အရေပြားပေါ်မှာရှိတဲ့ဆဲလ်သေတွေကို အနည်းဆုံးတစ်ပတ်တစ်ခါလောက်တော့ ပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။


လူ့ခန္ဓာကိုယ်အရေပြားဟာ ဆဲလ်အသစ်တွေဖြစ်ပေါ်လာတာနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပစ်တဲ့လုပ်ဆောင်ချက်တွေကို အမြဲတမ်းလိုလိုလုပ်ဆောင်နေပါတယ်။ အဲဒီလိုဆဲလ်သေတွေကိုအဆက်မပြတ်အသစ်လဲပေးခြင်းက အရေပြားကို ပိုမိုချောမွေ့နူးညံ့စေပြီး အရွယ်တင်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သဘာဝအတိုင်းဆဲလ်လဲတဲ့လုပ်ဆောင်ချက်တွေက နှေးကွေးလာပြီး အရေပြားအပေါ်ဆုံးအလွှာပေါ်မှာဆဲလ်သေတွေ ပုံလာစေပါတယ်။ အဲဒီလိုဆဲလ်သေတွေ စုပုံလာခြင်းကိုရေချိုးပေးရုံ၊ မျက်နှာသစ်ပေးရုံနဲ့ဖယ်ရှားမပေးနိုင်ပါဘူး။ တစ်ပတ်ကိုတစ်ကြိမ် ဆဲလ်သေတွေဖယ်ရှားပေးတဲ့ကုသနည်းက အရေပြားပေါ်မှာဆဲလ်သေတွေ ကင်းစင်စေပြီး အရေပြားကို ပျော့ပျောင်းနူးညံ့စေပါတယ်။ အဲဒီလိုဆဲလ်သေတွေကိုဖယ်ရှားပေးမယ်ဆိုရင် moisturizer (အစိုဓာတ်ထိန်းသိမ်းပေးတဲ့အလှကုန်) တွေကိုအရေပြားထဲကို ပိုမိုနက်ရှိုင်းစွာစိမ့်ဝင်နိုင်စေပြီး သွေးလှည့်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အဲဒီလိုဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် spa ကိုတကူးတကသွားနေစရာတောင်မလိုပါဘူး။ မီးဖိုချောင်ထဲမှာတွေ့ရတဲ့ပစ္စည်းလေးတွေနဲ့ပဲ အရေပြားပေါ်ကဆဲလ်သေတွေကို အလွယ်တကူဖယ်ရှားနိုင်ပါတယ်။

၁။ သကြားနဲ့သံလွင်ဆီ (Sugar and Olive Oil)

သကြားနဲ့သံလွင်ဆီပေါင်းစပ်မှုက အရေပြားအမျိုးအစားအားလုံးအတွက် အသင့်တော်ဆုံးဆဲလ်သေဖယ်ရှားနည်းပါပဲ။ သကြားက အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားနေချိန်မှာ သံလွင်ဆီကအရေပြားအတွက် အကောင်းဆုံး moisturizer အဖြစ်လုပ်ဆောင်ပေးမှာပါ။ ပေါင်းစပ်နည်းကတော့... ပထမဦးဆုံး သကြားဖြူကို ခွက်တစ်ဝက်စာလောက်ပြည့်အောင်ဖြည့်ပေးပါ။ ပြီးရင်သံလွင်ဆီ (၂) ဇွန်း၊ (၃) ဇွန်းလောက်နဲ့ရောပေးပါ။ အဲဒီပါဝင်ပစ္စည်း (၂) မျိုးထဲမှာမှ ပျားရည် (၂) ဇွန်း (၃)ဇွန်းလောက်နဲ့သံပုရာရည်နည်းနည်း ထည့်လိုက်ပါဦး။ ပြီးရင်သမအောင်မွှေပြီး အရေပြားပေါ်မှာလိမ်းပေးလို့ရပါပြီ။ ခဏလောက်ထားပြီးမှ ကြက်သီးနွေးရုံ ရေနွေးလေးနဲ့ဆေးကြောပေးပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ (၂)ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။

၂။ လက်ဖက်စိမ်း

အိမ်မှာလက်ဖက်စိမ်းရေနွေးကြမ်းသောက်လေ့ရှိတယ်မလား။ ရေနွေးကြမ်းစိမ်ပြီး ရတဲ့လက်ဖက်ခြောက်ထုပ်တွေကိုလွှင့်မပစ်နဲ့ဦးနော်။ အဲဒါတွေကိုသုံးပြီး အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားနိုင်ပါတယ်။ လက်ဖက်စိမ်းက အရေပြားပေါ်ကဆဲလ်သေတွေကိုသာမက အညစ်အကြေးတွေကိုပါဖယ်ရှားပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသားအရေတင်းရင်းလှပအောင်နဲ့ အရေပြားကျန်းမာနေအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ... ပထမဆုံး သုံးပြီးသားလက်ဖက်စိမ်းထုပ် (၂) ထုပ်လောက်ကိုဖောက်ပြီး အထဲက လက်ဖက်ခြောက်ဖတ်တွေကိုခွက်တစ်ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် ပျားရည် (၂)ဇွန်း (၃)ဇွန်းစာလောက်ရောလိုက်ပါ။ နောက်ပြီး မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းစာလောက်ထည့်လိုက်ပါဦး။ ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောနှယ်လိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ နှံ့စပ်အောင်လိမ်းပေးပြီး (၁၀) မိနစ်လောက်ကြာအောင်ထားပေးပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်တစ်ခါ လုပ်ပေးနိုင်ပါတယ်။

၃။ ကော်ဖီမှုန့်



ကော်ဖီမှုန့်ကအရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ရုံသာမက ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကော်ဖီမှုန့်မှာပါတဲ့အော်ဂဲနစ်ပစ္စည်းတွေကအရေပြားကို ကြည်လင်ချောမွေ့စေပြီး ပျက်ဆီးနေတဲ့အရေပြားတွေကိုလည်းပြန်လည်ထိန်းညှိပေးပါတယ်။ ပြုလုပ်နည်းကတော့... ကော်ဖီမှုန့် (၃)ဇွန်းရယ်၊ သံလွင်ဆီတစ်ဇွန်းရယ်၊ သဘာဝပျားရည်တစ်ဇွန်းရယ်၊ သကြားတစ်ဇွန်းရယ်ကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကိုယူပြီး မျက်နှာ၊ လည်ပင်း၊ ဒူးနဲ့တံတောင်ဆစ်နေရာတွေမှာ ညင်ညင်သာသာလေးသုတ်လိမ်းပြီးနှိပ်နယ်ပေးပါ။ ပြီးသွားရင် (၁၀)မိနစ်လောက်ကြာအောင်ထားပေးပါ။ (၁၀) မိနစ်ကြာရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ခါပြုလုပ်ပေးနိုင်ပါတယ်။



Source: top10homeremedies

Share

Loading Next Article...
က္က