Food & Recipe: ကိုရီးယား ဝက်သားကြော်ချက် အစပ်လေး လုပ်စားကြမယ်

ကိုရီးယားလှိုင်းနဲ့အတူ ကိုရီးယားအစားအစာတွေကလည်း မြန်မာ့လျှာ၊ မြန်မာ့ခံတွင်းနဲ့ အစပ်အဟပ်တည့်တဲ့အတွက် နှစ်သက်စွာ စားသုံးလာကြပါတယ်။

ကိုရီးယားလှိုင်းနဲ့အတူ ကိုရီးယားအစားအစာတွေကလည်း မြန်မာ့လျှာ၊ မြန်မာ့ခံတွင်းနဲ့ အစပ်အဟပ်တည့်တဲ့အတွက် နှစ်သက်စွာ စားသုံးလာကြပါတယ်။ အနည်းဆုံးတော့ Junction City မှာ ဈေးဝယ်ထွက်ရင်း ငါးအသားချောင်းလေးတော့ စားခဲ့ဖူးမှာပါ။

play

 

ကိုရီးယား အစားအစာကို နှစ်သက်သူတွေအတွက် လုပ်ရလည်းလွယ်ကူ၊ စားလို့လည်းကောင်းတဲ့ ကိုရီးယားဟင်းပွဲလေး တစ်မယ်ကို ဖော်ပြပေးချင်ပါတယ်နော်။ ဒီ ကိုရီးယားဝက်သားကြော်ချက် (အစပ်)လေးက အရသာကောင်းမွန်ပြီး ထမင်း၊ ကင်ချီတို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အထူးသင့်လျော်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဟင်းချက်နည်းလေးကို ဆက်ဖတ်ကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ

play
 

ဝက်ဝမ်းပျဉ်းသား တစ်ပေါင်ခန့်၊ ကိုရီးယားငရုပ်သီးအနှစ် (အစပ်) (၁/၄) ခွက်ခန့်၊ ပဲငံပြာရည်တစ်ဇွန်းခန့်၊ သကြားတစ်ဇွန်းခန့်၊ ငရုပ်သီးအကျက်မှုန့် (၂) ဇွန်းခန့်၊ ငရုပ်ကောင်းမှုန့် (၁/၄) ဇွန်း၊ နှမ်းဆီ တစ်ဇွန်း၊ အခွံခွာပြီး ထောင်းထားပြီးသား ကြက်သွန်ဖြူ ငါးလုံးခန့်၊ ထောင်းထားပြီးသား ဂျင်းတက် တစ်ဇွန်းခန့်၊ အရွယ်တော် ကြက်သွန်နီ တစ်လုံး၊ ကြက်သွန်မြိတ် (၄) ပင်ခန့်၊ နှမ်းစေ့ တစ်ဇွန်းတို့ပဲ ဖြစ်ပါတယ်။

 

ပြုလုပ်နည်း

play
 

အရင်ဆုံး ဒယ်အိုးပြားတစ်လုံးကိုယူပြီး medium လောက် မီးအပူပေးထားလိုက်ပါ။ ပြီးရင် နှမ်းဆီကိုထည့်ပြီး ဆီပူသတ်ပေးလိုက်ပါ။ ပြီးတာနဲ့ ဝက်သားပြား၊ ငရုပ်သီးအနှစ်၊ ပဲငံပြာရည်၊ သကြား၊ ငရုပ်သီးအကျက်မှုန့်၊ ငရုပ်ကောင်းမှုန့်တို့ကို ဆီပူထဲထည့်လိုက်ပါ။ ပြီးရင်တော့ သစ်သားယောက်မတစ်ချောင်းနဲ့ ပါဝင်ပစ္စည်းအားလုံးကို သမအောင် မွှေပေးပါ။ မိနစ်အနည်းငယ်ကြာရင် ဝက်သားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ကောင်းကောင်းသမသွားပါလိမ့်မယ်။

 

ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ကြက်သွန်မြိတ်ကို ထည့်ပေးလို့ရပါပြီ။ ထည့်မွှေပြီး ၁၂ မိနစ်ကနေ ၁၅ မိနစ်ခန့် ချက်ပေးမယ်ဆိုရင်တော့ ဝက်သားဖတ်လေးက အရည်ရွှမ်းပြီး ဆတ်တောက်ဆတ်တောက် ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ ဝက်သား လုံးဝကျက်သွားပြီလို့ ဆိုနိုင်ပါတယ်။

ဝက်သားကြော်ချက်လေးကို ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပြီး ထမင်း၊ ကင်ချီတို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ဒါမှမဟုတ် ဆလပ်ရွက်နဲ့ထုပ်ပြီး ဝက်သားဆလပ်လုပ်စားလို့လည်း ရပါတယ်။ မိမိနှစ်သက်သလို အဆင်ပြေသလို စားသုံးနိုင်ပါတယ်။

Source: maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ