တို့ဟူးကြော်ကို အလည်ကရင်ခွဲပြီး အထဲမှာ ထမင်းသွပ်ထားတာပါ။

ဒီနေ့မှာတော့ ကျောင်းတက်နေတဲ့ ကလေးတွေအတွက် ထမင်းချိုင့်ထဲမှာ ဘာဟင်းထည့်ပေးရမလဲ စိတ်ပူနေတဲ့ မိခင်တွေအတွက်၊ ကလေးက ဟင်းပဲစားပြီး ထမင်းမစားလို့ အာဟာရဓာတ် မပြည့်ဝမှာ စိတ်ပူနေတဲ့ မိဘတွေအတွက်၊ ရုံးချိန်နောက်ကျနေလို့ ထမင်းချိုင့်ထဲမှာ လွယ်ကူလျင်မြန်တဲ့ အစားအစာတစ်နပ်ကို ထည့်သွားချင်တဲ့ ရုံးဝန်ထမ်းတွေအတွက် လုပ်ရတာလည်းလွယ်ကူပြီး စားလို့လည်းကောင်းတဲ့ ကိုရီးယားစတိုင်လ်ဟင်းလျာလေးတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဲဒါက တို့ဟူးကြော်အစာသွပ်ပါပဲ။

 

တို့ဟူးကြော်အစာသွပ်ဆိုလို့ တွေ့နေကျ တို့ဟူးကြော်ထဲမှာ ဂေါ်ဖီတို့၊ ငရုပ်သီးတို့နဲ့ အစာသွပ်ထားတာမျိုးကို ပြေးမမြင်လိုက်ပါနဲ့ဦး။ ဒီနေ့ဖော်ပြပေးမှာက တို့ဟူးကြော်ကို အလည်ကရင်ခွဲပြီး အထဲမှာ ထမင်းသွပ်ထားတာပါ။ ဒီတော့ ထမင်းများများစားဖြစ်သလို ဒီတို့ဟူးအစာသွပ်လေး (၁၀) ခုလောက်ကို ဆူရှီစားရင်တို့စားတဲ့ ပဲငံပြာရည် အကြည်လေး ဒါမှမဟုတ် မိမိနှစ်သက်ရာဆော့စ် တစ်မျိုးနဲ့ တို့စားလိုက်တာနဲ့ နေ့လည်စာတစ်နပ်အတွက် စိတ်အေးရပြီပေါ့။

ပါဝင်ပစ္စည်းများ

veg1-620x513.jpg 

ပါဝင်ပစ္စည်းတွေကတော့ တို့ဟူးအနည်းငယ်၊ နှမ်းစေ့၊ ထမင်း (ရှမ်းဆန်စေးစေးလေး)၊ နှမ်းဆီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည် (သို့) မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုး တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

end2-620x413.jpg 

အရင်ဆုံး ထမင်းအိုးတည်ရမှာပါ။ ရှမ်းဆန်စေးစေးလေး နို့ဆီဘူးတစ်လုံးစာလောက်ဆိုရင် တို့ဟူးအစာသွပ် တစ်ယောက်စာအတွက် ကောင်းကောင်းလုံလောက်ပါတယ်။ ထမင်းအိုးတည်ထားတုန်း တို့ဟူးကြော် ကြော်ဖို့အတွက် ပြင်ဆင်နိုင်ပါပြီ။ ဒယ်အိုးတစ်လုံးထဲမှာ နှမ်းဆီကို (၂) လက်မလောက်ထည့်ပြီး အပူချိန် mediumm high လောက်နဲ့ အပူပေးလိုက်ပါ။ တို့ဟူးကြော်ဖို့အတွက် တို့ဟူးတုံးလေးတွေကို တြိဂံပုံစံအတုံးလေးတွေ ဖြစ်အောင် လှီးပေးလိုက်ပါ။

ဒီနေရာမှာ တို့ဟူးရဲ့အရွယ်အစားက မထူလွန်း၊ မပါးလွန်းဖြစ်ရမှာပါ။ နောက်ပြီးအသုံးပြုမယ့် တို့ဟူးအသားကလည်း အရမ်းမပျော့လွန်းဘဲ မာဆတ်ဆတ်လေး ဖြစ်နေရမှာပါ။ တို့ဟူးကိုမကြော်ခင် ရေစင်အောင်လည်း တစ်ရှူးစလေးနဲ့ လိုက်သုတ်ပေးလိုက်ပါဦး။ ပြီးရင်တော့ တို့ဟူးစကြော်နိုင်ပါပြီ။

တို့ဟူးတုံးလေးတွေကို ဆီပူထဲမှာ တစ်တုံးချင်းစီအသာလေး လိုက်ချလိုက်ရုံပါပဲ။ မိနစ်အနည်းငယ်ကြာရင် အကျက်ညီအောင်လို့ ထက်အောက်ပြန်လှန်ပေးဖို့လည်း လိုပါသေးတယ်။ တို့ဟူးတုံးလေးတွေ အကျက်ညီပြီဆိုရင်တော့ ဒယ်အိုးထဲက အသာလေး ဆယ်ထုတ်ပေးနိုင်ပါပြီ။ ပြီးရင်တော့ ဆီစစ်ရမှာပါ။ ပန်းကန်တစ်ချပ်ထဲမှာ စက္ကူတစ်ရှူးစလေးတွေခင်းပြီး တို့ဟူးကြော်ကို ဆီစုပ်အောင် ဆီစစ်ပေးရမှာပါ။ ဆီစစ်ပြီးတဲ့ တို့ဟူးကြော်တွေကို ပန်းကန်ပြားတစ်ချပ်ထဲမှာ အသာဖယ်ထားလိုက်ပါ။

 

အစာသွပ်ဖို့အတွက် ဋ္ဌာပနာကို စီစဉ်ရမှာပါ။ မုန်လာဥနီရယ်၊ ကြက်သွန်နီရယ်၊ ပန်းဂေါ်ဖီရယ်ကို ရေစင်အောင်ဆေးပြီး ဓားနဲ့နုတ်နုတ်စင်းပေးရမှာပါ။ ရလာတဲ့ ဟင်းသီးဟင်းရွက်တွေကို ဒယ်အိုးပြားတစ်ချပ်ထဲမှာ ဆီပူထိုးပေးရပါမယ်။ ဟင်းသီးဟင်းရွက်ကြော် ကျက်သွားပြီဆိုရင်တော့ ဟင်းသီးဟင်းရွက်ကြော်ကို ထမင်းရယ်၊ ရှာလကာရည်ရယ်၊ နှမ်းစေ့အနည်းငယ်ရယ်နဲ့ ရောပြီး ပန်းကန်ပြားတစ်ချပ်ထဲမှာ နယ်ထားပေးလိုက်ပါ။ ဒါဆိုရင် ဋ္ဌာပနာလုပ်လို့ပြီးပါပြီ။

 

တို့ဟူးကြော်လေးတွေကိုယူပြီး ဓားဦးချွန်နဲ့ ရင်ခွဲပေးလိုက်ပါ။ ပြီးမှ ခုနကလုပ်ထားတဲ့ ဋ္ဌာပနာနဲ့ တို့ဟူးကြော်လေးတွေကို လိုက်ထည့်ပေးလိုက်ပါ။ အဲဒီနေရာမှာ တို့ဟူးကြော်နဲ့ ဋ္ဌာပနာ အံဝင်ခွင်ကျဖြစ်ပြီး အပြင်ထွက်မကျအောင် သေချာလုပ်တတ်ဖို့ လိုပါတယ်။ ပြီးရင်တော့ လွယ်ကူလျင်မြန်တဲ့ တို့ဟူးကြော်အစာသွပ် နေ့လည်စာလေးကို ရရှိသွားပြီပေါ့။ ပဲငံပြာရည်အကြည် (သို့) မိမိနှစ်သက်ရာ ဆော့စ်တစ်ခုခုနဲ့ တို့စားနိုင်ပါတယ်။

Source: Kfoodaddict

Share

Loading Next Article...
က္က