ဒီအစားအစာ (၂) မျိုးဟာ ကိုရီးယားလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အစားအစာတွေပါ။

ရုံးပိတ်ရက်ကျရင် အပြင်လည်း လျှောက်မသွားချင်၊ အိမ်မှာပဲ ထူးထူးဆန်းဆန်းအစားအစာလေးတွေကို ချက်စားချင်တယ်ဆိုတဲ့ သူတွေအတွက် ဒီနေ့မှာတော့ ကိုရီးယား ပဲခေါက်ဆွဲနဲ့ ကိုရီးယားပဲထမင်း လုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါနော်။ ကိုရီးယားကား ပုံမှန်ကြည့််တဲ့သူတွေကတော့ ဒီအစားအစာ (၂) မျိုးဟာ ကိုရီးယားလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အစားအစာတွေ ဆိုတာကို သိပြီးသားဖြစ်မှာပါ။

 

စားရတာလည်း အရသာရှိ၊ အာဟာရတန်ဖိုးလည်း ကြွယ်ဝတဲ့ ကိုရီးယားအစားအစာလေးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ပြုလုပ်နည်းလေးကို ဆက်ဖတ်ကြည့်ကြပါနော်။

ပါဝင်ပစ္စည်းများ

jjajangmyeon-ingredients-590x404.jpg 

ပါဝင်ပစ္စည်းတွေကတော့ ကိုရီးယားခေါက်ဆွဲခြောက်တစ်ထုပ်ခန့်၊ ဝက်ဝမ်းပျဉ်းသား (သို့) ကြက်သား (၁/၂) ပေါင်ခန့် (အသားကို လက်မဝက်အရွယ် အတုံးလေးတွေ ဖြစ်အောင် တုံးထားပေးပါ)၊ သခွားဖရုံသီး (၂) လုံးခန့်၊ အာလူး (၃) လုံးခန့်၊ ကြက်သွန်နီ (၂) လုံးခန့်၊ မုန်လာဥနီတစ်လုံးခန့်၊ ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းခန့်၊ ကိုရီးယားပဲငပိအမဲအနှစ် (၁/၄) ခွက်ခန့်၊ ပြောင်းဖူးမှုန့် /ကော်မှုန့် (၂) ဇွန်း၊ သကြား (၁) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ ဆားအနည်းငယ်၊ သခွားသီး (၁/၂) ခွက် တို့ပဲဖြစ်ပါတယ်။

အနှစ်ပြုလုပ်နည်း

 

အရင်ဆုံး လက်မဝက်အရွယ် အတုံးလေးတွေဖြစ်အောင် လှီးထားတဲ့ ဝက်သား (သို့) ကြက်သားကို ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက် တစ်ဇွန်းထည့်ပြီး (၅) မိနစ်ခန့်လုံးပေးလိုက်ပါ။ ရွှေအိုရောင်သမ်းလာပြီဆိုရင် မီးပိတ်ပေးနိုင်ပါပြီ။ ပြီးရင်တော့ အဆီတွေကို စစ်ထုတ်ပြီး အသားတုံးလေးတွေကိုတော့ ဒယ်အိုးပြားထဲ ပြန်ထည့်ထားလိုက်ပါ။ မုန်လာဥနီကို အတုံးသေးသေးလေးတွေဖြစ်အောင် စိတ်ထားတာကိုလည်း အသားနဲ့ရောပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

 

ပြီးရင်တော့ လက်မဝက်အရွယ် အတုံးသေးသေးလေးတွေဖြစ်အောင် စိတ်ထားတဲ့ အာလူး၊ ကြက်သွန်နီနဲ့ သခွားဖရုံသီး (zucchini) တို့ကိုပါ ရောထည့်ပေးပြီး (၃) မိနစ်ခန့် ကြော်ပေးလိုက်ပါ။ (၃) မိနစ်ပြည့်ရင်တော့ ဒယ်အိုးထဲက ပါဝင်ပစ္စည်းတွေကို ဘေးကပ်လိုက်ပြီး အလည်ခေါင်မှာ နေရာလေးလွတ်သွားအောင် ဖယ်ပေးလိုက်ပါ။

 

အဲဒီအလည်ခေါင်မှာ ဟင်းသီးဟင်းရွက်ဆီ (၂) ဇွန်းကို အရင်ထည့်လိုက်ပါ။။ ပြီးမှ ကိုရီးယားပဲငပိအမဲ အနှစ် (၁/၄) ခွက်ကိုပါထည့်ပြီး သစ်သားယောက်မလေးနဲ့ အသာလေးမွှေပေးလိုက်ပါ။ (၁) မိနစ်လောက်ရှိပြီဆိုရင်တော့ ဒယ်အိုးထဲက ပါဝင်ပစ္စည်းအားလုံးကို သမအောင် မွှေပေးနိုင်ပါပြီ။ ဒယ်အိုးထဲကို ရေ (၂) ခွက်လောက် ထပ်ထည့်ပြီး အဖုံးပိတ်ပြီး (၁၀) မိနစ်လောက် နှပ်ထားပေးလိုက်ပါ။

ကိုရီးယားပဲခေါက်ဆွဲ

jjajangmyeon-plate-590x393.jpg 

အဲဒီလို နှပ်ထားချိန်မှာ ကိုရီးယားခေါက်ဆွဲလေးကို ပြုတ်လိုက်ကြရအောင်။ (ဒီနေရာမှာ ကိုရီးယားခေါက်ဆွဲရှာမရရင် ဂျုံခေါက်ဆွဲကို သုံးနိုင်ပါတယ်။ အရသာကတော့ နည်းနည်းကွာသွား ပါလိမ့်မယ်။ ကိုရီးယားခေါက်ဆွဲသားက နည်းနည်းပိုတုတ်ပြီး စီးကပ်ပါတယ်။) ခေါက်ဆွဲခြောက်တွေကို အိုးတစ်လုံးထဲမှာ ရေနွေးထည့်ပြီး ပြုတ်ပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ ခေါက်ဆွဲဖတ်တွေကို ဆယ်ထုတ်လိုက်ပြီး ရေအေးလေးထဲမှာ ပြန်စိမ်ထားပေးရုံပါပဲ။ ချက်ထားတဲ့ အနှစ်ကျက်တော့မှ ခေါက်ဆွဲဖတ်လေးတွေကို ပြန်ဆယ်မယ်လေ။

See also 

(၁၀) မိနစ်ပြည့်ရင်တော့ အဖုံးကိုဖွင့်ပြီး နည်းနည်းမြည်းကြည့်လိုက်ပါ။ မိမိနှစ်သက်တဲ့အရသာရှိပြီဆိုရင်တော့ ဒယ်အိုးကို မီးဖိုပေါ်က ချပေးနိုင်ပါပြီ။ မကျေနပ်သေးဘူးဆိုရင်တော့ ဟင်းခတ်မှုန့်နဲ့ ဆားနည်းနည်းထပ်ရောတာတို့၊ ရေနည်းနည်းထပ်ရောတာတို့လုပ်ပြီး နောက်ထပ် (၂) မိနစ်လောက် ထပ်နှပ်ထားလိုက်ပါဦး။ အရသာကိုကျေနပ်မှုရှိပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဆီနည်းနည်း ဆမ်းပြီး မီးဖိုပေါ်ကချပေးနိုင်ပါပြီ။ ခုနက ပြုတ်ထားတဲ့ ခေါက်ဆွဲဖတ်တွေကို ပန်းကန်လုံးထဲမှာထည့်ပြီး တွဲဖက်လိုက်ရင်တော့ အရသာရှိတဲ့ ကိုရီးယားပဲခေါက်ဆွဲ (jjajangyeon) ကို ရရှိပါပြီနော်။

ကိုရီးယားပဲထမင်း

jjajangpap-plate-590x393.jpg 

ပဲခေါက်ဆွဲမစားချင်ဘူး။ ထမင်းစားရမှ တင်းတိမ်တယ်ဆိုရင်တော့ ကိုရီးယားပဲထမင်းလုပ်စားလို့ရပါသေးတယ်။ လုပ်နည်းကလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ခုနက လုပ်ထားတဲ့ ပဲအနှစ်ရည်ကို ခေါက်ဆွဲဖတ်ပေါ်မှာ မဆမ်းဘဲ ထမင်းပေါ်မှာ ဆမ်းပြီး စားပေးလိုက်ရုံပါပဲ။ အပေါ်ကနေ သခွားသီးအမျှောင်းလေးတွေ၊ ပဲငပိအမဲအနှစ်တို့အုပ်ပြီးလည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ကင်ချီနဲ့ စားရင် အလိုက်ဖက်ဆုံးဆိုတာကုတော့ ပြောဖို့တောင် လိုမှာမဟုတ်ပါဘူးနော်။

Source: maangchi

 

Share

Loading Next Article...
က္က