ဒီခေတ်ကြီးထဲမှာ ဆူရှီ (sushi) ဆိုတဲ့ ဂျပန်ရေညှိထမင်းလိပ်ကို မစားဖူးသူတော့ ရှိမယ်မထင်ပါဘူး။ ဆူရှီဟာ ထမင်းဖြူကို တူနာငါးတို့၊ ကြက်ဥကြော်တို့လို အစားအစာတွေသွပ်ပြီး ရေညှိနဲ့ လိပ်ထားတာပါ။ ဆူရှီနဲ့ ပုံသဏ္ဍာန်ချင်းဆင်တူတဲ့ ကိုရီးယား အစားအစာတစ်မျိုးလည်း ရှိပါတယ်။ အဲဒါကတော့ gimbap (ကိုရီးယား ရေညှိထမင်းလိပ်) ပါပဲ။ ဆူရှီနဲ့ ဂင်ဘတ် ဘာကွဲလဲဆိုတော့ ဆူရှီက ရှာလကာရည်သုံးပြီး ဂင်ဘတ်က နှမ်းဆီသုံးပါတယ်။ နောက်ပြီး အထဲမှာထည့်တဲ့ ဋ္ဌာပနာလည်း ကွဲပြားပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားစတိုင်လ် ရေညှိထမင်းလိပ် လုပ်နည်းလေးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်နော်။

play

 

ကိုရီးယားရေညှိထမင်းလိပ် ပြုလုပ်ဖို့အတွက် အရင်ဆုံး မီးကင်ထားတဲ့ ရေညှိစက္ကူ (၅) ရွက်၊ ထမင်းဖြူ (၄) ခွက်ခန့် (ရှမ်းဆန် စေးစေးလေးဆို ပိုကောင်း)၊ အမဲမိုးခိုသား ပေါင်ဝက်ခန့်၊ မုန်လာဥနီ အကြီးတစ်လုံး၊ ဆားရည်စိမ် မုန်လာဥအဝါရောင် (၅) ချောင်းခန့်၊ ဟင်းနုနွယ်ရွက် (၈) အောင်စခန့်၊ ကြက်ဥ (၃) လုံး၊ ကြက်သွန်မြိတ် (၃) ပင်၊ ပဲငံပြာရည် (၂) ဇွန်း၊ သကြား (၂) ဇွန်း၊ ဆား (၁) ဇွန်းခွဲ၊ နှမ်းဆီ (၂) ဇွန်းခွဲနဲ့ ဟင်းသီးဟင်းရွက်ဆီတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ထမင်းဖြူကို ဇလုံတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် ဆားဇွန်းဝက်ခန့်နဲ့ နှမ်းဆီ (၂) ဇွန်းတို့ကို ထမင်းဖြူပေါ်မှာ ဆမ်းပေးပြီး နယ်ထားပေးလိုက်ပါ။ ပြီးရင် ဘေးဖယ်ပြီး ခဏအအေးခံ ထားပေးလိုက်ပါ။

ဟင်းနုနွယ်ရွက်ပြုတ်ရယ်၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်နှစ်ပင်ရယ်၊ ဆား ဇွန်းဝက်ခန့်ရယ်၊ နှမ်းဆီနှစ်ဇွန်းရယ်ကို ဇလုံတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ပြီးရင်သမအောင် ရောနယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲမှာ အချောင်းလေးတွေဖြစ်အောင် လှီးထားတဲ့ အဝါရောင်မုန်လာဥဆားရည်စိမ်နဲ့ တွဲထားလိုက်ပါ။

play

 

ပြီးရင်တော့ မုန်လာဥနီကို ကိုင်ပါမယ်။ မုန်လာဥနီကို မီးခြစ်ဆံအရွယ် အချောင်းလေးတွေဖြစ်အောင်လှီးပြီး (သို့) ခြစ်နဲ့ခြစ်ပြီး ပန်းကန်တစ်လုံးထဲမှာ ဆားအနည်းငယ်နဲ့ရောနယ်ပြီး ထည့်ထားပေးလိုက်ပါ။ (၅) မိနစ် (၁၀) မိနစ်လောက်တော့ အအေးခံထားလိုက်ပါဦး။ ပြီးရင် ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းရွက်ဆီကို အပူပေးထားနိုင်ပါပြီ။

အမဲမိုးခိုသားကို steak ပုံစံကင်ပြီး ရလာတဲ့ အသားကင်ကို အမြှောင်းရှည်လေးတွေဖြစ်အောင် လှီးထားလိုက်ပါ။ (အမြှောင်းရှည်ဖြစ်မှ ထမင်းထဲရောလိပ်လို့ရမှာကိုး) ပြီးရင်ရလာတဲ့ အမဲကင်အမြှောင်းလေးတွေကို ပန်းကန်တစ်လုံးထဲ ထည့်လိုက်ပါ။ အမဲကင် အပေါ်ကနေမှ ပဲငံပြာရည်ရယ်၊ ကြက်သွန်ဖြူထောင်းထားတာရယ်၊ ငရုပ်ကောင်းမှုန့်ရယ်၊ သကြား (၂) ဇွန်းရယ်၊ နှမ်းဆီ (၂) ဇွန်းရယ်ကို ဆမ်းပေးလိုက်ပါ။

play

 

ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံး သမသွားအောင် လက်နဲ့ပဲ နယ်ပေးလိုက်ပါ။ ပြီးရင်ဘေးခဏဖယ်ထားပြီး ကြက်ဥကြော်လှီးဖို့ ပြင်ဆင်ရပါမယ်။

ကိုရီးယားရေညှိထမင်းလိပ်ရဲ့ အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်မျိုးကတော့ ကြက်ဥကြော်ပါပဲ။ ကြက်ဥသုံးလုံးခန့်ကိုခွဲပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ဖောက်ထည့်ထားလိုက်ပါ။ ပြီးရင် ဆားအနည်းငယ်ကိုလည်း ရောထည့်လိုက်ပါ။ ဇွန်းတစ်ချောင်းနဲ့ သမအောင်ခေါက်ပြီးပြီဆိုရင်တော့ ဆီအပူပေးထားတဲ့ ဒယ်အိုးပြားတစ်လုံးထဲကို လောင်းထည့်လိုက်ပါ။ ကြက်ဥကြော်ရဲ့ပုံသဏ္ဍာန်က လှလှပပထွက်လာဖို့ အရေးကြီးတဲ့အတွက် သစ်သားယောက်မတစ်ချောင်းနဲ့ အကျက်ညီအောင် လိုက်ညှိပေးပါ။

 

အောက်ခြေကျက်လောက်ပြီထင်ရင် ထက်အောက် ပြောင်းပြန်လှန်ပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်ပြီး ကြက်ဥကြော်ကို ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပေးလိုက်ပါ။ (ဒီနေရာမှာ ကြက်ဥကြော်ကို အဝါရောင်သမ်းရုံလောက်ပဲ ကြော်ရပါမယ်။ ရွှေအိုရောင်သမ်းသည်အထိ ကြော်လို့မရပါ။) ပြီးရင်ကြက်ဥကြော်ကိုလည်း လက်မဝက်အရွယ် အမြှောင်းလေးတွေ ဖြစ်အောင်လှီးပြီး ဟင်းနုနွယ်ရွက်တို့၊ မုန်လာဥနီတို့ ထည့်ထားတဲ့ ပန်းကန်ထဲမှာပဲ ရောထည့်လိုက်ပါ။

နောက်ဆုံးအဆင့်ကတော့ ခုနကဖယ်ထားတဲ့ အမဲကင်ကို ဒယ်အိုးပြားထဲထည့်ပြီး ဆီပါးပါးလေးနဲ့ ပြန်ကြော်ဖို့ပါပဲ။ ခဏလောက်အပူပေးလိုက်ရင် ရဲတက်လာပြီး အသင့်စားရုံ အနေအထား ရောက်သွားမှာပါ။ ဒါဆိုရင်တော့ ရေညှိထမင်းလိပ်ကို စလိပ်လို့ရပါပြီ။

play

 

ထမင်းလိပ်လိပ်ရင်သုံးတဲ့ ဝါးယင်းလိပ်ပေါ်မှာ ရေညှိတစ်ရွက်ကို အရင်ခင်းလိုက်ပါ။ ရေညှိပေါ်မှာမှ ထမင်းဖြူကို တင်လိုက်ပါ။  ထမင်းဖြူကို ရေညှိတစ်ရွက်လုံးပေါ်မှာ ညီညီညာညာပြန့်သွားအောင် သစ်သားယောက်မလေးနဲ့ပဲ လိုက်ညှိပေးလိုက်ပါ။ ပြီးရင် အမဲသားရယ်၊ မုန်လာဥနီရယ်၊ အဝါရောင်မုန်လာဥဆားရည်စိမ်ရယ်၊ ကြက်ဥကြော်ရယ်၊ ဟင်းနုနွယ်ရွက်ရယ်ကို ထမင်းဖြူအလည်ခေါင်မှာ တင်ပေးလိုက်ပါ။

ပြီးရင်တော့ လက်နှစ်ဖက်နဲ့ ဝါးယင်းလိပ်လေးကို အသာလေးလိပ်ပေးနိုင်ပါပြီ။ အလည်ခေါင်ကဋ္ဌာပနာ အပြင်ထွက်မကျအောင်တော့ သတိထားပေးပါ။ ရေညှိထမင်းလိပ်လေး သပ်သပ်ရပ်ရပ်ဖြစ်သွားပြီရင်တော့ ဝါးယင်းလိပ်ကို တင်းနေအောင် တစ်ချက်ညှစ်ပေးလိုက်ပြီး ရေညှိထမင်းလိပ်ချောင်းလေးကို ထုတ်ယူနိုင်ပါပြီ။ ပြီးရင်တော့ တစ်ကိုက်စာ အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပေါ့။

play

 

အထက်ပါလုပ်ဆောင်မှုအတိုင်း ကျန်နေသေးတဲ့ ထမင်းနဲ့ ဋ္ဌာပနာတွေကို ရေညှိထမင်းလိပ်လေးတွေအဖြစ် လိပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုရီးယား ရေညှိထမင်းလိပ် လုပ်ဆောင်ပုံက ပြီးပါပြီ။ ရလာတဲ့ ထမင်းလိပ်တုံးလေးတွေကို ထမင်းဘူးထဲမှာ ထည့်ယူသွားပြီးပဲဖြစ်ဖြစ်၊ မိမိရဲ့ချစ်သူခင်သူတွေကို ခေါ်ကျွေးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

Source: Maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video