နှုတ်ခမ်းနီရေစီးကြောင်းထဲမှာတော့ matt က ရေပန်းစားလူကြိုက်များနေပါတယ်။ Matt နှုတ်ခမ်းနီတွေက ဆိုးထားလိုက်ရင် အရောင်က ထူထူသိပ်သိပ်လေးနဲ့မို့ လူကိုဆွဲဆောင်မှုပိုစေတယ်။ ကြာကြာခံပြီး တော်တော်နဲ့မပျက်တာမို့လို့လည်း ကြိုက်ကြတယ်ဟုတ်။ Matt ဆိုမ Matt အသည်းစွဲဖြစ်နေတဲ့ ပျိုမေတို့ရော၊ တစ်ခါတစ်လေမှဆိုးကြည့်သူတွေရော ဒါလေးတွေကို သိစေချင်ပါတယ်။
မဆိုးခင်
Matt တွေကို မဆိုးခင်မှာ ကြိုတင်ပြင်ဆင်မှုက အရေးကြီးဆုံးပဲနော်။ ပထမဆုံးအနေနဲ့ကတော့ နှုတ်ခမ်းကို exfoliate လုပ်ပေးရပါမယ်။ သကြားလေးနဲ့ နှုတ်ခမ်းကိုပွတ်လိုက်တဲ့နည်းကိုတော့ ကျွန်မက ပိုသဘောကျမိတယ်။ နှုတ်ခမ်းသားလေးတွေ နူးညံ့ပြီးပန်းနုရောင်သမ်းလာတယ်လေ။ သကြားနဲ့ပွတ်ပြီး exfoliate လုပ်ပြီးတော့မှ ရေစိုဝတ်လေးနဲ့ ပြန်ပွတ်လိုက်မယ်ဆို matt နှုတ်ခမ်းနီလေးကို ချောချောမွေ့မွေ့ဆိုးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် lip balm လေး ဆိုးထားလိုက်ပါဦး။ မိတ်ကပ်တွေလိမ်းစရာရှိတာလိမ်းပြီးတော့မှ နောက်ဆုံးအဆင့်မှာ matt နှုတ်ခမ်းနီကိုဆိုးပါနော်။
ဘယ်လိုဆိုးမလဲ
ပုံစံလှလှလေးဖြစ်အောင် စိတ်ကြိုက်ပုံဖော်တာကတော့ မမတို့၊ ညီမလေးတို့ရဲ့အပိုင်းပေါ့နော်။ အသုံးဝင်မယ့်နည်းလေးတစ်ခုကိုလည်း ထပ်ပြောချင်လို့ပါ။ Matt နှုတ်ခမ်းနီဆိုးပြီးသွားရင်လည်း lip balm လေး နည်းနည်းလောက်ကို နှုတ်ခမ်းအတွင်းပိုင်းမှာဆိုးပေးပါ။ တစ်ရှုးစလေးနဲ့ ပြန်ပြီးဖိပေးလိုက်ရင် စိုစိုကြီးဖြစ်မနေတော့ဘဲ matt ဖြစ်နေတဲ့ အလှဆုံးနှုတ်ခမ်းလေးကိုရပြီလေ။
ဆိုးပြီးတဲ့အခါ
Matt နှုတ်ခမ်းနီတွေက လွယ်လွယ်နဲ့မပျက်သလို လွယ်လွယ်နဲ့လည်း ဖျက်လို့မရဘူး။ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်မှရတယ်။ အလွယ်ဆုံးနည်းတစ်ခုကတော့ သံလွင်ဆီလေးကို ဂွမ်း/တစ်ရှုးမှာတို့ပြီး ဖျက်ရင်လည်း ပျက်ပါတယ်။ အတင်းဖိပြီးမဖျက်ပါနဲ့ နှုတ်ခမ်းသားလေးတွေ ပွန်းပဲ့ကုန်မယ်။ ဖျက်ပြီးသွားရင်လည်း lip balm လေး လိမ်းပြီးမှ အိပ်ရာဝင်ပါနော်။ ဒါမှသာ matt နှုတ်ခမ်းနီကြောင့် ခြောက်သွေ့နေတဲ့နှုတ်ခမ်းလေးကို အားဖြည့်ပေးရာရောက်မှာဖြစ်ပါတယ်။ လှသထက် လှနိုင်ကြပါစေရှင်။