မျက်တောင်ကော့ဆေးဘူးလေးတွေခြောက်နေရင် လွှင့်မပစ်ပါနဲ့။ ပြန်သုံးလို့ရအောင်လုပ်လို့ရတဲ့နည်းလေးတွေရှိပါသေးတယ်နော်။


ရှည်လျားကော့သွယ်တဲ့မျက်တောင်လေးတွေကိုပိုင်ဆိုင်လိုတာဟာ မိန်းကလေးတိုင်းရဲ့အိမ်မက်ပါ။ ဘာလို့လဲဆိုတော့ ရှည်လျားကော့သွယ်တဲ့မျက်တောင်လေးတွေဟာ မျက်ဝန်းအလှအပကိုအားဖြည့်ပေးရုံသာမက မျက်လုံးကိုဖုန်တွေ၊ အကောင်ပလောင်တွေနဲ့အမှိုက်သရိုက်တွေဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်လို့ပါပဲ။ ဒါပေမယ့် ရှည်လျားကော့သွယ်တဲ့မျက်တောင်ကို မိန်းကလေးတိုင်း သဘာဝအတိုင်းမပိုင်နိုင်နိုင်ကြပါဘူး။ ဒါပေမယ့်အလှကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ မျက်တောင်ကော့ဆေး (mascara) ကိုသုံးပြီး ရှည်လျားကော့သွယ်တဲ့ မျက်တောင်လေးတွေဖြစ်လာအောင်တော့ ဖန်တီးလို့ရပါသေးတယ်။

မျက်တောင်ကော့ဆေးက မိန်းကလေးတိုင်းတစ်သက်မှာတစ်ခါတော့ အနည်းဆုံးသုံးဖူးတဲ့မျက်စိအလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မျက်တောင်ကော့ဆေးသုံးရာမှာ တိုင်ပတ်တဲ့တစ်ချက်ကတော့ မျက်တောင်ကော့ဆေးဘူးတွေက ခြောက်သွေ့လွယ်လွန်းတော့ ဝယ်ပြီးမကြာခင်မှာပဲလွှင့်ပစ်လိုက်ရပြီး အသစ်တစ်ဘူး ပြန်ပြန်ဝယ်နေရတဲ့ဒုက္ခပါပဲ။ အမှန်ကတော့ မျက်တောင်ကော့ဆေးတစ်ဘူးကို (၄) လ ကနေ (၆) လလောက်သုံးပြီးရင်လွှင့်ပစ်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ အဲထက်ကြာရင်ဘက်တီးရီးယားပိုးမွှားတွေခိုမှောင်နေနိုင်ပြီး မျက်လုံးကိုယားယံစေနိုင်ပါတယ်။ ဒါပေမယ့် မျက်တောင်ကော့ဆေးဘူးက (၃) လ လောက်နဲ့ခြောက်သွေ့သွားမယ်ဆိုရင်တော့ လွှင့်မပစ်ပါနဲ့ဦး။ မျက်တောင်ကော့ဆေးဘူးကို ပြန်သုံးလို့ရအောင်လုပ်နိုင်တဲ့နည်းလမ်းလေးတွေရှိနေပါသေးတယ်။

မျက်တောင်ကော့ဆေးဘူးခြောက်သွေ့ရတဲ့အဓိကအကြောင်းရင်းကတော့ ဘူးထဲကိုလေဝင်တာကြောင့်ပါပဲ။ မျက်တောင်ကော့ဆေးဘူးကို မခြောက်သွေ့စေချင်ဘူးဆိုရင်တော့ မျက်တောင်ကော့တံကို တစ်ခါထုတ်ပြီးရင် အကြိမ်ရေများစွာသုံးခြင်းကိုရှောင်ရှားပါ။ ဘာလို့လဲဆိုတော့ အပြင်မှာကြာကြာထားရင်လေဝင်ပြီး ခြောက်သွေ့သွားစေနိုင်လို့ပါပဲ။ ကဲ... အခုမျက်တောင်ကော့ဆေးဘူးကို အသစ်လိုပြန်ဖြစ်စေမယ့် နည်းလမ်းလေးတွေကိုကြည့်လိုက်ကြရအောင်။

၁။ နည်းလမ်း (၁)



ဒီနည်းလမ်းဟာ ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ (ဒါမှမဟုတ်) မျက်လုံးကိုဘာမှမထိခိုက်စေဘဲ မျက်တောင်ကော့ဆေးကိုပြန်လည်အသက်ဝင်စေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒီနည်းလမ်းကို ရေစိုခံမျက်တောင်ကော့ဆေးဘူးတွေကို ပြန်လည်ပြုပြင်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး မျက်စဉ်းဆေး (၁၀) စက်လောက်ကို မျက်တောင်ကော့ဆေးဘူးထဲကို လောင်းထည့်ပါ။ ပြီးရင် ဘူးကိုလုံအောင်ပိတ်ပြီး သေချာလှုပ်ခါပေးပါ။ ပြီးရင်မျက်တောင်လေးကိုအလှဆင်ဖို့အတွက် မျက်တောင်ကော့ဆေးဘူးကိုသုံးနိုင်ပါပြီ။ မျက်တောင်ကော့ဆေးဘူးခြောက်သွားတိုင်း ဒီနည်းလမ်းလေးကို ပြန်လည် အသုံးပြုနိုင်ပါတယ်။
၂။ နည်းလမ်း (၂)



ဒုတိယနည်းလမ်းလေးကတော့ လူသိများပြီးသားဖြစ်မှာပါ။ အရင်ဆုံး ဒယ်အိုးတစ်လုံးထဲကိုရေလောင်းထည့်ပြီး အပူပေးပါ။ ရေပွက်ပွက်ဆူလာပြီဆိုရင် မျက်တောင်ကော့ဆေးဘူးလေးကို ရေနွေးပူထဲကိုထည့်စိမ်ပြီး အပူလျှော့ပါ။ မိနစ်အနည်းငယ်ကြာအောင်စိမ်ပြီးမှ ရေထဲကပြန်ထုတ်လိုက်ပါ။ ပြီးရင်မျက်တောင်ကော့ဆေးဘူးရဲ့အခြေအနေကိုအကဲခတ်ကြည့်ပြီး ခြောက်နေသေးတယ်ဆိုရင် အုန်းဆီနည်းနည်းထည့်ပြီး ဘူးကိုပြန်ပိတ်လိုက်ပါ။ ပြီးရင်ဘူးကိုလှုပ်ခါလိုက်ပြီး ပုံမှန်သုံးနေကျအတိုင်းမျက်လုံးပေါ်မှာလိမ်းပေးနိုင်ပါပြီ။

၃။ နည်းလမ်း (၃)

နောက်ဆုံးနည်းလမ်းလေးကတော့ မျက်တောင့်ကော့တံကိုထုတ်ပြီးရေနွေးထဲထည့်စိမ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက မျက်တောင်ကော့တံလေး ဘက်တီးရီးယားကင်းစင်ပြီး သန့်ရှင်းနေဖို့လည်း ရည်ရွယ်ပါတယ်။ အရင်ဆုံး မျက်တောင်ကော့တံကိုဘူးထဲကထုတ်ပြီး ရေနွေးပူတစ်ခွက်ထဲမှာထည့်စိမ်လိုက်ပါ။ ပြီးရင် မိနစ်အနည်းငယ်ကြာအောင်စိမ်ထားလိုက်ပါ။ ပြီးမှမျက်တောင်ကော့တံကို ရေထဲကထုတ်ပြီးဘူးထဲကိုပြန်ထည့်ထားလိုက်ပါ။

Source: DIYremedies

Share

Loading Next Article...
က္က