Beauty & Fashion: မျက်နှာအဆီမပြန်အောင် အောက်ခံမိတ်ကပ်လိမ်းနည်း

လှလှပပလေး ခြယ်သထားတဲ့ မျက်နှာလေးဟာ အဆီပြန်လွန်းလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ ဒီနည်းအတိုင်းလိမ်းကြည့်ပါ။

 

မိတ်ကပ်လိမ်းတဲ့အခါတိုင်းမှာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးက အောက်ခံမိတ်ကပ် (foundation) ပါ။ လိမ်းခြယ်ထားသမျှ မိတ်ကပ်တွေဟာ အဆီပြန်လာလို့ ကွက်သွားတာမျိုး ဖြစ်နေရသူတွေအတွက် အဆီမပြန်တဲ့ အောက်ခံမိတ်ကပ်လိမ်းနည်းကို အဆင့်လိုက် တင်ပြလိုက်ပါတယ်။

 

၁။ Primer

အဆီပြန်တတ်သူတွေတိုင်း မရှိမဖြစ်လိမ်းရမှာက Primer လို့ခေါ်တဲ့ မိတ်ကပ်အခြေခံပစ္စည်းဖြစ်ပါတယ်။ တိုနာနဲ့နို့ရည်လိမ်းပြီးတာနဲ့ primer ကို မျက်နှာပေါ်မှာ ခပ်ပါးပါးလူးပေးခြင်းဖြင့် အသားအရောင်ကို ညှိပေးနိုင်သလို ကျယ်နေတဲ့ချွေးပေါက်တွကိုလည်း ပျောက်သွားစေပါတယ်။

 

၂။ Concealer

သူကတော့ မျက်နှာပေါ်က အနာအဆာတွေပျောက်သွားဖို့နဲ့ မျက်ကွင်းညိုတာတွေပျောက်အောင် လိမ်းပေးရမှာပါ။ မျက်နှာအနှံ့ကိုလိမ်းစရာမလိုပါဘူး။ T Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မျက်လုံးအောက်ကို လိမ်းပေးရမှာပါ။ နှုတ်ခမ်းထောင့်တွေမှာလည်း ညိုနေတတ်လို့ နှုတ်ခမ်းထောင့်မှာလည်း ပါးပါးလူးပေးပါ။

 

၃။ Foundation

ဖောင်ဒေးရှင်းလိမ်းရင် မိတ်ကပ်များများယူပြီးလိမ်းပါ။ ဒါပေမဲ့ လက်နဲ့တော့မလိမ်းပါနဲ့။ မိတ်ကပ်လိမ်းတဲ့ဖော့နဲ့ ညီညာပြန့်ပြူးသွားအောင် လိမ်းပေးရမှာဖြစ်ပါတယ်။ အဆီပြန်တတ်သူတွေက သာမာန်အသားအရေပိုင်ရှင်တွေထက် ဖောင်ဒေးရှင်းကို များများပိုလူးမှသာ အဆင်ပြေပါလိမ့်မယ်။

 

၎။ Powder

အဆီပြန်အသားအရေတွေအတွက် Translucent ပေါင်ဒါမှုန့်ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဘရပ်ရှ်လေးနဲ့ မျက်နှာအနှံ့လိမ်းရမှာဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်အောင်လိမ်းခြယ်ဖို့အတွက် မျက်နှာအတွင်းဘက်ကနေ အပြင်ဘက်ကို ဘရပ်ရှ်လေးနဲ့ ပွတ်လိမ်းပေးပါ။ Translucent Powder ကို လိမ်းခြင်းက မျက်နှာကို တောက်ပကြည်လင်စေပြီး လိမ်းထားတဲ့မိတ်ကပ်တွေကို သဘာဝကျကျလေး ဖြစ်သွားစေပါတယ်။

ဒီလိုဆိုရင်တော့ အဆီပြန်သူတွေအတွက် အောက်ခံမိတ်ကပ်လိမ်းတဲ့အဆင့် ပြီးသွားပါပြီ။ အပြီးသတ်လိမ်းခြယ်ဖို့အတွက် မျက်လုံး၊မျက်ခုံး၊ နှုတ်ခမ်းနီ၊ ပါးနီ စတာတွေကို အဆင့်လိုက် စိတ်ကြိုက်ခြယ်သလို့ရပါပြီ။ စနစ်တကျလိမ်းထားတဲ့ အောက်ခံမိတ်ကပ်ကြောင့် ခြယ်ထားသမျှအတိုင်း တစ်နေကုန် လှလှပပလေးနဲ့ ရှိနေတော့မှာဖြစ်ပါတယ်။

Source : 7Day TV

လိမ်းခြည်နည်းကြည့်ရန်နှိပ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ