ကိုယ့်အိမ်လေးကို ဆန်းဆန်းပြားပြားလေး အလှဆင်ထားတဲ့အခါ ရောက်လာသူတွေလည်း ပျော်ရတယ်။ ကိုယ်တိုင်လည်း စိတ်ချမ်းသာရတယ်လေ။
 

၁။ လာဗင်ဒါခြင်းလေး

ခရမ်းရောင် လာဗင်ဒါပန်းလေးတွေက နည်းနည်းနဲ့ အနံ့များများပျံ့လွင့်နိုင်သလို မျက်စိလည်း ပသာဒဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာတော့ လာဗင်ဒါက ပန်းခြောက်ပုံစံနဲ့ပဲ ဝယ်ရတာမို့ ပန်းခြောက်လေးကို ထိုးထားရင်တောင် လှနေပါပြီ။ ခြင်းလေးတစ်ခုထဲမှာ လာဗင်ဒါတွေထည့်ပြီး တံခါးဝမှာ ချိတ်ထားလိုက်ပါ။

 

၂။ ကျောက်သင်ပုန်း

ခြင်းတစ်လုံးထဲကို ပန်းခြောက်မျိုးစုံရောထည့်၊ အရွက်လေးတွေပါထည့်ပြီး ကျောက်သင်ပုန်းလေးနဲ့ တွဲထားမယ်ဆို ကြည့်လို့အတော်ကောင်းပါတယ်။ ကျောက်သင်ပုန်းလေးပေါ်မှာ မြေဖြူလေးနဲ့ စာလေးရေးထားလိုက်ပါဦး။ Welcome တို့ Home Sweet Home တို့လိုမျိုးပေါ့။ ကျောက်သင်ပုန်းဝယ်ရခက်မယ်ဆို သစ်သားပြားကို ဆေးအနက်သုတ်ပြီး အပေါ်က ဆေးအဖြူနဲ့ ရေးထားလိုက်ရင်လည်း ရတာပဲမဟုတ်လား။

 

၃။ ထီးလေးတစ်ချောင်း

ဂေါက်ထီးလို့ ခေါ်ကြတဲ့ လက်ကိုင်ပါထီးရှည်တစ်ချောင်းကိုလည်း ချိတ်ထားလို့ရသေးတယ်။ ဇောက်ထိုးချိတ်ထားပြီး အထဲမှာ ပန်းလေးတွေဖြည့်ထားလိုက်တဲ့အခါ မျက်စိထဲ တစ်မျိုးလေး ဆန်းနေပါလိမ့်မယ်။ အိမ်လာတဲ့သူတွေကတော့ ဒါလေးကို သဘောကျကြမှာပါ။ မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ အလှဆင်ဖို့အတွက် အကောင်းဆုံးဒီဇိုင်းလည်း ဖြစ်ပါတယ်။

 

၄။ သစ်သားပြားလေး

ကိုယ့်တံခါးရွက်က သစ်သားနဲ့ လုပ်ထားတာဆိုရင်တော့ ဒီပုံစံလေးက ပိုအဆင်ပြေပါတယ်။ အရောင်ရင့်ရင့် သုတ်ဆေး သုတ်ထားတာက အလိုက်ဖက်ဆုံးပါ။ သစ်သားပြားလေးတွေမှာ စာရေးပြီး အပေါက်ဖောက်ကာ အုန်းဆံကြိုးလေးနဲ့ ချိတ်ဆွဲထားတဲ့ဒီဇိုင်းမျိုးက ကဗျာဆန်ဆန်နဲ့ စိတ်ကူးသစ်တွေကို ဖော်ထုတ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ရာသီဥတု ကြည်လင်တဲ့နေ့ရက်တွေအတွက် အလိုက်ဖက်ဆုံး အလှဆင်မှုဆိုလည်း မမှားပါဘူး

Source : Womanday

Share

Loading Next Article...
က္က