AD
AD
AD

အာလူးကြော်ဟာ ကယ်လိုရီများပေမယ့် လူကြိုက်အများဆုံး မုန့်ပဲသရေစာတစ်မျိုးထဲမှာ ပါဝင်ပါတယ်။ ရုံးဆင်းချိန်မှာ ကော်ဖီလေးတစ်ခွက်ဖျော်၊ အာလူးကြော်ထုပ်လေးကိုင်ပြီး တီဗီရှေ့သွားထိုင်ရတာကိုက အရသာတစ်ခု မဟုတ်ပါလား။ ဒီတစ်ခါမှာတော့ အာလူးကြော်ကို ကြော်နေကျပုံစံအတိုင်း ပါးပါးလှီးပြီးမကြော်ဘဲ တုတ်ထိုးပြီး ကြောင်လိမ်လှေကားပုံဖော်ပြီး ကြော်နည်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အိမ်မှာ Oven ရှိရင်တော့ Oven ထဲ ထည့်ကြော်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ အရွယ်တော်အာလူး (၂) လုံး၊ ထောပတ် လက်ဖက်ရည်ဇွန်း (၄) ဇွန်းခန့်၊ ဒိန်ခဲအမှုန့် (၁) ခွက်၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်ခန့်၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်းခန့်၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ ဆား (၁) ဇွန်းခန့်နဲ့ တရုတ်နံနံအနည်းငယ် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

 

မုန့်ဖုတ်ဖိုကို (၁၆၀) ဒီဂရီစင်တီဂရိတ် အပူချိန်လောက်ဖြစ်အောင် အပူကြိုပေးထားလိုက်ပါ။ ပြီးရင် အာလူးတစ်လုံးကို တူတစ်ချောင်း (မိမိနှစ်သက်ရာ တုတ်ချောင်းတစ်ချောင်း) နဲ့ တုတ်ချင်းဖောက်ထိုးလိုက်ပြီး ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်သွားအောင် ထိုးပေးလိုက်ပါ။ ပြီးရင် ဓားထက်ထက်တစ်လက်ကိုယူလိုက်ပြီး ထိပ်နှစ်ဘက်ကို အရင်လှီးထုတ်ပေးလိုက်ပါ။ ပြီးရင် ဓားလေးနဲ့ အရာပေးပြီး ခပ်စောင်းစောင်းလေး လှီးပေးလိုက်ပါ။ (ဗီဒီယိုဖိုင်တွင် ဝင်ကြည့်နိုင်ပါသည်။)

play

 

အာလူးကိုလှီးရာမှာ အောက်ကတူကိုလိုက်လှည့်ပေးနေရင်း ဆန့်ကျင်ဘက်ဦးတည်ချက်အတိုင်း ဓားရာလိုက်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အာလူးကို တူရဲ့အရှည်နီးပါးထိရောက်အောင် အသာလေးဆွဲဆန့်ပေးလိုက်ပါ။ ဒီအဆင့်ပြီးရင် အာလူးတုတ်ထိုးလေးက စပရိန်ပုံစံဖြစ်သွားရမှာပါ။

ပြီးရင်တော့ ထောပတ်ကို အရည်ပျော်အောင် အပူနည်းနည်းပေးပြီး ရလာတဲ့ ထောပတ်ရည်နဲ့ အာလူးတစ်လုံးလုံးနဲ့ ကြားတွေပါမကျန် သေချာနှံ့နှံ့စပ်စပ် လိုက်သုတ်ပေးပါ။ ပန်းကန်တစ်လုံးထဲမှာတော့ ဒိန်ခဲမှုန့်ရယ်၊ ငရုပ်ကောင်းမှုန့်ရယ်၊ ကြက်သွန်ဖြူမှုန့်ရယ်၊ ငရုပ်သီးမှုန့်ရယ်၊ ဆားရယ်ကို ရောပေးလိုက်ပါ။ ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် မွှေပေးပြီးရင်တော့ အာလူးတုတ်ထိုးပေါ်မှာ နှံ့စပ်အောင် ဖြူးပေးလိုက်ပါ။ အာလူးနောက်တစ်လုံးကိုလည်း အထက်ပါအဆင့်တွေအတိုင်း လုပ်ပေးလိုက်ပါ။

play

 

ပြီးရင်တော့ အာလူးတုတ်ထိုးနှစ်လုံးကို မုန့်ဖုတ်ပြားပေါ်မှာတင်ပြီး မုန့်ဖုတ်ဖိုထဲကို ထည့်လိုက်ပါ။ မိနစ် (၃၀) လောက်ကြာရင်တော့ ကျက်လောက်ပါပြီ။ ပြီးရင်အပေါ်ကနေ ငရုပ်သီးမှုန်နဲ့ တရုတ်နံနံကို ပါးပါးလှီးထားတာကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ အရသာရှိပြီး လှပတဲ့ အာလူးတုတ်ထိုးလေးကို သုံးဆောင်နိုင်ပါပြီ။

ဒီနေရာမှာ မုန့်ဖုတ်ဖို (Oven) မရှိပါက ဆီနဲ့ကြော်ပေးလို့လည်း ရပါတယ်။

Source: BuzzFeed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD