ဆောင်းဝင်လာပြီဆိုတော့ ပူပူစပ်စပ် အစားအစာလေးတွေကိုပဲ တောင့်တနေမိပါလိမ့်မယ်။ ဆောင်းတွင်းမှာ ပရိုတိန်းဓာတ်လည်း ပြည့်ဝချင်တယ်။ အားလည်းရှိချင်တယ်။ ပူပူစပ်စပ် အရသာလေးကိုလည်း တောင့်တတယ်ဆိုတဲ့ လူတွေအတွက် ကိုရီးယားစတိုင်လ် ပူပူစပ်စပ်ကြက်ကြော်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ လုပ်ဆောင်ရတာလည်း လွယ်ကူပြီး အရသာရှိတဲ့ ကြက်ကြော်လေးကို အချိန်တိုအတွင်း ရရှိစေမှာဆိုတော့ ပူပူစပ်စပ်ကြိုက်တတ်တဲ့သူတွေ ဆက်ဖတ်ကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား (၁.၅) ဂရမ် ( (၃) ပေါင်ခွဲခန့်)၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ အာလူးကစီမှုန့်၊ ဂျုံမှုန့်၊ ဆန်မှုန့်အချို၊ ကြက်ဥ၊ မုန့်ဖုတ်ဆိုဒါမှုန့်၊ ဟင်းရွက်ဆီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးဆော့စ်၊ ငရုပ်သီးအနှစ်၊ ဆန်နှစ်ရည်၊ ပန်းသီးရှာလကာရည်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ကြက်သားတုံးလေးတွေကို ရေအေးထဲမှာ ထည့်ပြီးဆေးကြောလိုက်ပြီး ဇလုံတစ်လုံထဲမှာ ရေစစ်ထားလိုက်ပါ။ (ဒီနေရာမှာ ရင်အုပ်သားနဲ့ တောင်ပံတွေကို အသုံးပြုနိုင်ပါတယ်။) ပြီးရင် ငရုပ်ကောင်းမှုန့်နဲ့ ဆားကို လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစီခန့် ကြက်သားဇလုံထဲ ရောထည့်လိုက်ပါ။

သမအောင်နယ်ပြီးရင် အာလူးကစီမှုန့် ခွက်ဝက်ခန့်၊ ဂျုံမှုန့် ခွက်ဝက်ခန့်၊ ဆန်မှုန့်အချို (၁/၄) ခွက်ခန့်၊ မုန့်ဖုတ်ဆိုဒါမှုန့် (၁)ဇွန်းခန့်နဲ့ ကြက်ဥတစ်လုံးခန့်တို့ကို ကြက်သားထဲဖောက်ထည့်လိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်း အားလုံးကို သမအောင်ရောမွှေပေးလိုက်ပါ။

play

 

ကြက်သားကြော်ဖို့အတွက် ဆီပူပေးဖို့ အချိန်ကျပါပြီ။ ဟင်းသီးဟင်းရွက်ဆီ (၆) ခွက်ခန့်ကို ဒယ်အိုးထဲထည့်ပြီး အရင်အပူပေးလိုက်ပါ။ (၈) မိနစ်ခန့်ကြာအောင် အပူပေးပြီးပြီဆိုရင် ဆီပူလောက်ပါပြီ။ ဆီပူထဲကို ကြက်သားတုံးလေးတစ်တုံး စမ်းထည့်ကြည့်ပြီး ပူဖောင်းလေးတွေ ထလာပြီဆိုရင်တော့ တစ်တုံးပြီးတစ်တုံး ထည့်ကြော်နိုင်ပါပြီ။ ကျက်လောက်ပြီထင်ရင်တော့ တစ်တုံးချင်းစီ ပြန်ဆယ်ပြီး ဇကာတစ်လုံးထဲမှာ ဆီစစ်ထားလို့ရပါတယ်။

နှစ်ခါပြန်ကြော်နည်း

play
 

ကိုရီးယားကြက်ကြော်ရဲ့ လျှို့ဝှက်ချက်က နှစ်ခါပြန်ကြော်ခြင်းပေါ်မှာ မူတည်နေပါတယ်။ ကြွပ်ရွနေမှသာ စားလို့ပိုကောင်းမှာကိုး။ ခုနကကြော်ပြီးတဲ့ ကြက်ကြော်တွေကို မိနစ်အနည်းငယ်ကြာအောင် ဆီစစ်ပြီးရင် ဆီပူထဲပြန်ထည့်ပြီး ကြော်ပေးလိုက်ပါ။ ကြက်ကြော်တုံးလေးတွေ ရွှေအိုရောင်သမ်းပြီး ကြွပ်ရွနေသည်အထိ နှစ်ထပ်ပြန်ကြော်ပေးလိုက်ပါ။ ပြီးရင် ကြက်ကြော်တုံးလေးတွေကို ဇလုံတစ်လုံထဲမှာ ထည့်ထားပေးလိုက်ပါ။ ကြက်ကြော် ကြော်လို့ပြီးရင်တော့ ကိုရီးယားကြက်ကြော်ကို တမူထူးခြားစေတဲ့ ဆော့စ်ကို ဖန်တီးနိုင်ပါပြီ။

ဆော့စ်ဖန်တီးဖို့အတွက် အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ကြက်သွန်ဖြူ လေးတောင့်ခန့်ကို ညက်အောင်ထောင်းပြီး အပူပေးလိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီးဆော့စ် (၁/၃) ခွက်ရယ်၊ ဆန်အနှစ်ရည် (၁/၃) ခွက်ရယ်၊ ငရုပ်သီးအနှစ် (၁/၄) ခွက်ရယ်ကို ရောထည့်လိုက်ပါ။ ပြီးရင်တော့ ပန်းသီးရှာလကာရည် နည်းနည်းလောက် အပေါ်ကအုပ်ပြီး (၇) မိနစ်ခန့်ကြာအောင် ချက်ထားပေးလိုက်ပါ။

play

 

(၇) မိနစ်ကြာရင်တော့ မီးပိတ်ပြီး ကြက်ကြော်ပန်းကန်ထဲကို လောင်းထည့်ပေးလိုက်ပါ။ ဆော့စ်နဲ့ ကြက်ကြော် သမအောင် မွှေပေးဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ စားတဲ့အချိန်မှာ အရသာကညီပြီး စားလို့ကောင်းနေမှာပါ။ နောက်ဆုံးတစ်ချက်အနေနဲ့ အပေါ်ကနေ နှမ်းစေ့လေးနည်းနည်း ဖြူးပေးလိုက်ရင်တော့ ပူပူစပ်စပ် ကိုရီးယားစတိုင်လ်ကြက်ကြော်လေးကို ရရှိပါပြီနော်။

Source: Maangchi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video