St. John City Mall ဘက်ရောက်တုန်းလေး Ocean ထဲက ထမင်းသုပ်သွားဆွဲခဲ့တယ်လေ။

မနေ့ကတုန်းက အပြင်ရောက်တုန်းလေး St. John City Mall ဘက် ဝင်ခဲ့သေးတယ်။ အစကတော့ ဝင်ဖို့ စိတ်ကူးမရှိပါဘူး။ ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါ ဆိုတဲ့ event အတွက် ခရစ္စမတ်သစ်ပင်တွေ၊ decoration တွေ ပြင်ဆင်ထားတာလှလို့ ရောက်သွားတာ။ ဓာတ်ပုံလေးဘာလေး ရိုက်မယ်စိတ်ကူးတာပေါ့။

အေးလည်းသိပ်မအေး၊ ခရစ္စမတ် အငွေ့အသက်တွေလည်း ပျောက်ဆုံးနေတဲ့ ရန်ကုန်မြို့ကြီးမှာ (ဒီမနက်တော့ နည်းနည်းအေးသလိုပဲ :D) St. John City Mall ထဲရောက်မှပဲ ခရစ္စမတ် သီချင်းသံလေးတွေ၊ ခရစ္စမတ် theme လေးတွေနဲ့ ခရစ္စမတ်ရဲ့ အရသာကို အပြည့်အဝရတော့တယ်။

ဟိုငေး ဒီငေး ဟိုရိုက်ဒီရိုက် လုပ်လို့ပြီးတော့ ထုံးစံအတိုင်း အစာအိမ်က အချက်ပြလာပါတော့တယ်။ ပြတ်တုန်း လပ်တုန်း ၂၃ ဆိုပေမယ့် ၂၃ ရက်နေ့ မရောက်ခင်ကတည်းက ဘိုင်ပြတ်နေနှင့်သောအခါ အပေါ်ဆုံးထပ်က Food Court ကို မလှမ်းရဲတော့ပါဘူး။ အဲဒီကိုသွားမိရင် ကိုယ့်ဗီဇအရဆိုရင် အနည်းဆုံး ဆင်တစ်ကောင်ကတော့ ပြောင်သွားမှာလေ။ ဒါနဲ့ပဲ Ocean ထဲကို ခြေလှမ်းမိပါတော့တယ်။

Ocean Supercenter ထဲမှာက အစားအစာလေးတွေ စုံစုံလင်လင်ရှိတယ်လေ။ မြန်မာ့ရိုးရာ အစားအစာလေးတွေ၊ အသုပ်လေးတွေအပြင် ရှမ်းခေါက်ဆွဲတို့၊ ကွေ့တီယိုတို့လည်း ရနိုင်ပါသေးတယ်။ နေ့လည်စာကို အိမ်က ချက်ခဲ့ဖို့ မအားတဲ့ ရုံးဝန်ထမ်းတွေအတွက်လည်း မြန်မာထမင်း၊ ဟင်းလေးတွေကို သင့်တင့်မျှတတဲ့ တန်ဖိုးနဲ့ သန့်သန့်ရှင်းရှင်း ရောင်းပေးပါသေးတယ်။

ကိုယ်ကတော့ မြန်မာ ထမင်း၊ ဟင်းလည်း မစားချင်၊ ဗိုက်ကလည်း ဆာနေပြန်တော့ ခေါက်ဆွဲတွေဘက် ခြေဦးမလှည့်မိဘဲ ထမင်းသုပ်တန်းကိုပဲ လမ်းကြောင်းပြောင်းလိုက်ပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပါပဲ။ တချို့ကလည်း ဇလုံထမင်းလို့ ခေါ်ကြတဲ့ ထမင်းသုပ်လေးတွေက အမျိုးအစားစုံစုံလင်လင် ရရှိနိုင်ပါတယ်။

 

ငါးပိရည်ကျိုထမင်းသုပ်၊ ပဲပုတ်ထမင်းသုပ်၊ ချဉ်ပေါင်ကြော်ထမင်းသုပ်၊ အာလူးထမင်းသုပ်၊ ငပိထောင်းထမင်းသုပ်၊ ငပိကြော် ထမင်းသုပ်၊ မျှစ်ကြော်ထမင်းသုပ်၊ ငပိလက်ဖက်ထမင်းသုပ်၊ လက်ဖက်ထမင်းသုပ်နဲ့ ပုန်းရည်ကြီးထမင်းသုပ် ဆိုပြီး (၁၀) မျိုးရှိတဲ့အထဲက မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

ကျွန်တော်ကတော့ အာလူးထမင်းသုပ်နဲ့ ပုန်းရည်ကြီးထမင်းသုပ်ကိုပဲ ရွေးလိုက်တယ်။ အဲဒီနှစ်မျိုးကို ရွေးလိုက်တာလည်း အကြောင်းရှိတယ်ဗျ။

ပုန်းရည်ကြီးကတော့ အားလုံးသိပြီးသား မြန်မာအစားအစာတစ်မျိုးပါ။ ပဲပိစပ်ကို ပြုတ်ပြီး ရလာတဲ့ ပဲပြုတ်ရည်ကို အချဉ်ပြန်ဖောက်ထားတဲ့ ပုန်းရည်ကြီးကို ပုဂံနဲ့ အညာဘက်မှာ ရောင်းတယ်လေ။ ကြက်သွန်နီလေး ပါးပါးလှီးထည့်ပြီး နှမ်းဆီလေးနဲ့ သုပ်စားရင် စားလို့ကောင်းသလို ဝက်သားသုံးထပ်သား အတုံးကြီးကြီးကို ပုန်းရည်ကြီးနဲ့ နှပ်စားတာကလည်း လျှာကျွမ်းပြန်အောင် ကောင်းတဲ့ အစားအစာတစ်မျိုးပါ။

 

အရသာပိုင်းမှာ ရှယ်ကောင်းသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါပဲ။ ပဲပိစပ်ကနေ ပြုလုပ်ထားတော့ အာဟာရပြည့်ဝစေသလို အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။ ဆီးမှန်ဝမ်းမှန်တာက ပုန်းရည်ကြီးရဲ့ နာမည်ကျော် အာနိသင်တစ်ခုပါပဲ။ ဒါကြောင့်လည်း ပုန်းရည်ကြီးထမင်းသုပ်ကို ရွေးချယ်မိတာပေါ့။

လူကောင်ကြီးသလို အစားလည်းပုတ်တဲ့ ကိုယ့်အတွက် ပုန်းရည်ကြီးထမင်းသုပ်တစ်ပွဲတည်းနဲ့ မဝနိုင်တာသိနေတော့ အာလူးထမင်းသုပ်ကိုပါ မှာခဲ့သေးတယ်။ အာလူးထဲမှာတော့ ဗိုက်တာမင်စီနဲ့ ပိုတက်စီယမ် ကြွယ်ဝတယ်လေ။ နောက်ပြီး ကစီဓာတ်လည်း ပါဝင်မှုများတော့ စားလို့ကောင်းသလို ခန္ဓာကိုယ်အတွက် လိုအင်တဲ့ စွမ်းအင်တွေလည်း ရရှိတာပေါ့။ အဲဒါနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် အာလူးထမင်းသုပ်နဲ့ ပုန်းရည်ကြီးထမင်းသုပ်ကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

 

Ocean က ဝန်ထမ်းတွေဟာ သန့်ရှင်းမှုအပိုင်းကိုလည်း တော်တော်လေး ဂရုစိုက်ပါတယ်။ ထမင်းသုပ်သုပ်ဖို့ ပစ္စည်းကိရိယာ၊ တန်ဆာပလာတွေကိုလည်း သန့်သန့်ရှင်းရှင်းပဲ ထားထားတာကို တွေ့ရတယ်။ နောက်ပြီးတော့ မှာတုန်းကတော့ နည်းမယ်ထင်ထားတာ။ ရလာတော့ ထင်ထားသလောက် မနည်းဘူး။ ကိုယ့်လို အစားပုတ်တဲ့သူတောင် အဲဒီနှစ်ပွဲကို တော်တော်စားယူလိုက်ရတယ်။ ဘာပဲပြောပြော မြန်မာကျပ်ငွေ (၂၀၀၀) တည်းနဲ့ စားလို့လည်းကောင်း၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ အာဟာရလည်းပြည့်ဝတဲ့ ထမင်းသုပ် (၂) ပွဲကို တဝကြိတ်လိုက်ရတာ ကိုယ့်အတွက်တော့ တကယ်တန်ပါတယ်။ ပြန်အထွက်မှာတော့ အစာအိမ်ကို အစာကျွေးပြီးပြီဆိုတော့ မျက်စိကိုအစာလေးဘာလေးကျွေးခဲ့သေးတယ်လေ။

Share

Loading Next Article...
က္က