ကိုရီးယား ဆန်ကိတ်လုံးဆိုတာကတော့ မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ မုန့်လုံးရေပေါ်နဲ့ အလားသဏ္ဍာန် ဆင်တူပါတယ်။ မုန့်လုံးရေပေါ်က ထန်းလျက်လုံးကို ဋ္ဌာပနာအဖြစ်ထည့်ပြီး ဆန်ကိတ်လုံးက ထင်းရှူးစေ့ကို ဋ္ဌာပနာအဖြစ်ထည့်တာပဲ ကွဲပြားပါတယ်။ အဲဒီ ကိုရီးယားဆန်ကိတ်လုံးကို ရွှေဖရုံသီး စွတ်ပြုတ်လေးနဲ့ တွဲဖက်စားသုံးရတဲ့ ကိုရီးယားအစားအစာ လုပ်နည်းလေးကို ပိတ်ရက်မှာ အိမ်တွင်းအောင်းရင်း လုပ်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

play
 

လိုအပ်သော ပါဝင်ပစ္စည်းများမှာ ရွှေဖရုံသီးတစ်ပေါင်ခန့်၊ ပဲစေ့ ခွက်ဝက်ခန့်၊ ဆန်မှုန့် တစ်ခွက်ခွဲခန့်၊ ရေနွေး ခွက်ဝက်ခန့်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်နဲ့ ထင်းရှူးစေ့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်၊ တရုပ်ဆီးသီးခြောက် အရွယ်တော်တစ်လုံး၊ တည်သီးခြောက်တစ်လုံးနဲ့ ရွှေဖရုံစေ့ အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး တစ်ပေါင်အလေးချိန်ရှိတဲ့ ရွှေဖရုံသီးတစ်ခြမ်းကို အိုးတစ်လုံးထဲမှာ ရေနွေး (၃) ခွက်နဲ့အတူ ရောပြုတ်လိုက်ပါ။ ပြီးရင် အပူချိန် medium လောက်နဲ့ ဆယ့်ငါးမိနစ်ခန့် ချက်ပြုတ်လိုက်ပါ။ ဆယ့်ငါးမိနစ် ပြည့်ရင် ပဲစေ့လေးတွေထည့်ပြီး ပြန်အုပ်ထားပေးလိုက်ပါ။

နောက်ထပ် ဆယ့်ငါးမိနစ်လောက် ချက်ပေးလိုက်ရင်တော့ ဖရုံသီးအသားလေးတွေကော၊ ပဲစေ့လေးတွေပါ အကျက်ညီသွား လောက်ပါပြီ။ တကယ်လို့ မကျက်သေးဘူးထင်ရင် နောက်ထပ်ငါးမိနစ်လောက် အပူထပ်ပေးထားနိုင်ပါတယ်။ ရေတော့ နည်းနည်း ထပ်ထည့်ပေးလိုက်ပေါ့။ ပြီးရင်တော့ ဖရုံသီးဟင်းချိုလေးကို ခဏအအေးခံထား ပေးလိုက်ပါ။

play

 

့ပန်းကန်လုံးအကြီးတစ်လုံးနဲ့ အသေးတစ်လုံး ယူလိုက်ပါ။ အကြီးထဲမှာ ဆန်မှုန့်တစ်ခွက်နဲ့ ဆားအနည်းငယ်ကိုထည့်လိုက်ပါ။ နောက်ကျရင် အဲဒါကို ဆန်လုံးလေးတွေဖြစ်အောင် လုံးမှာပါ။ ပန်းကန်လုံးအသေးထဲမှာတော့ ဆန်မှုန့် (၁/၄) ခွက်ရယ်၊ ဆား လက်သည်းခွံတစ်ခုစာလောက်ရယ်ကို ထည့်လိုက်ပါ။ ဒါကိုတော့ နောက်ပိုင်းကျရင် စွတ်ပြုတ်ကို ပိုမိုပျစ်လာအောင် သုံးပါမယ်။

ပြီးရင်တော့ ပန်းကန်လုံးအကြီးထဲမှာ ရေနွေးပူလောင်းထည့်ပေးလိုက်ပြီး ဆန်မှုန့်နဲ့ ရေကိုသမသွားအောင် သစ်သားယောက်မ တစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ လက်နဲ့ကိုင်လို့ရတဲ့အထိ အေးသွားပြီ ဆိုရင်တော့ ပလတ်စတစ်လက်အိတ်စွပ်ပြီး ဆန်လုံးလေး ဖြစ်သွားအောင် တစ်မိနစ်ခန့် နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ဆန်လုံးကို ပလတ်စတစ်အိတ်တစ်လုံးထဲထည့်ပြီး ဆယ်မိနစ်ခန့် ဘေးဖယ်ထားလိုက်ပါ။

play

 

ပြီးရင် ဆန်ကိတ်လုံးလေးတွေ စလုပ်လို့ရပါပြီ။ ခုနက ပန်းကန်လုံးအသေးထဲမှာ ဖယ်ထားတဲ့ ဆန်မှုန့်အနည်းငယ်ကို စဉ်းနှီတုံးပေါ်မှာ ဖြူးပေးလိုက်ပါ။ နောက်ပြီး ခုနကဖယ်ထားတဲ့ ဆန်မှုန့်လုံးကို အရွယ်တော် အလုံးနှစ်လုံးဖြစ်အောင် ထက်ခြမ်းခြမ်းလိုက်ပါ။ ပထမတစ်ခြမ်းကို ဆန်ကိတ်လုံးလုပ်နေချိန်မှာ ဒုတိယတစ်ခြမ်းကို လေမသပ်သွားအောင် ပလတ်စတစ်အိတ်လေးနဲ့ပဲ အုပ်ထား ပေးလိုက်ပါ။

 

ကိုရီးယားဆန်ကိတ်လုံးလေးတွေဆိုတာ တကယ်တော့ မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ မုန့်လုံးရေပေါ်နဲ့ သဘောတရားချင်း တူတူပါပဲ။ ဆန်မှုန့်လုံးကို လက်မဝက်အရွယ် အတုံးလေးဖြစ်အောင် အရင်ဖဲ့ယူလိုက်ပါ။ ပြီးရင် အလည်ခေါင်မှာ ထင်းရှူးစေ့ လေးတွေမြှုပ်ပြီး ဆန်ကိတ်လုံးလေးတွေဖြစ်အောင် လက်ဖဝါးနှစ်ဖက်ကြားမှာပဲ ထည့်ပြီး လုံးယူလိုက်ပါ။

play

 

ဋ္ဌာပနာမပါတာ ကြိုက်တယ်ဆိုရင် ခုနကဖယ်ထားတဲ့ ဆန်မှုန့်လုံး ဒုတိယအခြမ်းကို ထင်းရှူးစေ့ဋ္ဌာပနာမထည့်ဘဲ ပလိန်းကြီးပဲ လုံးပေးလိုက်ပါ။ ပြီးရင်တော့ ဆန်ကိတ်လုံးလေးတွေ ခြောက်မသွားအောင် အပေါ်က ပလတ်စတစ်စနဲ့ ခဏအုပ်ထားပေးလိုက်ပါ။

ပြီးရင်တော့ ခုနက ချက်ထားတဲ့ ရွှေဖရုံသီးဟင်းချိုကို ဇလုံးအကြီးတစ်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။ ရွှေဖရုံသီးအသားတွေကိုပဲ ဇွန်းတစ်ခွန်းနဲ့ ခြစ်ထုတ်ပြီး အိုးထဲပြန်ထည့်လိုက်ပါ။ အခွံကိုတော့ လွှင့်ပစ်လိုက်ပါ။ ဖယ်ထားတဲ့ရွှေဖရုံသီးအသားတွေကို ဇွန်းတစ်ချောင်းနဲ့ ကြေသွားအောင် ခြေမွပေးလိုက်ပါ။ ပြီးရင် ရေသုံးခွက်ခန့်ထည့်ပြီး အဖုံးအုပ်ထားပေးလိုက်ပါ။ medium high အပူချိန်မှာ ရှစ်မိနစ်ခန့်ကြာအောင် ပြုတ်ပေးနိုင်ပါတယ်။

play

 

ပြီးရင်အထဲမှာ ခုနကလုံးထားတဲ့ ဆန်ကိတ်လုံးလေးတွေကိုထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်မှုန့်နဲ့ ဆားရောပြီး ဖယ်ထားတဲ့ ဇလုံအသေး ထဲကိုတော့ ရေနွေးနည်းနည်းထည့်ပြီး ဇွန်းနဲ့မွှေပေးထားလိုက်ပါ။ အဲဒါကို စွတ်ပြုတ်အိုးထဲထည့်ပေးလိုက်ရင် စွတ်ပြုတ်ပိုပျစ်လာမှာပါ။ ဆန်ကိတ်လုံးတွေအားလုံး စွတ်ပြုတ်မျက်နှာပြင်ပေါ်မှာ ပေါလောပေါ်လာပြီ ဆိုရင်တော့ နောက်ထပ်ငါးမိနစ်လောက် အပူပေးပြီး မီးပိတ်နိုင်ပါပြီ။ အရသာကို မြည်းစမ်းကြည့်ပြီး လိုအပ်တဲ့ အပေါ့၊ အငန်အတွက် ဆားနဲ့ သကြားကို လိုသလောက် ထပ်ထည့်နိုင် ပါတယ်။ ဒါဆိုရင်တော့ ဆန်ကိတ်လုံး ရွှေဖရုံသီးစွတ်ပြုတ်လေးကို ရရှိပါပြီ။

တရုပ်ဆီးသီးခြောက်၊ တည်သီးခြောက်တို့ကိုတော့ အစေ့ထုတ်၊ ထက်ခြမ်းခြမ်းပြီး စွတ်ပြုတ်အပေါ်ကနေ အုပ်ပေးနိုင်ပါတယ်။ ရွှေဖရုံသီးစေ့လေးတွေကိုလည်း နှစ်သက်ရင် ထည့်ပေးနိုင်ပါတယ်။ ဒီ ဆန်ကိတ်လုံး ရွှေဖရုံသီးစွတ်ပြုတ်လေးကိုတော့ ကင်ချီ၊ ထမင်းဖြူစတာတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video