အိန္ဒိယအစားအစာတွေထဲမှာ အာလူးပူတီ (Aloo Puri) ကိုတော့ လူတိုင်းနီးပါး စားဖူးကြမယ်ထင်ပါတယ်။ ဆူးလေနားက ချစ်တီး ထမင်းဆိုင်တွေမှာ မနက်ခင်းစောစောမှာ လက်ဖက်ရည်ချို မွှေးမွှေးလေးတစ်ခွက်နဲ့ အာလူးပါတီ ပူပူလေးတစ်ပွဲကို ဆွဲလိုက်ရရင်ဖြင့် စလေဦးပုညပြောသလို "အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်ပြီ" ပေါ့။ ကျွန်တော့်လိုပဲ အာလူးပါတီကို နှစ်သက်သူတွေအတွက် အာလူးပူတီ လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ အာလူးဟင်းချက်ဖို့အတွက် အရွယ်တော်အာလူး ငါးလုံး (တုံးတစ်ပြီး နနွင်းမှုန့်နဲ့ ပြုတ်ထားပြီး)၊ ကြက်သွန်နီ အရွယ်တော် (၂) လုံး၊ ခရမ်းချဉ်သီး အရွယ်တော် (၃) လုံး၊ ငရုပ်သီးစိမ်း (၃) တောင့်၊ ဟင်းမွှေးရွက် (၅) ရွက်၊ နံနံပင် (နုတ်နုတ်စင်းပြီးသား) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်၊ မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ စမုန်စပါး လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ရှိန်းခိုမှုန့် လက်တစ်ကော်စာခန့်၊ ဂျင်းတစ်တောင့်ခန့်၊ ဆီ လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ ရေ လိုအပ်သလောက်တို့ပဲဖြစ်ပါတယ်။

အာလူးဟင်းနဲ့ တို့စားဖို့ မုန့်ချပ်လုပ်ဖို့အတွက်ကတော့ ဂျုံမှုန့်စစ်စစ် (၂) ခွက်၊ ဆားအနည်းငယ်၊ ဆီ (၁) ခွက်ခန့်၊ ရေအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

play
 

အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီကို လက်ဖက်ရည်ဇွန်းနဲ့ (၄) ဇွန်းခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလောက်ပြီဆိုရင် မုန်ညင်းစေ့ကို အရင်ထည့်လှော်ရမှာပါ။ မုန်ညင်းစေ့လေးတွေ အရောင်သမ်းလာပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ဟင်းမွှေးရွက်တို့ပါ ရောထည့်လိုက်ပါ။ ကြက်သွန်နီလေးတွေ ရွှေအိုရောင်သမ်းလာပြီဆိုရင်တော့ မီးကိုလျှော့လိုက်ပါ။

ခဏကြာရင်တော့ ခရမ်းချဉ်သီးကို ပါးပါးလှီးထည့်လိုက်ပြီး ခရမ်းချဉ်သီး ဆီသတ်လိုက်ပါ။ အဲဒီအချိန်မှာ နနွင်းမှုန့်နဲ့ရောပြုတ်ထားတဲ့ အာလူးကို ဇွန်းရှည်တစ်ချောင်းနဲ့ mash potato ဖြစ်အောင် ချေလိုက်ပါ။ ပြီးရင်တော့ ခရမ်းချဉ်သီး ဆီသတ်ထဲကို အာလူးရယ်၊ ဆားရယ်၊ ရေရယ်ကို ထည့်လိုက်ပါ။ ပြီးရင် (၃) မိနစ်ခန့် အပူဆက်ပေးထားလိုက်ပါ။

play

ဂျင်းတက်ကို အမှုန့်ကြိတ်ထားတာရယ်၊ နံနံပင်ကို နုတ်နုတ်စင်းထားတာရယ်၊ ရှိန်းခိုမှုန့်ရယ်ကိုပါ အပေါ်ကအုပ်ပေးလိုက်ပါ။ ဆူပွက်လာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ နောက်ထပ်ဒယ်အိုးပြား အသေးတစ်လုံးထဲမှာတော့ စမုန်စပါးစေ့ကို ဆီအနည်းနဲ့ ဆီပူထိုးပေးလိုက်ပါ။ အဲဒီစမုန်စပါးကိုလည်း အာလူးဟင်းထဲ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မိမိနှစ်သက်ရာ ခွက်တစ်ခွက်ထဲကို လှယ်ထည့်ထားပေးလိုက်ပါ။

ပြီးရင်တော့ မုန့်ချပ်လုပ်ဖို့အတွက် ဂျုံမှုန့်ကို ဆားနဲ့ရောနယ်ထားလိုက်ပါ။ ပြီးရင် မုန့်နှစ်ဖြစ်လာစေဖို့အတွက် ရေနည်းနည်းထပ်ရောပြီး နယ်ထားပေးလိုက်ပါ။ ပြီးရင်တော့ မုန့်နှစ်ကို အလုံးသေးသေးလေးတွေဖြစ်အောင် အရင်လုံးလိုက်ပါ။ ပြီးမှ အဲဒီမုန့်လုံးလေးတွေကို လက်ဝါးနဲ့ ပြားအောင်ဖိထားပေးလိုက်ပါ။ ဒယ်အိုးပြားတစ်လုံးထဲမှာတော့ medium high အပူချိန်နဲ့ ဆီအပူပေးထားလိုက်ပါ။

ဆီပူပြီဆိုတော့မှ မုန့်နှစ်လေးတွေကိုထည့်လိုက်ပြီး နှစ်ဖက်စလုံး ရွှေအိုရောင်သမ်းသွားအောင် ကြော်ပေးလိုက်ပါ။ ကျက်ပြီဆိုမှ ဆယ်ပြီး ခုနက အာလူးဟင်းနဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင် အရသာရှိတဲ့ အာလူးပူတီ မနက်စာလေးတစ်နပ်ကို ရရှိပြီပေါ့။

Source: Stylecraze

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video