AD
AD
AD

ဂေဟဗေဒအရ သတ္တလောကထဲက သတ္တဝါတွေဟာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်စားသောက်ခြင်းဖြင့်သာ ရှင်သန်ရပ်တည် နိုင်ကြပါတယ်။ ဥပမာ... ကြက်တွေဟာ သူ့ထက် အားနည်းတဲ့ တီကောင်တို့၊ ပိုးလောက်လန်းတို့ကို စားသုံးပြီး အသက်ရှင်သလို ကျားတို့၊ မြေခွေးတို့လို အသားစားသတ္တဝါတွေကလည်း ကြက်တို့၊ ဆိတ်တို့လို သူတို့ထက် အားနည်းတဲ့ သတ္တဝါတွေကို သတ်ဖြတ်စားသောက်ပြီးမှသာ အသက်ရှင်နိုင်ကြပါတယ်။ ဒါဝင်ရဲ့ Evolution Theory အရတော့ ဒါကို "ထိုက်တန်သူသာ ရှင်ကျန်ရာ" (Survival of the fittest) လို့ ခေါ်ပါတယ်။

play

 

Food chain လို့ခေါ်တဲ့ အစားအစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေသူကတော့ လူသားမျိုးနွယ်ပါ။ လူသားမျိုးနွယ်ဟာ အစုံစားသတ္တဝါတွေဖြစ်ပြီး အသက်ရှင် ရပ်တည်နိုင်မှုအတွက်သာမက အရသာခံနိုင်ဖို့အတွက်ပါ တခြားသတ္တဝါတွေကို သတ်ဖြတ်စားသုံးကြပါတယ်။ လူသားမျိုးနွယ်ဟာ ကမ္ဘာပေါ်က သတ္တဝါတွေထဲမှာ ခွန်အားအကြီးဆုံး မဟုတ်ပေမယ့် ဉာဏ်အရှိဆုံးဖြစ်တဲ့အတွက် တခြားသတ္တဝါတွေကို သတ်ဖြတ်စားသုံးပြီး ရှင်သန်ရပ်တည် နိုင်ကြပါတယ်။ လူသားမျိုးနွယ်စု စားသုံးကြတဲ့ အစားအစာတွေထဲမှာ သာမန်ထက်ထူးဆန်းတဲ့ အစားအစာတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့....

၁။ Esamoles (မက္ကစီကန်)

play
 

Escamoles ဆိုတာကတော့ မက္ကစီကန်အစားအစာ တစ်မျိုးဖြစ်ပြီး အဆိပ်ရှိတဲ့ ပုရွက်ဆိတ်တစ်မျိုးရဲ့ ပိုးလောင်းလေးတွေပဲ ဖြစ်ပါတယ်။ အဲဒီပုရွက်ဆိတ်တွေဟာ သူတို့ရဲ့ဥတွေကို မက္ကစီကန်နိုင်ငံမှာ အလေ့ကျပေါက်ရောက်တဲ့ ရှားစောင်းလက်ပတ်ကြီးပင် (သင်္ဘောနာနတ်ပင်လို့လည်းခေါ်) ရဲ့ အမြစ်အောက်မှာ ဝင်ဥလေ့ရှိကြပါတယ်။

အဲဒီပုရွက်ဆိတ်ဥတွေက ထွက်လာတဲ့ သားလောင်းလေးတွေဟာ ဒိန်ခဲပျော့နဲ့ အရသာဆင်တူပြီး အရသာခပ်စိမ့်စိမ့်လေး ရှိတယ်လို့ ဆိုကြပါတယ်။ မက္ကစီကန်လူမျိုးတွေကတော့ ဒီအစားအစာကို taco (မက္ကစီကန် ကော်ပြန့်လိပ်) ထဲမှာဖြစ်ဖြစ်၊ ကြက်ဥမွှေကြော် ထဲမှာဖြစ်ဖြစ် ထည့်သွင်းစားသုံးကြပါတယ်။

၂။ Shirako (ဂျပန်)

play
 

Shirako ကတော့ ဂျပန်အစားအစာတစ်မျိုးပါ။ အပေါ်ယံကြည့်လိုက်ရင်တော့ ကြေးအိုးထဲမှာထည့်တဲ့ ဝက်ဦးနှောက်လိုလို၊ ဘာလိုလိုပါပဲ။ နောက်ပြီး Shirako ဆိုတဲ့ စကားလုံးဟာ ဂျပန်ဘာသာမှာတော့ "ကြက်ဖြူကလေး" လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီအစားအစာက ကြက်သား၊ ဝက်သားတွေနဲ့ ဘာမှမဆိုင်ပါဘူး။

တကယ်တမ်းကျတော့ ဒီအစားအစာဟာ ငါးကြီးဆီထုတ်တဲ့ ပင်လယ်ငါးကြီး (သို့) ပင်လယ်ငါးရိုင်းရဲ့ သုက်ရည်အိတ်ကိုထုတ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရသာကတော့ ချိုမြိန်ပြီး ကြက်ဥနို့ပေါင်းအရသာနဲ့ ဆင်တယ်လို့ ဆိုကြပါတယ်။

၃။ တူနာငါးမျက်စိ (ဂျပန်)

play
 

ဂျပန်နိုင်ငံမှာတော့ တူနာငါးနဲ့ ပတ်သက်လာရင် မလိုအပ်ဘူးဆိုတဲ့ အစိတ်အပိုင်း မရှိပါဘူး။ တူနာငါးရဲ့ မျက်စိကိုတောင် ဖောက်ထုတ်ပြီး စူပါမားကက်တွေမှာ ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းချကြပါတယ်။ တူနာငါးမျက်စိကို ချက်ပြုတ်မယ်ဆိုရင် ရေနွေးအိုးထဲ ထည့်ပြုတ်လိုက်ရုံပါပဲ။ ပြီးရင် ကြက်သွန်ဖြူဆော့စ် (သို့) ပဲငံပြာရည်နဲ့ တွဲဖက်စားသုံးရတာပါ။ အရသာကတော့ ပြည်ကြီးငါးနဲ့ နည်းနည်းဆင်ပါတယ်။

 

၎။ Balut (ဖိလစ်ပိုင်)

play
 

Balut ဆိုတဲ့ ဖိလစ်ပိုင်အစားအစာကတော့ သားလောင်းလေး တစ်ဝက်တစ်ပျက် အကောင်ပေါက်နေပြီဖြစ်တဲ့ ဘဲဥတစ်မျိုးပါပဲ။ အဲဒါကိုမှ အရှင်လတ်လတ် ရေနွေးနဲ့ပြုတ်ပြီး ဆား၊ ငရုပ်သီး၊ ရှာလကာရည်တို့နဲ့ တို့စားရတာပါ။ စားမယ်ဆိုရင် ဘဲဥခွံရဲ့ ထိပ်ကို အပေါက်သေးသေးလေး အရင်ဖောက်ပြီး အထဲကအရည်ကို အရင်စုပ်သောက်ရပါတယ်။ ပြီးမှ အထဲက ဘဲပေါက်လေးကို ပါးစပ်ထဲ လောင်းထည့်ပြီး စားရတာပါ။

၅။ ပင့်ကူကြွပ်ကြွပ်ကြော် (ကမ္ဘောဒီးယား)

play
 

လူတချို့ပဲ တာရန်ကူလာ ပင့်ကူကြီးကိုကြည့်ပြီး "စားချင်လိုက်တာ" လို့ တွေးမိမှာပါ။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံက ခမာလူမျိုးတွေကတော့ ပင့်ကူတွေကိုဖမ်းပြီး ကြော်စားတတ်ကြပါတယ်။ အံ့သြဖို့ကောင်းတာတစ်ခုက ဒီအစားအစာဟာ နာမည်ကျော်ကြားလာပြီး အခုဆိုရင် နိုင်ငံတဝှမ်းမှာ ကြွပ်ကြွပ်ကြော်ထားတဲ့ မုန့်ပဲသရေစာ တစ်မျိုးအဖြစ် ရောင်းချနေကြပါတယ်။ အရသာကတော့ ဂဏန်းနဲ့ နည်းနည်းဆင်ပါတယ်။

၆။ ပုရွက်ဆိတ်ဥ စွပ်ပြုတ် (လာအို)

play
 

ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး စွပ်ပြုတ်တွေထဲက တစ်ခုဖြစ်တဲ့ Gaeng Kai Mot Daeng ကတော့ ပုရွက်ဆိတ်ဥတွေနဲ့ ပုရွက်ဆိတ်ဖြူ တစ်မျိုးရဲ့ သားလောင်းပေါက်လေးတွေကို ရောပြီး ကြိုထားတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အစာအိမ်ကသာ လက်ခံနိုင်မယ် ဆိုရင်တော့ အရသာကတော့ ထူးခြားကောင်းမွန်တယ်လို့ ဆိုပါတယ်။ ပုဇွန်အရသာနဲ့ နည်းနည်းဆင်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: Rougeguide

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD