အပြင်မှာလည်း ဝယ်သောက်လို့ရပေမယ့် ကိုယ်တိုင်လုပ်သောက်တော့ များများစားစားလည်းသောက်လို့ရ/ အရသာလည်း ပိုကောင်းတာပေါ့။

ထိုင်းလက်ဖက်ရည်အေး (Thai Iced Tea) ဆိုတာ လူသိများတဲ့ ထိုင်းအစားအသောက်တစ်မျိုးဖြစ်ပြီး Black tea (လက်ဖက်ခြောက်အမဲ) ရယ်၊ နို့ရယ်၊ သကြားရယ်ကို ရောပြီး ဖော်စပ်ထားတာပါ။ ဒီ လက်ဖက်ရည်အေးလေးက ထိုင်းနိုင်ငံမှာသာမက အရှေ့တောင်အာရှတခွင်မှာပါ ထင်ရှားပါတယ်။

 

ထိုင်းလက်ဖက်ရည်အေးကို လက်ဖက်ခြောက်မဲ၊ နို့၊ သကြားတို့နဲ့သာမက လိမ္မော်ပွင့်ဖတ်ရည်တို့၊ စမုန်စပါးတို့၊ မန်ကျည်းသီး တို့နဲ့လည်း ရောစပ်ပြုလုပ်လို့ရပါသေးတယ်။ နို့ကိုလည်း နွားနို့၊ ဆိတ်နို့၊ အုန်းနို့ စသဖြင့် မိမိနှစ်သက်ရာနို့အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

တစ်ခုသတိပြုရမှာကတော့ ထိုင်းလက်ဖက်ရည်အေး (iced tea) က boba tea (ပုလဲလုံးပါတဲ့ လက်ဖက်ရည်အေး) နဲ့ မတူညီပါဘူး။ အဲဒီလိုပုလဲလုံးပါတဲ့ လက်ဖက်ရည်အေးကိုတော့ "Thai Pearl Milk tea" (ထိုင်း ပုလဲနို့လက်ဖက်ရည်) လို့ခေါ်ပါတယ်။ ဒီနေ့ဖော်ပြမှာကတော့ ထိုင်းပုလဲနို့ လက်ဖက်ရည်ကို ကိုယ်တိုင်ဘယ်လိုဖျော်သောက်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

ပြုလုပ်နည်း

 

ဒီလက်ဖက်ရည်လေးပြုလုပ်ဖို့တော့ ပြင်ဆင်ချိန် (၅) မိနစ်၊ ပြုလုပ်ချိန် (၁၀) မိနစ်၊ နှပ်ချိန် မိနစ် (၄၀) လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ထိုင်းလက်ဖက်ခြောက် (သို့) ရှမ်းလက်ဖက်ခြောက်မဲ လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ ရေ (၄) ခွက်၊ စစ်ထုတ်ပြီး ရယ်ဒီမိတ် နို့ရည် (၁) ခွက်၊ သကြား (၁၀) ဇွန်း၊ boba ပုလဲ (၁) ခွက် (ပီလောပီနံဥနဲ့ ပြုလုပ်ထားတဲ့ ပုလဲလေးတွေပါ။ ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်)၊ ရေခဲ အနည်းငယ်တို့ပဲဖြစ်ပါတယ်။

 

စတင်ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ရေနွေးတစ်အိုးတည်လိုက်ပါ။ ရေနွေးဆူပြီဆိုတာနဲ့ ထိုင်းလက်ဖက်ခြောက်မဲနဲ့ သကြားကို ရေနွေးထဲကိုထည့်လိုက်ပါ။ ပြီးရင် (၁၀) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ပြီးရင် လက်ဖက်ရည်ကို စကာတစ်ခုနဲ့စစ်ထုတ်ပြီး ဖန်ခရားတစ်ခုထဲမှာထည့်ထားလိုက်ပါ။ ပြီးရင်ရလာတဲ့ လက်ဖက်ရည်ကို ရေခဲသေတ္တာထဲမှာ မိနစ် (၃၀) လောက်ကြာအောင် နှပ်ထားပေးလိုက်ပါ။

အဲဒီလိုတွေလုပ်နေချိန်မှာ Boba pearl (ပီလောပီနံဥလုံး) လေးတွေကိုလည်း ပြုတ်ထားပေးလိုက်ပါဦး။ ပြီးရင်တော့ ပြုတ်ပြီးတဲ့ ပုလဲလုံးလေးတွေကို ဖန်ခွက်ရှည်တစ်ခုထဲမှာ ထည့်ထားပေးလိုက်ပါ။ ပြီးရင် လက်ဖက်ရည်ထည့်ထားတဲ့ ဖန်ခရားထဲကို ရေခဲအနည်းငယ်ထည့်ပေးလိုက်ပါ။ ပြီးရင် အဲဒီဖန်ခရားထဲကိုပဲ စစ်ထုတ်ပြီး ရယ်ဒီမိတ်နို့ရည် (သို့) နို့ဆီ (၂) ဇွန်းလောက် ထည့်ပေးလိုက်ပါ။ ပြီးရင် မွှေပေးလိုက်ပြီး စောစောက ပုလဲထည့်ထားတဲ့ ဖန်ခွက်ရှည်ထဲကို လက်ဖက်ရည်လောင်းထည့်ပြီး အရသာကောင်းမွန်တဲ့ ထိုင်းပုလဲနို့ လက်ဖက်ရည်အေးလေးကို အရသာခံနိုင်ပါပြီ။

Source: 196flavours

Share

Loading Next Article...
က္က