အာဟာရလည်းရှိ၊ အရသာလည်းရှိတာမို့ အချိန်ရရင် လုပ်စားကြည့်ပါလား
 

ဈေးသွားလို့ အသားဝယ်မယ်ဆို ကြက်သား၊ ဝက်သား၊ အမဲသားတို့ကိုပဲ ဝယ်ဖြစ်နေလို့ စားရတာ ငြီးငွေ့နေပြီလား။ ဆိတ်သားကျတော့လည်း ညှီနံ့ပျောက်အောင် ကြာကြာဆေးရတယ်၊ ဟင်းခတ်အမွှေးအကြိုင် များများထည့်ရတယ်လေ။ ဒါနဲ့ပဲ ဝယ်ရလွယ်၊ ချက်ရလွယ်တဲ့ ကြက်သားကို မကြာခဏစားဖြစ်နေတော့ စားရတာ ငြီးငွေ့လာပြီ။ ကြက်သားကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်ပြင်ဆင်ဖူးမှာပါ။ ဆန်နဲ့ရောပြီး ပူတင်းလို ဖုတ်စားတာမျိုးရော လုပ်စားဖူးလား? အာဟာရလည်းရှိ၊ အရသာလည်းရှိတာမို့ အချိန်ရရင် လုပ်စားကြည့်ပါ။

 

ဆန်နဲ့ကြက်သားအပြင် ဟင်းသီးနှံတွေ ရောနှောကာ ပူတင်းလိုမျိုး ဖုတ်ရတာဆိုတော့ ဆန်နဲ့ကြက်သား ရောနှောထားတဲ့ အာဟာရပူတင်းလို့ပဲ ပြောရအောင်ပါ။ လုပ်စားချင်တယ်ဆိုရင်တော့ ... ထောပတ် လက်ဖက်စားဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံကြီး၊ ကြက်ကင်၊ ဆန်၊ ကြက်သားပြုတ်ရည်၊ ကြက်ပြုတ်ရည်အနှစ်၊ ဆား၊ ငြုပ်ကောင်းမှုန့်နဲ့ ပေါင်မုန့်ခြောက်မှုန့်တို့ လိုအပ်ပါတယ်။

 

ဒယ်အိုးကို မီးဖိုပေါ်မှာ အပူပေးပါ။ ပူလာပြီဆိုရင် ထောပတ်ကိုထည့်ရပါမယ်။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးထည့်ပါ။ ခပ်သေးသေးတုံးထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီနဲ့ တရုတ်နံနံကြီးတို့ကို ရောထည့်ပြီး အိုးထဲမှာ နွမ်းသွားတဲ့အထိ ထားပေးရပါမယ်။ မုန်လာဥနီနဲ့ တရုတ်နံနံကြီးက နွမ်းလာပြီဆို အိုးကို မီးဖိုပေါ်ကချပါ။ ပူတင်းဖုတ်မယ့် ဗန်းထဲကို ပြောင်းထည့်လိုက်ပါဦး။ ကြက်ကင်ကို အသားတွေချည်း နွှင်ထားပါ။ ပူတင်းဗန်းထဲကို ကြက်သား၊ ရေဆေးသန့်စင်ထားတဲ့ဆန်၊ ကြက်သားပြုတ်ရည်၊ ကြက်ပြုတ်ရည်အနှစ်၊ ဆား၊ ငြုပ်ကောင်းမှုန့်တို့ပါ ထပ်ထည့်ပြီး သမသွားအောင် မွှေပေးကာ အပူချိန် ၂၂၀ ဒီဂရီဆဲလ်စီးယပ်စ်နဲ့ မီးဖိုထဲမှာ မိနစ် ၃၀ ကြာ ဖုတ်ပေးရမှာ ဖြစ်ပါတယ်။ ဗန်းကို အုပ်ပြီးတော့ ဖုတ်ပါ။ ဒါမှ အနံ့ပိုမွှေးပြီး အရသာပေါ်လွင်ပါတယ်။ မိနစ် ၃၀ ပြည့်ရင် ပေါင်မုန့်ခြောက်မှုန့်ဖြူးကာ နောက်ထပ် ၂၀ မိနစ်လောက် ထပ်ဖုတ်လို့လည်း ရပါသေးတယ်။ ဒါကတော့ ကိုယ့်စိတ်ကြိုက်ပါပဲ။ အာဟာရလည်းရှိ အနံ့အရသာလည်းကောင်းတဲ့ ဆန်နဲ့ကြက်သား ရောနှောထားတဲ့ အာဟာရပူတင်းကို အချိန်ရရင်တော့ လုပ်စားကြည့်စေပါတယ်။

Source : Tasty

Share

Loading Next Article...
က္က