေ ထည့်သွင်းပြီးတော့ ၀ယ်ယူသူတွေကို ဆွဲဆောင်နိုင်စေဖို့ ရည်ရွယ်ထားပါသေးတယ်။ ဒါ့အပြင်  James Bond-theme ပုံစံနဲ့ ပြုလုပ်ထားတဲ့ အိမ်တွင်းရုပ်ရှင်ရုံကလည်း တကယ့်ကို ဆွဲဆောင်နိုင်မှု အတိနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ထိုင်ခုံပေါင်း ၄၀ ထိ ပါဝင်ပြီးတော့ ပြင်ဆင်ထားတဲ့ ဒီဇိုင်းကလည်း တကယ့်ကို စိတ်တိုင်းကျဖွယ်ရာပါ။

play

 

BAM Luxury Development က တာဝန်ယူတည်ဆောက်ခဲ့တဲ့ ဒီအိမ်ကြီးမှာဆိုရင်တော့ နေထိုင်သူတွေအတွက် အမျိုးမျိုးအပြားပြားသော ပစ္စည်းတွေကို ထည့်သွင်းပေးထားပြီး တကယ့်ကို အဆင့်အတန်းရှိရှိနဲ့နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်ဈေးနှုန်းတွေကတော့ တကယ့်ကို လန်ထွက်နေတာပဲလို့ ဆိုရမှာပါ။ အလုပ်သမားဦးရေ (၁၀၀) နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်အတွင်းပိုင်းမှာဆိုရင်တော့ ဒေါ်လာ ၁သန်းတန်ဖိုးရှိတဲ့ Leica ကင်မရာပုံစံ ရုပ်ထုကို ထုလုပ်ထားပါသေးတယ်။ အင်္ဂလန်နိုင်ငံသား Dominic Harris နဲ့ တရုတ်နိုင်ငံမှ ပန်းပု၊ကျောက်ဆစ်ပညာရှင် Liao Yibai တို့ပြုလုပ်ထားတဲ့ ကင်မရာပုံ ကျောက်ဆစ်လက်ရာဖြစ်ပါတယ်။

play

အိမ်ခေါင်းမိုးပေါ်မှာတော့ ၁၉၈၀ ခုနှစ်များက ထင်ရှားကျော်ကြားခဲ့တဲ့ Airwolf ဇာတ်လမ်းစီးရီးတွေထဲက ဟယ်လီကော်ပတာ တစ်စီးကို ခင်းကျင်းပြသထားပါသေးတယ်။ ဟယ်လီကော်ပတာ ဆင်းသက်ဖို့ နေရာပါဝင်ပြီးတော့ ပြသထားတဲ့ ဟယ်လီကော်ပတာကို မောင်းနှင်လို့ မရပဲ အလှပြရုံသက်သက်ဖြစ်တယ်လို့ သိရပါတယ်။

play

ကြီးမားခံညားတဲ့ အိမ်ကြီးရခိုင်တွေ တိုင်းလိုလိုမှာတော့ ဂိုဒေါင်တစ်လုံးက အမြဲလိုအပ်မှာပါ။  အဲဒီလိုပဲ Bel Air အိမ်ကြီးအတွင်းမှာလည်း ဂိုဒေါင်တစ်လုံး ပါဝင်ပါသေးတယ်။ ကား ၁၂စီးအထိ ထည့်သွင်းသိမ်းဆည်းထားလို့ ရသလို Bel Air အိမ်ကြီးရဲ့ ဂိုဒေါင်အတွင်းမှာတော့ Bugatti Veyron, Pagani Huayra, Rolls-Royce အစရှိတဲ့ နာမည်ကျော် ကားတွေနဲ့ ရှေးဟောင်းကားတွေအပါအ၀င် စုစုပေါင်း ကား (၁၂)စီး ခင်းကျင်းပြသထားတာကို တွေ့ရမှာပါ။ အဲဒီကားတွေ အားလုံးရဲ့ စုစုပေါင်းတန်ကြေးဟာ ဒေါ်လာ သန်း ၃၀ တန်ကြေးရှိပါတယ်။

play

 

Bel Air အိမ်ကြီးကို တာဝန်ယူတည်ဆောက်ခဲ့တဲ့ BAM Luxury အုပ်စုရဲ့ ပိုင်ရှင် Bruce Makowsky ရဲ့ ပြောပြမှုအရဆိုရင်တော့ ဒီအိမ်ကြီးကို ဆောက်လုပ်မှု၊ အလှဆင်မှု၊ ခင်းကျင်းမှုတွေ ပြုလုပ်ဖို့အတွက် လေးနှစ်တာ ကြာမြင့်ခဲ့ပြီး ဘီလျံနာသူဌေးအချို့ကို ဆွဲဆောင်နိုင်ဖို့အတွက်  ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ " တော်တော်လေးကို ဦးနှောက်ခြောက်ခဲ့ရပါတယ်"  လို့ Makowsky က ဒီ အိမ်ကြီးဆောက်လုပ်ခဲ့မှုအပေါ်မှာ ညည်းတွားခဲ့ပါသေးတယ်။ ချမ်းသာကြွယ်ဝတဲ့ လူတန်းစားတစ်ရပ်အတွက် အထူးသီးသန့်ရည်ရွယ်ပြီးတော့ ဆောက်လုပ်ခဲ့တဲ့ Bel Air အိမ်ကြီးရဲ့ ပုံစံကတော့ မြင်တွေ့ရတဲ့အတိုင်း အံ့ဖွယ်ဘနန်းဖြစ်စေပါတယ်။ များပြားလှသော အခန်းငယ်တွေ၊ ခမ်းနားထည်ဝါတဲ့ အဆောင်အယောင်တွေနဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဒီလို အိမ်ကြီးကို ၀ယ်ယူဖို့အတွက်ကတော့ ဒေါ်လာ သန်း ၂၅၀ ပါ။ အမေရိကန်သမိုင်းမှာ ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားတဲ့ အိမ်ကိုတော့ ဒေါ်လာ ၁၉၅ သန်းနဲ့ ရောင်းချခဲ့ပြီး စံချိန်တင်ထားတာဖြစ်ပါတယ်။ အခုတော့ Bel Air အိမ်ကြီးက အဲဒီစံချိန်ကို ရိုက်ချိုးသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD