မိုးဥတုရဲ့ အုံ့မှိုင်းတဲ့ပတ်ဝန်းကျင်ကို ကိုယ့်ရဲ့မျက်ဝန်းတစ်စုံနဲ့ တောက်ပစေလိုက်ပါ။

လေဒီလေးတို့ရေ မျက်နှာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံးက မျက်ဝန်းလေးတွေပဲမဟုတ်လားနော်။ မိတ်ကပ်မလိမ်းဘူးဆိုရင်တောင်မှ မျက်တောင်ကော့ဆေးလေးသုံးထားရုံနဲ့ လန်းဆန်းတဲ့အသွင်လေး ဖြစ်လာစေတယ်။ ခုလို မိုးရာသီမှာတော့ မျက်ဝန်းအလှလေးကို တောက်တောက်ပပလေး ခြယ်သသင့်တယ်။ အုံ့မှိုင်းတဲ့ရာသီဥတုကို အံတုပြီး သက်တံရောင်အလှဖြာတဲ့မျက်ဝန်းလေးဖြစ်ဖို့ eye makeup ခြယ်သပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

 

ဘာမှမလုပ်ခင်မှာ အရင်ဦးဆုံး မျက်လုံးထောင့်စွန်လေးကို တိပ်အကြည်လေးကပ်ပြီး အိုင်းရှဲဒိုးတွေမပျံ့အောင် ကာထားလိုက်ပါဦး။ ပြီးရင်တော့ primer လိမ်းရပါမယ်။ အရောင်တွေ အများကြီး တစ်ဆင့်ပြီးတစ်ဆင့် ခြယ်မှာဆိုတော့ primer မလိမ်းထားရင် အဆင်မပြေဘူး။ အရောင်တွေရောနှောသွားမယ်၊ အရောင်လည်း မစွဲဘူး။ Primer လိမ်းတဲ့အခါ လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာပျံ့နှံ့အောင်လုပ်ပေးပါ။ လက်ရဲ့အနွေးဓာတ်ကြောင့် primer က ညီညီညာညာလေး ပျံ့ပြူးသွားမှာဖြစ်ပါတယ်။

 

အဆင့် ၁ - မက်မွန်သီးရောင်နဲ့ ကိုကိုးရောင်ကို ပထမဆုံးခြယ်ပါမယ်။ ဒီအရောင်နှစ်ခုကို အောက်ခံထားရင် အပေါ်က ဘာအရောင်ဆိုးဆိုး ပိုပြီးပေါ်သွားမှာပါ။ အရောင်နှစ်ခုကို ပျံ့သွားအောင် ဘရပ်ရှ်လေးသုံးပြီး blend လုပ်ပေးရပါမယ်။

အဆင့် ၂ - အရောင်တွေစခြယ်ပါပြီ။ ပန်းရောင်ရင့်ရင့်ကို မျက်ခွံအပေါ်ပိုင်းမှာ ခြယ်ထားလိုက်ပါ။

အဆင့် ၃ - V section ရဲ့ အပြင်ဘက် (နားထင်စပ်၊ မျက်ခွံထောင့်)မှာ ခရမ်းရောင်ကို တင်လိုက်ပါမယ်။ အပြင်ဘက်စွန်းပိုင်းကိုတော့ ခရမ်းရောင်အတိုင်းပဲထားပြီး ရှေ့ဘက်ခြမ်းတွေကို blend လုပ်ပေးလိုက်ပါဦး။

အဆင့် ၄ - မျက်ခွံအောက်ပိုင်း အလယ်တည့်တည့်နေရာကို အနီရောင်အိုင်းရှဲဒိုးချပါ။ အပေါ်က ပန်းရင့်ရောင်၊ ဘေးကခရမ်းရောင်နဲ့ ညီသွားအောင် ဘရပ်ရှ်လေးနဲ့ ညှိလိုက်ရပါမယ်။ အနီရောင်ပေါ်မှာမှ လိမ္မော်ရောင်ကို အုပ်ပြီးဆိုးပေးလိုက်ပါ။ တစ်ရောင်တစ်ပြီးတိုင်း ဘေးကအရောင်တွေနဲ့ အသားကျသွားအောင် ဘရပ်ရှ်လေးနဲ့ညှိဖို့လည်း မမေ့ပါနဲ့။

အဆင့် ၅ - အပေါ်မျက်ခွံရဲ့ အတွင်းဘက်ထောင့် (နှာခေါင်းအနီး)ကိုပဲ ဖြည့်ဖို့ကျန်ပါတော့တယ်။ အဝါရောင်ကိုဖြည့်ပါမယ်။ အဝါရောင်က တခြားအရောင်အောက်ခံတွေကြောင့် လွယ်လွယ်ကူကူ မပေါ်ဘူး။ ဒါကြောင့်မို့လို့ အိုင်းရှဲဒိုးအဖြူကို အရင်ဆုံးနေရာချပါ။ အဖြူပေါ်မှာမှ အဝါကို ထပ်တင်ပေးရတယ်။ အပေါ်မျက်ခွံလေးကတော့ ပန်းရောင်၊ လိမ္မော်၊ ခရမ်း၊ အဝါတို့နဲ့ လှနေပြီပေါ့။

 

အဆင့် ၆ - အောက်မျက်ခမ်းလေးကိုလည်း ဆက်ခြယ်သပါမယ်။ သူကတော့ ခြယ်သစရာ နေရာကျဉ်းတော့ နည်းနည်းပဲ ဖြည့်ရမှာပေါ့။ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်တို့ကို အောက်မျက်ခမ်းမှာ သုံးနေရာ အချိုးချ ဆိုးပေးရပါမယ်။ ဒါဆိုရင်တော့ သက်တံရောင် တောက်ပလင်းဖြာတဲ့ မျက်ဝန်းလေး ရပါပြီ။

 

အဆင့် ၇ - တိပ်ကို ခွာလိုက်ပါ။ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာတို့ကို ဖြည့်ပြီးရင် ပြီးပြည့်စုံတဲ့ သက်တံမျက်ဝန်းလေးကို ပိုင်ဆိုင်နိုင်ပြီဖြစ်ပါတယ်။ စမ်းလုပ်ကြည့်ပါ။ လုပ်ပါများမှ တတ်လာမှာပေါ့။ ဘာမှမလုပ်ရင် ဘာမှမဖြစ်လာဘူးနော်။

Source : Shivonmakeupbiz

Share

Loading Next Article...
က္က