Lifestyle: စွန့်ဦးတီထွင်လုပ်ငန်း Duwun Talks ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများ ကိုယ်ရေးအကျဉ်း

စွန့်ဦးတီထွင်လုပ်ငန်း Duwun Talks ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများ ကိုယ်ရေးအကျဉ်းကိုဖော်ပြပေးထားပါတယ်။

play

 

စွန့်ဦးတီထွင်လုပ်ငန်း - အိပ်မက်များမှသည် လက်တွေ့အောင်မြင်မှုများဆီသို့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် Duwun Talks ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြမယ့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေရဲ့ ကိုယ်ရေးအကျဉ်းအချုပ်ကို ဖော်ပြပေးထားပါတယ်။

Duwun  Talks ဆွေးနွေးပွဲကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ Park Royal ဟိုတယ်မှာ ကျင်းပသွားမှာပါ။ တက်ရောက်ချင်တဲ့သူတွေက အောက်ပါလင့်ခ်ကတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

https://goo.gl/forms/UEqznSOGYEuBHFRu1

ဇင်ဇေ

play

 

ကိုဇင်ဇေသည် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ( Myanmar Maritime University ) ကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး Nautical Science ဘာသာရပ်ကို အထူးပြု လေ့လာခဲ့ပါသည်။ လက်ရှိတွင် "Active English" စကားပြောသင်တန်းကို တည်ထောင်ပြီး ကိုယ်တိုင် ဦးစီး သင်ကြားပေးနေပါသည် ။

www.ActiveEnglishMyanmar.com မှလည်း English ဘာသာစကားဆိုင်ရာ အွန်လိုင်း သင်ခန်းစာများကို ပို့ချပေးနေပါ သည် ။ Online Marketing / Social Media Marketing ဘာသာရပ်တို့ကိုစိတ်ဝင်တစား လေ့လာခဲ့ပြီး စီးပွားရေး လုပ်ငန်း အချို့အတွက် အကြံပေး စီစဉ်သူ အနေနဲ့ တာဝန်ယူ ပေးနေပါ သည် ။

လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ အတွက် ရည်ရွယ်ပြီး ဖြန့်ဝေပေးနေတဲ့ " မြန်မာ့အိပ်မက် " အွန်လိုင်း မဂ္ဂဇင်း ကို တည်ထောင်ပြီးwww.MyanmarDreamer.com  မှ အခမဲ့ ဖြန့်ဝေပေးနေပါ သည် ။၂၀၁၃ ခုနှစ်မှာ ဧရာဝတီ စာပေပွဲတော်ရဲ့ " ပြောင်းလဲနေသော ဘဝများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုတို ပြိုင်ပွဲတွင်  ပထမဆု ( YOMA / FMI Short Story Prize ) ရရှိခဲ့ပါ သည် ။ " ကြယ်ငါးကောက်သူများ " ပရဟိတ အသင်းနဲ့" Active Readers - စာဖတ် အသင်း "  တို့ကို ဦးစီးတည်ထောင် လှုပ်ရှားနေသူလည်း ဖြစ်ပါသည်။

စံပယ်အောင်

play

 

ဒေါ်စံပယ်အောင်သည်ခရမ်းမြို့၊ မြို့မကျောင်းသူဟောင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် ခရမ်းမြို့ အထက်တန်းကျောင်းမှတက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၉၃ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သတ္တဗေဒ အထူးပြု ဂုဏ်ထူးတန်း ပထမနှစ်အထိ တက်ရောက်ခဲ့ပြီး နောင်အခါ ပြင်ပခရီးသွားလုပ်ငန်းခွင်သို့  စတင်ဝင်ရောက်ခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝယ် ဆက်လက်ပညာဆည်းပူးခဲ့ရာတွင် DMA (Diploma of Management Administration ) ကို ၁၉၉၉ တွင် လည်းကောင်း၊ Executive MBA  ဘွဲ့ကို ၂၀၀၃ ခုနှစ်တွင် လည်းကောင်းရရှိခဲ့သည်။၂၀၁၃ခုနှစ်တွင် Nature Dream Travel ကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့အပြားသို့ သွားရောက်ကာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအားမြှင့်တင်ခဲ့သည်။

ယနေ့တိုင်ကုမ္ပဏီအား ညီမဖြစ်သူ ဒေါ်သဇင်အောင် နှင့်ပူးတွဲပြီး ဦးဆောင်စီမံခန့်ခွဲနေဆဲ ဖြစ်သည်။ ပရဟိတလုပ်ငန်းများအနေဖြင့် ၂၀၀၈ခုနှစ်တွင် နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများအား  (Hand in Hand) အဖွဲ့ဖြင့်လည်းကောင်း၊ ၂၀၁၅ခုနှစ်တွင် မိမိကိုယ်တိုင် လက်တစ်ဖက်ကမ်းအဖွဲ့ တည်ထောင်ကာခရီးသွားညီအစ်ကို မောင်နှမ များနှင့် ပူးပေါင်းကာ အားတက်သရော ကိုယ်တိုင်စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ဝါသနာမှာ စာရေးစာဖတ်ခြင်း၊ ကဗျာစပ်ခြင်း နှင့် အင်တာနက် ပညာရပ်များ လေ့လာလိုက်စားခြင်းတို့ ဖြစ်ပါသည်။

ဟန်ဇော်လတ်

play

ကိုဟန်ဇော်လတ်သည် မကွေးတိုင်း မင်းဘုးဇာတိဖြစ်ပြီး မကွေးတက္ကသိုလ် တွင် Bio Chemistry ဘာသာရပ်ကို သင်ယူခဲ့သည်။ ၂၀၁၃ခုနှစ်တွင် Miss Golden Land Myanmar Organization ကိုတည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့် မြန်မာ့ အလှမယ်ပေါင်းများစွာကို မွေးထုတ်ပေးလျက်ရှိသည်။

ငယ်စဉ်ကပင် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများကို စိတ်ဝင်စားပြီး အိပ်မက်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သူဖြစ်သည်။ နိုင်ငံတကာ Beauty Peagent လောက ၏ World Youngest National Director ဆုကို လည်း ရရှိထားသည်။

ကိုဟန်ဇော်လတ်တည်ထောင်ထားသည့် MGLM Organization သည် ၂၀၁၆ခုနှစ် သြဂုတ်လ တွင်လည်း တတိယ အကြိမ်မြောက် Miss Golden Land Myanmar အလှမယ်ပွဲကြီးကို အောင်မြင်စွာ ကျင်းပလျက်ရှိပြီးMiss Earth Myanmar, Miss Supranational Myanmar, Miss Intercontinental Myanmar,Miss Tourism World Myanmar, Miss Face of Beauty Myanmar အစရှိသည့် မြန်မာ့အလှမယ်ပေါင်းများစွာကို နိုင်ငံတကာပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင်စေလျက် ရှိသည်။

ရဲမြတ်မင်း

play


ကိုရဲမြတ်မင်းသည် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့တွင် မွေးဖွားခဲ့၍ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းကပင် စာသင်ခန်းထဲမှ ပုံမှန်သင်ရိုးညွှန်းတမ်းများထက် ပြင်ပတွင် ကိုယ်တိုင်လေ့လာသင်ယူရခြင်းကို ကြိုက်နှစ်သက်သူဖြစ်သည်။ Republic Polytechnic(Singapore) မှ ဘွဲ့ရရှိခဲ့ပြီး Myanmar NEX ကိုတည်ထောင်ခဲ့သည်။

Myanmar NEX သည် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာ၏ Mobile၊Website နှင့် လူမှုကွန်ရက် စာမျက်နှာများအတွက် ဒီဇိုင်းဖန်တီးမှုနှင့် အဓိကသက်ဆိုင်သော ဝန်ဆောင်မှုများကို ပြုလုပ်ပေးသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကိုရဲမြတ်မင်း နှင့် NEX ၏ အဓိက ရည်မှန်းချက်မှာ ဆန်းသစ်သော နည်းပညာ၊ ထူးခြားသော ဒီဇိုင်းနဲ့ ဒီဂျစ်တယ် နည်းဗျူဟာ များကို အသုံးပြုပြီး လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မှုများကို ဖန်တီးပေးနိုင်ရန်ဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ